Blood donation မြတ်သောနီသော သွေး

ဆရာ ‌သွေးဘဏ်‌‌တွေမှာ‌သွေးလှူရင် red blood cell အတွက်ပဲ ယူတာများမယ်ထင်ပါတယ်။ ဘာလို့လဲဆို တခါလှူပြ်ီးတိုင်း ၄ လချိန်းလို့ပါ။ တကယ်လို့ သွေးရည်ကြည်တို့ သွေးမှုံတို့ လှူချင်တယ်ဆိုရင် ဘယ်လို‌ဆောင်ရွက်ရမလဲ သိချင်ပါတယ်။ ကျ‌နော်က O+ ပါ။

လူကို ပဌမဆုံး သွေးသွင်းပြီး ဆေးကုသတာဟာ ၁၅-၆-၁၆၆၇ မှာ ဖြစ်တယ်လို့ သမိုင်းတင်ထားတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) လက်ထက်မှာ သိုးရဲ့သွေးနဲ့ ၁၅ နှစ်သားလေးကို သွင်းခဲ့တာပါ။ ကလး အသက်ရှင်ပါတယ်။ သွင်းပေးတဲ့ သွေးကလည်း နည်းနည်းလေးသာ ဖြစ်တယ်။ လူ့သွေးကို လူသွင်းလို့ ပဌမဆုံးအောင်မြင်ခဲ့တာကတော့ ၁၈၁၈ တုံးက ဗြိတိန်မှာဖြစ်တယ်။

လှူတယ်တန်းတယ်ဆိုတာ ကိုယ်ပိုင်တာတခုခုကို စေတနာနဲ့ အခမဲ့ အပြီးအပိုင် ပေးအပ်လိုက်တာမျိုး ဖြစ်ပါတယ်။ မျှော်ကိုးချက် ဘာမှမထားဘူး။ အလှူထဲမှာ ကိုယ့်သွေးသားကို လှူတာက ပိုကြီးမြတ်တယ်လို့လဲ ယူဆကြတယ်။ စေတနာပေါက်လို့ သွေးလှူရမဲ့ နေရာကိုလာလှူပြီး ပီတိနဲ့ ကုသိုလ်ယူပြီး ပြန်မယ်။ တချို့နေရာတွေမှာ ကြက်ဥနဲ့ အားဆေး ပေးတာကို လက်ခံယူခဲ့ရတတ်တယ်။ သွေးရောင်းသူတွေလဲ ရှိတယ်။ ဒီလို ရောင်းသူတွေကိုလဲ ကျေးဇူးတင်ရမှာဘဲ။ ဆေးဆိုင်တွေလိုပေါ့။ တချို့သွေးလှူသင်းတွေကတော့ “သွေးရောင်းဝယ်ရေးစနစ် ပပျောက်ရေး။ စေတနာ သက်သက်ဖြင့် လှူဒါန်းသည့် သွေးလှူရှင်များအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရေး” ဆိုပြီး ဆောင်ပုဒ် ရှိကြပါတယ်။ ကောင်းပါတယ်။

တခုခုအကြောင်းပြုပြီး၊ အုပ်စုလိုက် သွေးလှူကြတာလဲရှိတယ်။ မွေးနေ့၊ နှစ်ပတ်လည်နေ့ စတာမျိုး။ ဥပမာ “BG ခေါ် Blood Group သွေးအကူအညီပေးရေးအဖွဲ့ တည်ထောင်ခြင်း နှစ်ပတ်လည်နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲတွေကို ၁၃-၁၁-၂ဝ၁၁ နေ့ကစပြီး ဆောင်ရွက်ခဲ့တယ်” လို့ ဖတ်ရတယ်။ စစ်ပွဲဖြစ်နေချိန်မျိုးမှာ နိုင်ငံရေးအသိစိတ်နဲ့ လှူကြတာလဲရှိပါတယ်။ အိန္ဒိယရောက် မြန်မာ့အရေး လှုတ်ရှားသူတွေက (ကာဂေး) စစ်ပွဲမှာ အိမ်ရှင်နိုင်ငံက စစ်သားတွေအတွက် သွေးလှူဒါန်းခဲ့ကြသေးတယ်။

သွေးလှူမဲ့သူတွေကို ဘယ်လို ဆန်ခါတင်မလဲ၊ သဘောတူညီမှုကနေ စတယ်။ ငယ်ရွယ်သူတွေကို သူတို့မိဘကနေ ကိုယ်စားပေးလို့ မရဘူး။ တချို့နိုင်ငံတွေမှာ သွေးလှူသူနာမည်ကို မယူဘူး။ သွေးတခါ လှူမရသူဟာ တသက်လုံး မလှူရတော့တာ ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ်ဝန်ဆောင်နေသူတွေ သွေးလှူရင် အန္တရာယ်ရှိတယ်လို့ သက်သေ မပြနိုင်ပါ။ ဒါပေမဲ့ နောက်မှာလာလှူပါလို့ မေတ္တာရပ်ခံပါမယ်။

ပဌမဆုံးအဆင့်ကတော့ သွေးလှူရှင်ကို Blood Type သွေးအုပ်စုနဲ့ Screen စစ်တာလုပ်ရတယ်။ ABO နဲ့ Rh (D) တွေကို စစ်တယ်။ O (အို) သွေးကို Universal donor ဝေဿန္တရာသွေးလို့ ခေါ်ကြတယ်။ တကယ်တော့ Red blood cell သွေးနီဥ အတွက်သာ မှန်ပါတယ်။ Plasma (ပလာစမာ) သွေးရည်လှူတာကြတော့ AB ကသာ Universal donor ဖြစ်တယ်။

သွေးဖေါက်မယူခင် စစ်ဆေး-မေးမြန်တာလေး လုပ်ရတယ်။ အရင်ခေတ်ကတော့ ခပ်လွယ်လွယ်ပါ။ နောက်ဆုံး ဘယ်တုံးက သွေးလှူခဲ့ဘူးတယ် မေးမယ်။ အမြင်အရ ဖြူဖတ်-ဖြူရော်ဖြစ်နေ-မနေကြည့်မယ်။ သွေးခုန်နှုန်း၊ သွေးဖိအား၊ ကိုယ်ပူချိန် လောက်သာ စစ်တယ်။ ဖြစ်နိုင်တဲ့နေရာတွေမှာ Hematocrit or Hemoglobin (ဟီမိုဂလိုဘင်) စစ်မယ်။ “သွေးလှူမဲ့သူမှာ လှူလိုက်ရင် ဘာမှမဖြစ်စေဘို့သာဖြစ်တယ်။”

ခုခေတ်မှာတော့ ငှက်ဖျား၊ HIV (အိတ်ချ်အိုင်ဗွီ)၊ အသဲရောင်ရောဂါ (ဘီ) နဲ့ (စီ)၊ သွေးကတဆင့် ကူးစက်နိုင်တာတွေ ပါနေ-မနေ စစ်တယ်။ “ဒါကြတော့ သွေးသွင်းခံမဲ့သူအတွက် ကူးစက်ရောဂါ မဝင်စေဘို့ဖြစ်တယ်။” လိုအပ်ရင် ရှားပါးတဲ့ (အင်တီဘော်ဒီ) ဆိုတာလဲ စစ်မယ်။ Chagas disease နဲ့ West Nile Virus တွေလဲစစ်တယ်။ သိုလှောင်ထားတုံးက ဝင်လာနိုင်တဲ့ (ဗက်တီးရီးယား) သွေးမှုံထဲမှာ ပါ-မပါစစ်ရသေးတယ်။ နောက်ဆုံးမှာတော့ Cross-match သွေးလက်ခဲ့သူရဲ့ သွေးနဲ့ တိုက်ရိုက်-စစ်ဆေးတာလဲ လုပ်ပါမယ်။

HIV antibody test ဆိုတာ လက်ငင်း ပိုးဝင်ထားသူကို စစ်ရင် တွေ့မှာမဟုတ်ဘူး။ ဒါ့ကြောင့် p24 antigen ဒါမှမဟုတ် HIV Nucleic acid test စစ်နည်းကို သုံးရတယ်။ များသောအားဖြင့် လှူမဲ့သွေးမှာ STDs လိင်ကတဆင့် ကူးစက်ရောဂါ ပါ-မပါလဲ စစ်ပါတယ်။ သိထားဘို့က သွေးလှူဘဏ်ကနေ စစ်တာဟာ ရောဂါရှာတာမျိုး မဟုတ်ဘူး။ တကယ်ရောဂါမရှိဘဲနဲ့ မှားပြီး အပေါင်းပြတာမျိုး ရှိတတ်တယ်။ မှားပြီး အနုတ်ပြတာကတော့ ရှားတယ်။

ကိုယ်ခံအားနည်းနေသူတွေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း လှူတာတွေဆိုရင် Cytomegalovirus (CMV) ကိုပါ စစ်ဆေးရမယ်။ Neonatal transfusion မွေးကင်းစကလေးတွေကို သွေးသွင်းတဲ့အခါ ပိုပြီး ဂရုစိုက်ရတယ်။ Cytomegalovirus ဗိုင်ရပ်စ် ကိုပါ စစ်ရတယ်။ WHO ကနေ သတ်မှတ်-အကြံပြုချက်တွေ ထုတ်တားပေမဲ့ နေရာတိုင်းမှာ လိုက်နာနိုင်ကြတာတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

၂၆-၁၀-၂၀၁၃

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး