Infertility and TB တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း
၂။ ကျွန်မက အသက် ၃၁နှစ်ပါ။ ( - ) နိုင်ငံမှာ အလုပ်လုပ်နေသူ တယောက်ပါ။ အိမ်ထောင်ကျတာ ၁ နှစ်ခွဲ ကျော်ပါပြီ။ အခု ရာသီ မလာတာ ၁ လ (၅၄ ရက်) ကျော်ပါပြီ။ Pregnancy Test စစ်ကြည့်တော့လည်း Negative ပြပါတယ်။ ရှမ်းပျိုမေ သွေးဆေး သောက်တာလည်း ၁ ပတ် ကျော်ပါပြီ အခုထိ မထူးခြားသေးပါဘူး။ အရင်တခါကလည်း ရက် ၄၀ ကျော် သွားလို့ ဆေးခန်း ပြခဲ့ပါတယ်။ ကေသီပန် သောက်လိုက်တော့ အဆင်ပြေသွားခဲ့ပါတယ်။ ဒီတခါတော့ ကေသီပန်လည်း မသောက်ချင်တော့ပါဘူး။ ကလေးရှိနေရင် ဒုက္ခရောက်မှာလည်း စိုးရိမ်မိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က အဆုပ်ထဲ ရေဝင်တဲ့ ရောဂါ ဖြစ်ဖူးတော့ TB ဆေးကို ၆ လလောက် သောက်ခဲ့ပါတယ်။ ကျွန်မ Internet မှာ ဖတ်ဖူးတာတော့ TB ဆေး စားဖူးတဲ့ သူတွေက ကလေးရဖို့ ခက်တယ်တဲ့။ အခု ကျွန်မမှာ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ ဆေးခန်းပဲ သွားရမလိုလို၊ ဆေးတွေပဲ သောက်ရ မလိုလိုနဲ့ ဖြစ်နေပါတယ်။
တီဘီအတွက် ပေးတဲ့ဆေးတွေမှာ ဘေးထွက်ဆိုးကျိုး မများလှပါ။ တချို့မှာတော့ အသည်းကို ထိခိုက်စေနိုင်လို့ အသည်းရောင်ရောဂါ လက္ခဏာတွေကို သတိထားရတယ်။ ပျို့ချင်-အန်ချင်တာ၊ အစားအသောက် ပျက်တာ၊ ဆီး-မျက်လုံး ဝါလာတာ၊ ကိုယ်ပူကြာနေတာတွေဖြစ်ရင် ဆရာဝန်ပြရမယ်။ အခုမေးသူမှာ ဆေးတွေသောက်ထားပြီးဖြစ်လို့ စိုးရိမ်စရာ မလိုတော့ပါ။ ဘေးထွက်-ဆိုးကျိုးတွေထဲမှာ ကလေးမရစေတာ မပါတာ တွေ့ပါလိမ့်မယ်။
ဒါပေမဲ့ TB နဲ့ ကလေးမရနိုင်တာ ဆက်စပ်မှု အသေအခြာရှိပါတယ်။ မျိုးပွါးလမ်းကြောင်းမှာ တီဘီ ဖြစ်ရင် ကလေးမရတာ ဖြစ်ပါတယ်။ ယောက်ျားတွေမှာ ကျား-အစိမှာ တီဘီ ဖြစ်ရင် သူ့သုက်ရည်ထဲမှာ သုက်ပိုး မပါလို့ ကလေးမရတာ ဖြစ်နိုင်တယ်။ အမျိုးသမီးတွေမှာ သားအိမ် တီဘီ နဲ့ သားအိမ်ပြွန် တီဘီ ဖြစ်မှ ကလေးမရတာ ဖြစ်စေတယ်။
တီဘီ ပိုးဟာ ကိုယ်ထဲ ဝင်တုံးကတော့ အသက်ရှူလမ်းကနေ ဝင်ခဲ့တာပါ။ ခုခံစွမ်းကြောင့် အဆုပ် တီဘီ မရဘဲနေမယ်။ ပိုးတွေက အကုန် သေမသွားဘဲ ရှိနေနိုင်တယ်။ သွေးကနေတဆင့် တခြားနေရာတွေကို ရောက်သွားမယ်။ မျိုးပွါးလမ်းမှာ ပိုးတွေ ရောက်လာပြီး Genital TB မျိုးပွါးလမ်း တီဘီ ကနေ ကလေးမရတာ ဖြစ်စေနိုင်တယ်။
မျိုးပွါးလမ်းမှာ တီဘီ ဖြစ်နေတာကို ရောဂါရှာရတာ သိပ်မလွယ်ဘူး။ မျိုးပွါးလမ်းက အသားစထဲမှာရှိမဲ့ တီဘီပိုးကို မွေးယူစစ်ဆေးမှ သိနိုင်တယ်။ သားအိမ်ပြွန်ထဲက အသားစထုတ်ယူဘို့ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲသေးတယ်။ သားအိမ်ကို ခြစ်ပြီး ပိုးမွေးယူတာလောက်သာ လုပ်နိုင်တယ်။ ဒါလဲ ပိုးမွေးရတာ မလွယ်လှဘူး။ ဗိုက်ထဲကို ကရိယာထည့်ကြည့်တာ လုပ်နိုင်ရင်တော့ ကောင်းတယ်။
မျိုးပွါးလမ်းမှာ တီဘီ ဖြစ်နေရင် ပုံမှန်မဟုတ် သွေးဆင်းတာအပြင် အနာဖြစ်တာလဲ ရှိတတ်တယ်။ အထဲမှာ တီဘီ ပိုး-ရောဂါ ရှိနေပေမဲ့ လက္ခဏာမပြဘဲ ရှိနေတဲ့ Silent TB ကိုစစ်ဆေးဘို့ Reproductive molecular immunology' techniques for PAMP နည်း သုံးနိုင်ပါတယ်။ AFB smears, Polymerase Chain Reaction (PCR) tests, CT or MRI scanning or Ultrasound နည်းတွေနဲ့ စမ်းသပ်တယ်။
၁၉၈၉-၁၉၉၉ အတွင်း တီဘီရောဂါရှိတာ သေချာသူ အမျိုးသမီးပေါင်း ၃ဝ၈၈ ယောက်ကို ဆန်းစစ်မှုတွေ လုပ်တယ်။
• ၄၆ ယောက်မှာ မျိုးပွါးလမ်း TB ရှိတာတွေ့ရတယ်။
• သူတို့ရဲ့ ပျမ်းမျှ အသက်ဟာ ၃ဝ့၄ နှစ်ဖြစ်တယ်။
• ၁၇% မှာသာ ဗိုက်နာတယ်လို့ ခံစားရတယ်။
• ၇ ယောက်ကို အလုံး၊ ဒါမှမဟုတ် အနာတခုခုရှိလို့ ဗိုက်ခွဲရင်းကနေ တီဘီ ပါရှိနေတာသိရတယ်။
• ၃ ယောက်က ပုံမှန်မဟုတ်ဘဲ သွေးဆင်းလို့ သားအ်ိမ်ခြစ်ရာကနေသိတယ်။
• ၃၁ ယောက်ကတော့ ကလေးမရနိုင်တာကို ဆေးစစ်ရင်း တီဘီ ရှိတာ သိလာရတယ်။
အမျိုးသမီး မွေးလမ်း တီဘီ ဖြစ်နှုန်းဟာ တီဘီ ရောဂါသည်တွေထဲမှာ ၁့၃၂% ရှိတယ်။
• သားအိမ် တီဘီဖြစ်သူက ၇၂့၀၃%၊
• သားအိမ်ပြွန် တီဘီ က ၃၄့၀၄% ရှိတယ်။
• မျိုးဥအိမ် တီဘီ ဖြစ်သူက ၁၂့၉% နဲ့
• သားအိမ်ဝ တီဘီ က ၂့၄% ရှိတယ်။
မျိုးပွါးလမ်း TB ဟာ ကလေးမရတာထဲက အရေးပါတဲ့ အကြောင်းခံတခု ဖြစ်တယ်။ သူတို့ထဲက ၂% သာ ကလေးအကောင်းမွေးနိုင်ကြတယ်။ သားအိမ်ပြွန်မှာ ဖြစ်နေသူတွေကြတော့ ဆေးကုတာတောင် ကလေးမရ ဖြစ်တယ်။ IVF နည်းနဲ့သာ ကလေးရအောင် ကြိုးစားရတော့မယ်။
ရောဂါသိတာနဲ့ ချက်ချင်း ဆေးကုရမယ်။ ဆေးမတိုးတာ မဖြစ်တဲ့ မျိုးပွါးလမ်း တီဘီ ရှိသူတွေကို WHO ရဲ့ သတ်မှတ်ချက်အရ Directly Observed Treatment Short Course (DOTS) ၆ လ ဆေးပေးကုသစေတယ်။ မျိုးပွါးလမ်း တီဘီ ရှိသူထဲက ၂% ဟာ (MDR-TB) ဆေးမျိုးစုံ ခံနိုင်ရည်ရှိတဲ့ အမျိုးအစား ဖြစ်တယ်။ လိုအပ်ရင် ခွဲစိတ်တာပါ လုပ်ရသေးတယ်။
• မွေးလူနာ ၁၀၀၀ ရှိတိုင်း (< 2.5 kg) အလေးချိန်မပြည့်တဲ့ကလေး ၃၄၂ ယောက်ရှိတယ်။ တီဘီမရှိသူတွေထဲကဆိုရင် ၁၆၅ ယောက်သာရှိတယ်။
• (< 37 weeks) အချိန်စောမွေးသူ ၂၂၈ ယောက်ရှိတယ်။ တီဘီမရှိသူတွေထဲကဆိုရင် ၁၁၁ ယောက်သာရှိတယ်။
• မွေးကာစကလေးသေဆုံးမှု ၁၀၁ ယောက်ရှိတယ်။ တီဘီမရှိသူတွေထဲကဆိုရင် ၁၆ ယောက်သာရှိတယ်။
• (16-28 weeks) ဗိုက်ထဲကလေးသေဆုံးမှု ၂၀ ယောက်ရှိတယ်။ တီဘီမရှိသူတွေထဲကဆိုရင် ၂ ယောက်သာရှိတယ်။
ဘယ်နေရာမှာ တီဘီ ရှိရှိ TB ဆေးတွေသာ ပေးရတယ်။ ခပ်လွယ်လွယ် တွေးသူတွေက တီဘီ ဆေးတွေကြောင့် ကလေး မရတာလို့ ပြောချင်ပြောကြမယ်။ အမှန်က ကလေးမရလို့ တီဘီဆေးတွေပေးရတာသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment