How to quit Alcohol အရက်ဘေးက ဝေးကြပါစေ

၁။ ဆရာ ကျွန်တော်အသက် ၃၅နှစ်ပါ၊ ညနေတိုင်း တောအရက်တပိုင် းအမြဲတမ်းသောက်လာတာ ၁ဝနှစ်ကျော်ပါပြီ၊ အခု ရင်ခေါင်းအောင့်ပြီး ရင်ပူတာ ၁လနီးပါးရှိပီဆရာ၊ ညတရေးနိူးမှဖြစ်ပြီး နံနက်ကျရင် သက်သာသွားပါတယ်၊ ကွမ်းလည်း စားပါတယ်၊ လမ်းညွုန်ချက်သောက်ရမယ့်ဆေးလေးသိပါရစေခင်ဗျာ။
၂။ ဆရာမင်္ဂလာပါရှင့် ကျွန်မအမျိုးက အရက်အရမ်းသောက်ပါတယ်ဆရာ။ ဒီရက်ပိုင်းပိုစိုးပါတယ်ရှင့်။ (ဆိုးပါတယ်လို့ ရေးရတယ်)။ အဲ့တာ အရက်ပြတ်အောင် ဘယ်လိုလုပ်ရမလဲရှင့်။ သူအသက်က ၃၆ နှစ်ပါရှင့်။
၃။ ကျမအသက်က ၃၃ နှစ်ပါ။ ကျမအမျိုးသားက၂၈ ပါ။ အမျိုးသားကို အရက်ပြတ်စေချင်လို့ပါဆရာ။ အရက်သောက်တာ ၃ နှစ်လောက်တေ့ာရှိပါပြီရှင့်။ သူငယ်ချင်းတွေနဲ့ အပျော်သောက်ရာက ခုမသောက်ပဲ မနေနိုင်အောင် ဖြစ်နေတာပါ။ အမျိုးသားကကျိုးစား(ကြိုးစား)ပြီးလျော့သောက်ကြည့်ပါတယ်။ မနက်တပိုင်းလောက် မသောက်ပဲနေတာနဲ့ လေတွေတက်တယ် ပျို့ပြီးအန်ပါတယ်။ လုံးဝနေလို့မကောင်းဘူးရှင့်။ အရက်ဖြတ်ဆေး ရှိတယ်လို့ ပြောပါတယ်ရှင့်။ အရမ်းလဲခံရတယ်လို့ကြားဘူးတယ်။ အမျိုးသားက ဟိုတုန်းကဘီယာလောက်ပဲသောက်တာ ခုမသောက်ရမနေနိုင်ဖြစ်တာ ၅လလောက်တော့ရှိပါပြီဆရာ။ အရက်ပြတ်နိုင်အောင် ဘယ်လိုဆေးနည်းများရှိမလဲ ညွှန်ကြားပေးပါဆရာ။ သူကအလုပ်လုပ်တာဆိုတော့ အပေါင်းသင်းနဲ့တွေ့ရင် အရက်ဘီယာကမကင်းနိုင်ပါဘူး။ သူခုလို အရက်မစွဲပဲမသောက်ပဲနေနိုင်အောင် ဘာလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဆရာရှင့်။
၄။ ကျနော်ရဲ့ မိတ်ဆွေတယောက်ရဲ့ သားအကြီးဆုံး တယောက်က ကုမ္မဏီကနေခေါ်လို့ (၃) နှစ်ကျော်ကျော်လောက် သွားအလုပ်လုပ်ပြီး အခုပြန်ရောက် နေပါပြီ။ ဒီကလေးဟာ အရင်က လိမ်လိမ်မာမာလေး ဖြစ်ပေမဲ့ အခုပြန်လာတော့ အရက်လဲစွဲလာသလို ဘာသာရေး ဘက်မှာလဲ ဘာသာမဲ့လို ဖြစ်လာပါတယ်။ ရဲစခန်းကတဆင့် စိတ်ရောဂါကုဆေးရုံကို တပါတ်လောက် တင်လိုက်ပါသေးတယ်။ အဲဒီကပြန်ရောက်လာ ပြန်တော့လဲ တခါထပ် ပြဿနာရှာလို့ ရဲအချုပ်ထဲ ပို့ထားပြီး ဒီတခါတော့ ခံဝန်ထိုး ခိုင်းလိုက်ပါပြီ။ ဆရာတို့ ကုထုံးတခုခုနဲ့ သူ့ကိုအရက်ဖြတ်လို့ ရနိုင်ပါသလား။ အခုမှ ၂၉ နှစ်ထဲရောက် ခါစဘဲရှိသေးပြီး သူ့ဘဝကို အချိန်မှီ အဖတ်ပြန်ဆယ်နိုင်အောင်လို့ တဖက်တလမ်းက အကူအညီကို တောင်းခံခြင်းဖြစ်ပါတယ်ခင်ဗျား။
အရက်ဖြတ်တဲ့သဘောက (၁) ဆိုးနေတာတွေဖြစ်ချိန်မှာ ပိုမဆိုးအောင်ထိန်းဘို့၊ (၂) သွေးထဲဝင်နေတဲ့အရက်အဆိပ်ကို မြန်မြန်ကိုယ်ထဲကနေ ထယ်ထုတ်ရေး၊ (၃) သောက်ချင်စိတ်နည်းအောင်လုပ်ရေးနဲ့ (၄) ပြန်လည်ထူထောင်ရေးတွေ ဖြစ်တယ်။ အရက်ဖြစ်စရက် ပထမနဲ့ ဒုတိယရက်တွေက အရေးကြီးတယ်။ ဆေးရုံတက်ကုသဘို့လိုနိုင်တယ်။ သောက်ထားခဲ့တဲ့ အရက်ဓါတ် (အဆိပ်ဓါတ်) တွေကို ကိုယ်ထဲကနေ မြန်မြန်ရှင်းထုတ်ဘို့ သွေးကြောထဲဆေးသွင်းတာ လုပ်ရလိမ့်မယ်။ ဆီးကောင်းကောင်းသွားရင် သက်သာလာတော့မယ်။
• Lorazepam (Ativan or Orfidal) ထိုးဆေး အရက်ဖြတ်စရက်မှာ လိုမယ်။ Anxiety disorders စိုးရိမ်စိတ်ကို အမြန်သက်သာစေမယ်။ အိပ်စေမယ်။ ကြွက်သားတွေပြေလျော့စေမယ်။ တက်တာရှိရင် သက်သာမယ်။ အသားဆေး-အကြောဆေး ထိုးပေးနိုင်တယ်။ Benzodiazepine အုပ်စုဝင်ဆေးဖြစ်တယ်။ ဒီအုပ်စုထဲမှာ diazepam (Valium), alprazolam (Xanax), clonazepam (Klonopin), flurazepam (Dalmane) စတာတွေ ပါသေးတယ်။ စားဆေး၊ ထိုးဆေးတွေလာတယ်။ အရက်ကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်နေသူကို IV ၁-၂ လုံး ထိုးရင် ဆေးထိုးအပ်နုတ်တာနဲ့ ငြိမ်ကျပြီး အိပ်ပျော်သွားမယ်။ Lorazepam Injection ထိုးဆေး၊ အကြောထဲထိုး၊ အသားထဲထိုး ၂ မျိုးလုံးရတယ်။ IV သွေးကြောထဲထိုးရင် ဆေးထိုးမိုးရေနဲ့ ရောသင့်တယ်။ ဖြေဖြေးထိုးသင့်တယ်။ ၁ မိနစ်မှာ 2 mg နှုန်းထက် မမြန်သင့်ဘူး။ အသက် ၁၈ နှစ်ကျော်သူတွေကို IM 0.05mg/kg နဲ့ အများဆုံး 4mg အသားဆေးထိုးတယ်။ IV သွေးကြောထဲထိုးရင် 0.044mg/kg (2mg) ထိုးရတယ်။ အိပ်ပျော်သွားမယ်။ အဲဒီဆေးအစား Diazepam Injection ထိုးဆေးလဲ သုံးနိုင်တယ်။ 2 mg to 20 mg I.M. or I.V. ပေးတယ်။ ဒီဆေးကို မိုးရေနဲ့မရောရပါ။
• Baclofen (Kemstro, Lioresal, Liofen, Gablofen, Beklo and Baclosan) ဆေးရဲ့ အားကောင်းချက်ကတော့ Alcohol dependence အရက်သောက်ရမှနေနိုင်တာကိုရော အရက်ဖြတ်လို့ ခံစားရမှာတွေကို သက်သာစေပြီး Alcohol cravings အရက်ကို ချဉ်ခြင်းတပ်နေစိတ်ကို ပျောက်စေမယ်။ အစမှာ တနေ့ကို 80mg ပေးပြီးနောက်မှာ မနက် 20mg ၁ ပြား၊ ည 20mg ၁ ပြားပေးတယ်။
• Benfinuron Forte (Benfotiamine, Folic Acid, Methylcobalamin, Vitamin B12, Vitamin B6) ဆေးကိုပါ တွဲပေးသင့်တယ်။ ဦးနှောက်နဲ့ အာရုံကြောတွေပေါ်သက်ရောက်ထားတဲ့ အရက်ဒဏ်တွေကို ကုစားဘို့ ဖြစ်တယ်။
• Disulfiram (Antabuse) ဆေးကနေ အရက်မှာပါတဲ့ Ethanol ဓါတ်ကနေဖြစ်လာတဲ့ Acetaldehyde ဓါတ် ဖယ်ရှားပြစ်ရေးကို တားဆီးပေးတယ်။ အရက်ဖြတ်ဆေးလို့ဆိုပေမဲ့ တကယ်တော့ ဒီဆေးနဲ့အရက်ဟာ ရန်သူတွေဖြစ်တယ်။ မတည့်ကြဘူး။ အရက်မူးနေသူကို ဆေးပေးလို့မရဘူး။ ဆေးနဲ့အရက်တွေ့ကြရင် ဓါတ်ပြုမှုတွေဖြစ်ပြီး မနေနိုင်အောင် ခံစားရမယ်။ ဆေးနဲ့အရက်တွေ့ကြရင် ၅-၁ဝ မိနစ်မှာ မျက်နှာတွေ နီမြန်းလာမယ်။ နှလုံးခန်မြန်မယ်။ အသက်ရှူမဝ ဖြစ်မယ်။ ပျို့-အန်မယ်။ ခေါင်းထိုးကိုက်မယ်။ စိတ်ရှုတ်ထွေးမယ်။ သတိလက်လွတ်ဖြစ်မယ်။ သွေးလျှောက်တာတွေ နည်းမယ်။ အရက်သောက်ထားပြီးနောက် ၁၂ နာရီအတွင်း ဆေးသောက်တာနဲ့ ဖြစ်စေမယ်။ Alcohol cravings အရက်သောက်ချင်စိတ်ကို မနည်းစေနိုင်ပါ။ တနေ့မှာ 500 mg ကနေ စပေးတယ်။ ၁-၂ ပါတ်ကြာပေးတယ်။ နောက်မှာ 250 mg ပေးတယ်။ ဒီဆေးကို တခြားရောဂါတွေမှာလဲ သုံးသေးတယ်။ ဝဲ၊ ကင်ဆာ။ Cocaine ကိုကိန်း စွဲနေသူတွေ ဖြတ်ရာမှာလဲ သုံးတယ်။
• Naltrexone (ReVia) ဆေးကတော့ အရက်ကြောင့် ကောင်းသလိုလိုဖြစ်တာကို နည်းသွားစေမယ်။ အရက် သောက်ချင်စိတ်လဲ နည်းစေမယ်။ ဒီဆေးက Disulfiram လိုမျိုး မခံစားရဘူး။ Vivitrol ဆေးက Naltrexone ထိုးဆေးဖြစ်တယ်။ Nitrest (5 mg) ဆေးပြားက အိပ်စေမယ်။ ည ၁ ပြားဆိုရတယ်။
• Oxazepam Anxozap (10 mg) ဆေးပြားကို စိတ်ငြိမ်စေဘို့ မနက် ၁ ပြား၊ နေ့လည် ၁ ပြားပေးတယ်။ အိပ်ချင်လိမ့်မယ်။ ရက်အကြာကြီးမလိုပါ။
• Rexipra (Escitalopram) ဆေးပြားက စိတ်ကျနေတာကို သက်သာစေမယ်။ မနက် ၁ ပြားဆိုရတယ်။
• Vitamin B 6 + B 12 ရောထားတဲ့အားဆေး ပေးရမယ်။ 5 D Drip + Multivitamin ရောသွင်းပေးသင့်တယ်။ အရက်ဖြတ်စရက်တွေမှာ ပါးစပ်ကနေ ရေ၊ အရည် သောက်နိုင်သလောက် သောက်စေရမယ်။
• Zolpidem (Ambien, Ambien CR, Intermezzo, Stilnox, Sublinox and Zolsana) ဆေးကတော့ အရက်ဖြတ်ကာစ အိပ်မပျော်တာအတွက် ပေးနိုင်တယ်။ ဆေးသောက်ပြီး ၁၅ မိနစ်ဆို အစွမ်းပြတယ်။ ၂-၃ နာရီကြာ အိပ်စေမယ်။ ညအချိန် ၁ ပြား၊ ဒါမှမဟုတ် ၁ ပြားခွဲပေးလေ့ရှိတယ်။
• Acamprosate (Campral) ဆေးက အရက်ကို တမ်းတစိတ်နည်းစေမယ်။ ဒီဆေးကလဲ Disulfiram လိုမျိုး မခံစားရဘူး။
• စိတ်ပညာပေး ဆွေးနွေးမှု ခံယူခြင်းဟာ အရေးပါတယ်။ ဆရာဝန်ကနေ မေးမယ်။ လွဲနေတာတွေကို ပြင်ပေးမယ်။ ဆွေးမျိုးမိဘတွေကနေ နားချ ဖြောင်းဖျတာနဲ့ မတူဘူး။ သက်သာလာရင် စည်းကမ်းချက်လေးတွေ ချပေးမယ်။ အစားအသောက်၊ အိပ်ချိန်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို အကြံပေးမယ်။ ဆေးတခုထဲနဲ့ အရက်ဖြတ်မရပါ။ အထူးကုဆရာဝန်ရဲ့ စိတ်ပိုင်းပြုပြင်ပေးမှုနဲ့ တခြားဆေးတွေလိုသေးပါတယ်။
ဘာလို့ အရက်သောက်ကြသလဲ။ HALT ဆိုတဲ့ အကြောင်းတရား ၄ ပါးရှိတယ်။ Hunger ဆာလောင်ခြင်း၊ Anger ဒေါသထွက်ခြင်း၊ Loneliness တကိုယ်တည်းဖြစ်ခြင်း၊ Tiredness မောပမ်းခြင်းတွေဖြစ်တယ်။ အရက်သောက်နေသူကို ဘယ်အကြောင်းတွေကနေ ဖြစ်စေသလဲ သိပြီး ပြုပြင်ရပါမယ်။
အစာစားဘို့ အားပေးမယ်။ ဒေါသထွက်ရတဲ့အခြေခံကို စစ်ဆေးမေးမြန်းပြီး မထွက်သင့်ဘဲထွက်နေတဲ့ဒါသကို ရှင်းပြမယ်။ ဥပမာ ဘောလုံးပွဲမှာ ကိုယ့်အသင်းမနိုင်ရကောင်းလားဆိုတဲ့ဒေါသကို ဘယ်လိုနည်းနဲ့မှ ပြင်မရတဲ့အတူ စိတ်ကို အေးချမ်းမှုနဲ့ နေဘို့ ရှင်းပြမယ်။ တကိုယ်တည်းမနေဘဲ အဖေါ်နဲ့၊ အဖေါ်မှာလဲ လူကောင်းသူကောင်းနဲ့သာရွေးပြီးနေဘို့ ပြောမယ်။ အရက်သမား၊ ဆေးသမားတွေကို ရှင်ခန်းဖြတ်ရမယ်။ ဘယ်သူမှမရှိရင် ဖေ့စ်ဘွတ်မှာ မိတ်ကောင်း ဆွေကောင်းတွေနဲ့ စကားပြောပါလေ။
လူကြီး၊ အမျိုးသမီး၊ ယောက်ျားလေး၊ မိန်းကလေး၊ ကိုယ်ဝန်ဆောင်တွေ အရက်ဘေးကဝေးကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ