Disclosure of the cancer diagnosis ကင်ဆာလို့ ဘယ်သူ့ကိုပြောရမလဲ
စာကို ၂၀၁၅ ခုနှစ်က ရေးထားတယ်။ ပို့စ်တခုတွေ့လို့ ပြန်ပြီးတင်ပြပါတယ်။
ဗမာဆရာဝန်များ = ဟိုတနေ့က ဆေးရုံမှာ အသက် ၃ဝ ကျော်၊ အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေး လူနာတယောက် Retro positive ထွက်တာ၊ လူနာကို အရင်ပြောရမလား၊ လူနာစောင့်ကို အရင်ပြောရမလား ဝေခွဲမရဖြစ်နေတာ။ နောက်တော့ လူနာကို အရင်ပြောမယ်လို့ ဆုံးဖြတ်ပြီး လူနာစောင့်တွေကို အပြင်ထွက်ခိုင်းပြီး ပြောပြလိုက်တယ်။ လူနာက သူတယောက်ပဲ သိထားချင်တယ်တဲ့။ HIV အထူးကုနဲ့လည်း ဆရာပြောတဲ့အချိန် သွားပြပါ့မယ်တဲ့။ တခြားလူတွေကို မပြောပါနဲ့တဲ့။ တော်ပါသေးရဲ့၊ သူ့အရင်ပြောမိတာ။ အဲ့ဒါနဲ့ ရောဂါအမည်ကို လူနာကိုအရင်ပြောတာ ပိုကောင်းမယ်လို့ မှတ်လိုက်မိတယ်။
နောက်နေ့ကျတော့ အမျိုးသမီးကြီး၊ အသက် ၆ဝ ကို ရင်သားကင်ဆာကို လူနာနားသွားပြီး ရောဂါအကြောင်းပြောပြမလို့ ဆိုတော့ သူ့သားသမီးတွေက သိပ်မကြည်ဘူး။ မျက်နှာထားကြီးတွေတင်းသွားပြီး ဒီဖက်မှာပဲ လာပြောပါဆရာတဲ့။ အဲ့ဒါနဲ့ လူနာကို မေးကြည့်လိုက်တယ်၊ ရောဂါအကြောင်း ကိုယ်တိုင်နားထောင်မလား၊ သားသမီးတွေကနေတဆင့် နားထောင်မလားဆိုတော့ အင်းအဲနဲ့ ဘာမှ ပြန်မပြောဘူး။ အဲ့ဒါနဲ့ ကိုယ်ပဲဆုံးဖြတ်ပေးလိုက်တယ်။ ဒါဆိုလည်း သားသမီး တွေကနေတဆင့်ပဲ နားထောင်လိုက်တော့နော်ဆိုတော့ ဘာမှ မပြောပြန်ဘူး။ ခေါင်းလေးတောင်မညှိတ်ပြဘူး။ အဲ့ဒါနဲ့ သားသမီးတွေကိုပဲ ပြောပြလိုက်ရတယ်။ ဗမာပြည်မို့လို့ နိုင်ငံခြားလိုသာ တရားပြန်စွဲရင် ဒုက္ခ။ (လူနာကလည်း ခေါင်းလေးတော့ ညိတ်ပြသင့်တာပေါ့နော်။)
အဲတာ စိတ်ဝင်စားစရာ ဆရာဝန်တယောက်ရဲ့ တကယ့်အတွေ့အကြုံပါပဲ။
ကိုယ့်မှာကင်ဆာရှိနေတာကို ဆွေမျိုးတွေကိုထုတ်ပြောဘို့ သင့် မသင့် ဆုံးဖြတ်ရတာ အမြဲခက်ခဲတယ်။ တချို့ကို အချိန်ကောင်းစောင့်ပြီးမှ ပြောရတယ်။ ဘယ်တော့မှာ ဘယ်သူ့ကို ထုတ်ပြောမလည်းအတွက် တိကျတဲ့အချိန် သတ်မှတ်ချက်မရှိပါ။
ကင်ဆာကနေ အသက်ရှင်လာသူတယောက် အတွေ့အကြုံကတော့ -
ကျမအမေက ရင်သားကင်ဆာနဲ့ဆုံးထားတယ်။ ကျမယောင်းမက အဆုပ်ကင်ဆာနဲ့ဆုံးထားတယ်။ ကျမမှာ ရင်သား ကင်ဆာလို့ ရောဂါတွေ့ထားတယ်။ ကျမယောက်ျားကို ထုတ်ပြောရတာ ခက်ခဲတဲ့အဆုံးအဖြတ်ဖြစ်တယ်။ ကျမက သူ့ကို ပြောရမှာ သနားနေတယ်။
တိုင်ဝမ်မှာလုပ်ထားတဲ့ သုတေသတခုမှာ ကင်ဆာလူနာပေါင်း ၁၁၂ ယောက်ကိုလေ့လာခဲ့တယ်။
- ၇၉% ကိုလူနာကိုကင်ဆာလို့ပြောပြထားတယ်။ အဲဒီထဲက ၈၉% ကို သူတို့ရဲ့ဆရာဝန်ကနေ ကင်ဆာလို့ ပြောပြထားတယ်။
- အသက်ကြီးသူတွေနဲ့ ပညာအခြေခံနည်းသူတွေကို ကင်ဆာလို့ပြောဘို့ မသင့်လှပါ။
- ကင်ဆာလို့ပြောထားခံရသူတွေမှာ နာတာကိုခံစားကြရတာ နည်းတာတွေ့ရတယ်။ ကုသပေးရတာလည်း ထိရောက်တယ်။
မြန်မာပြည်မှာ ဘယ်ဘာသာရပ်မဆို သုတေသန မရှိသလောက်ရှားတယ်။ တခါတရံတွေ့တာကို လူတွေအများကြီးဖြစ်နေသလို ရေးတာမျိုး မကြာခဏတွေရတယ်။ လူနာတယောက်ကို အရပ်ဆေးနည်း တရက်နှစ်ရက်လောက်ပေးပြီး လူနာက သက်သာပါတယ်ပြောတာကို ပျောက်ဆေးလို့ ရေးကြတယ်။ နာမည်ကြီးနေတဲ့လို့ပြောရင် ၈၀% မှားပြီးသာမှတ်ပေတော့။ ကျွန်တော်တို့ ပြင်စရာတွေ အများကြီး။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment