Food puzzle စားလို့ လူကိုမဝစေတာဘာရှိလဲ

မြန်မာပြည်ကလူတွေမှာ အဝလွန်တာအဖြစ်မများပါ။ ပိန်ချင်လို့ မေးကြသူတွေအများစုကလဲ ခန္ဓာကိုယ်အချိုးအစား ကျချင်လို့နဲ့ ပိုပြီးလှချင်ကြလိုဖြစ်တယ်။ အမျိုးသမီးတွေဆိုရင် အိမ်ထောက်ရက်သားကျ၊ ကလေးမွေးရပြီမှ ပိုဝလာလို့ အလေးချိန် ချချင်ကြတယ်။ ပိန်နေသူတွေ ဝချင်လို့ အရပ်ပေးဆေးနည်းနဲ့ ဒုက္ခရောက်ရသူကပိုများတယ်။ 

ချမ်းသာဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာတော့ ကိုယ်အလေးချိန်အလွန်အကဲများတာက အမျိုးသားကျန်းမာရေး ပြဿနာကြီးဖြစ်နေတာ ကြာပါပြီ။ ကိုယ်အလေးချိန်ဟာ ကျန်းမာရေးကို သိသိသာသာသက်ရောက်တယ်။ လူမဝချင်ရင် (၁) အစားအသောက်ဂရုစိုက်ပါ၊ (၂) လေ့ကျင့်ခန်းလုပ်ပါ၊ (၃) လိုအပ်ရင်ဆေးသောက်ပါလို့သာ ဆရာဝန်တွေကပြောနိုင်တယ်။ မျိုးဗီဇအရ ဝနေတာကို ပြင်မရပါ။ 

ပိန်ဆေးတွေကို ရှာဖွေဖေါ်စပ်ပြီး ရောင်းတဲ့စီးပွါးရေးကလဲ အမြတ်အစွန်းကြီးမားလှတယ်။ ဆေးတိုင်းကို နိုင်ငံတိုင်းမှာ FDA ခေါ်တဲ့ ဆေးဝါးနဲ့ အစားအသောက်အာဏာပိုင်အဖွဲ့ကနေ ခွင့်ပြုချက်ရမှသာ တရားဝင်ရောင်းခွင့်ရှိတယ်။ မြန်မာနိုင်ငံလို ဥပဒေစိုးမိုးမှု အလွန်မတန် အားနည်းတဲ့နိုင်ငံများမှာသာမကပါ ကမာ္ဘ့ထိပ်တန်းနိုင်ငံတွေမှာလဲ FDA ခွင့်ပြုချက်မပါဘဲ ဆေးရောင်းတာတွေ ရှိတယ်။ 'အွန်လိုင်း' ဈေးရောင်းစနစ်ပေါ်လာတော့ ပိုပြီးလျော့ရဲမှုတွေရှိလို့ အသိအမှတ်ပြုမထားတဲ့ဆေးတွေ ပိုပြီးရောင်းနိုင်၊ ဝယ်နိုင်လာတယ်။

ပိန်ဆေးတွေရှိတယ်။ 

(၁) အဆီလောင်ကျွမ်းစေတဲ့ဆေး = Gamma linoleic acid DNP, Acai berry, Whey

(၂) အဆီပိတ်ပင်ဆေး = Chitosan, Guar gum hydroxycitrate

(၃) စားချင်စိတ်နည်းစေတဲ့ဆေး = Hoodia beta glucan, Acai berry, Whey, Guar gum hydroxycitrate, Leptin

(၄) ဇီဝဖြစ်စဉ်များစေတဲ့ဆေး = Bitter orange, Green coffee, Leptin

ဒီဆေးတွေကို FDA ကနေ အသိအမှတ်ပြုမထားသေးပါ။ ထိရောက်မှု အသင့်အတင့်သာရှိပြီး၊ ဘေးထွက်ဆိုးကျိုး သုတေသန နည်းသေးတယ်။ FDA က အသိအမှတ်ပြုပြီး ပိန်ဆေးဆိုတာ Belviq နဲ့ Qsymia ဆေးတွေသာဖြစ်ပါတယ်။

လူတွေကျန်းမာရေးနဲ့ညီညွတ်အောင်စားတတ်ဘို့ ဆရာဝန်တွေကနေ အကြံပြုချက်တွေ ထုတ်ပေးပါတယ်။ ဒါပေမဲ့ အစားအသောက် 'ပိရမစ်' ဆိုတာက ၁ဝ နှစ်တခါလောက် ပြောင်းလာနေရတယ်။ မကြာခင်ကထုတ်တဲ့ 'တိုင်းမ်မဂ္ဂဇင်း' မှာ ဆီ၊ အဆီ၊ 'ကိုလက်စထော'၊ ပြည့်ဝဆီနဲ့ 'ကာဗွန်ဟိုက်ဒရိတ်' (ကစီဓါတ်) တွေထဲမှာ ဘယ်ဓါတ်ကနေ လူကို ပိုဝစေသလဲနဲ့ နှလုံးရောဂါရစေသလဲဆိုတဲ့ ဆန်းစစ်မှုဆောင်းပါးရှည်ကြီးပါတယ်။ အဆီလျှော့စားပါ၊ 'ရဒ်မိ(တ်)' (အမဲသား၊ ဆိတ်သား) မစားပါနဲ့ဆိုတဲ့ ကျန်းမာရေး လမ်းညွှန်ပေါ်လာတော့ အဆီနည်းအစားအစာတွေ၊ အဆီထုတ်နွားနို့တွေကို ပြောင်းခဲ့ကြရတယ်။ အမေရိကန်တွေ အရင်ကဆိုရင် အမဲသားကနေ ကယ်လိုရီ ၃၄၉ ရအောင်စားခဲ့ပေမဲ့ အခု ၂၆၈ သာရတော့တယ်။ ၁၉၇၀ တုန်းက ဂျုံမှုံ့နဲ့ အစေ့အဆံမှုံ့တွေကနေ ကယ်လိုရီ ၄၂၉ ရပေမဲ့ ၂၀၁၀ မှာ ကယ်လိုရီ ၆၁၀ သာ ရတယ်။ 

ဒါပေမဲ့ နှလုံးရောဂါဖြစ်နှုန်းနဲ့ သေနှုန်းကို ဆန်းစစ်တဲ့အခါ သိသိသာသာ လျှော့မလာလို့ ဘာကြောင့်လဲ လုပ်ရပြန်တယ်။ အဆီနည်းစားပါဆိုတာကို ကောင်းကောင်းလိုက်နာကြပေမဲ့ 'ကယ်လိုရီ' များတဲ့ အသီးအနှံအစားအစာတွေကို အစားထိုးပြီး စားသောက်ကြလို့ လူတွေကမပိန်ဘဲ ဆက်ဝနေကြပြီး၊ ရောဂါတွေလဲအဖြစ်မနည်းတာလို့ယူဆလာတယ်။ ဒါကြောင့် 'ကယ်လိုရီ' သာ နည်းစေပါ၊ အဆီတိုင်းမကောင်းတာမဟုတ်ပါဖြစ်လာပြန်ပြီ။ "ထောပတ်စားပါ" ဆိုတာ 'တိုင်းမ်' မျက်နှာဖုံးဆောင်းပါးဖြစ်တယ်။ 

ထောပတ်ကုမ္ပဏီကနေ အရေးခိုင်းတာလား မသိပါ။ ကျွန်တော်က တစိတ်တပိုင်းသာ သဘောတူပါတယ်။ 'ဖတ်စ်ဖုဒ်' ခေါ်တဲ့ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို ပြောင်းစားတဲ့ယဉ်ကျေးမှုက ကူးစက်ရောဂါကြီးနဲ့ အကြောင်းခံတခုဖြစ်ပါတယ်။ ကမာ္ဘရွာကို ဥပမာပေးရင် အဲဒီ အစားအစာတွေကိုပါ ပေးလေ့ရှိတယ်။ 'ဟမ်းဘာဂါ'၊ 'ကေအက်ဖ်စီ'၊ 'ပီဇာ'။ 'မက်ဒေါ်နယ်လ်' အဲတာတွေကို 'ထရန့်စ်ဖက်' ခေါ်ဆီနဲ့ ချက်ပြုတ်ကျော်လှော်တာတွေပါ။ (စာတပုဒ်ရေးထားပါတယ်။)

ရောဂါတိုင်း၊ ကျန်းမာရေးအခြေအနေတိုင်းအတွက် ဆေးသုတေသနတွေ လုပ်နေတာကလဲ အကြီးအကျယ်ပါ။ ကျွန်တော်လဲ အချိန်ရတိုင်း ဆေးသုတေသနသတင်းတွေ တင်ပါတယ်။ ဆေးစွမ်းကောင်း အသစ်အဆန်းပေါ်လာရင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ သတိပေးချင်တာက အသစ်ဆိုတိုင်း တန်းပြီးမယုံပါနဲ့အုံး။ သုတေသနလုပ်ပြီးဖြစ်တယ်ဆိုတိုင်းလဲ စိတ်ချရပြီလို့ မအောက်မေ့ပါနဲ့အုံး။ ကြော်ညာကောင်းတွေရဲ့ လှည့်စားမှုကိုလဲ မခံချင်ကြပါနဲ့။ မိဘဘိုးဘွား၊ ရိုးရာအစဉ်အဆက် စားသောက်လာတာတွေကိုလဲ မေ့မပြစ်ကြပါနဲ့။ ခေတ်လဲနောက်မကျပါစေနဲ့။     ။

ဒေါက်တာတင့်ဆွေ

၃၀-၉-၂၀၁၄

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ