Loudspeaker လော်စပီကာ မယဉ်ကျေးမှု

အခုရက်တွေမှာ အသံချဲစက်ဒဏ်မခံနိုင်လို့ ကာတွန်းတွေနဲ့ သတိပေးတာတွေ တွေ့တယ်။ ကာတွန်းတွေကတော့ ကောင်းပါရဲ့ လော်စပီကာသံကို မကျော်နိုင်ဘူးထင်တယ်။ သာရေး၊ နာရေး၊ လူစုလူဝေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဆေးကြော်ငြာ ဘယ်ဟာဖြစ်ဖြစ်ပါတဲ့ လောက်စပီကာအကြောင်း ထပ်လောင်းပြောလာကြတာတွေ မကြာခဏဖတ်ရတယ်။ 

မေးလို့ ရေးထာတယ်။ အသံကြိမ်နှုန်းတိုင်းတာခြင်းကို ဘယ်လိုခေါ်ပါသလဲ။ လူတယောက်ရဲ့နားက အသံ ဘယ်လောက်ထိ ခံနိုင်ပါသလဲ။ မြန်မာပြည်မှာ မနက်စောစော တရားခွေဖွင့်တဲ့ လော်စပီကာ။ နေ့လည်နေ့ခင်း ထီရောင်းတဲ့သူတွေ၊ ဆေးကြော်ငြာသူတွေ၊ ရုပ်ရှင်ပိုစတာ ကြော်ညာတဲ့သူတွေ စုံလို့ပေါ့ဆရာ။ အားလုံးက လော်စပီကာ သုံးကြတယ်။ နေပူတဲ့အချိန် ပိုခံစားရခက်တယ် ဆရာရေ။ ဆရာရောက်ခဲ့ဘူးတဲ့ နိုင်ငံတွေမှာ ကြားခဲ့ဖူးလားခင်ဗျာ။ ဒီမှာတော့ ဆူညံလို့။ အေးဆေးစွာနေတတ်တဲ့ ကျွန်တော် ၃၅ နှစ်ကျော်လာမှ စိတ်တိုတတ်လာပြီ။

အသံဆူညံမှုကို decibels (dB) နဲ့တိုင်းတယ်။ ပုံမှန်စကားပြောသံက 60 dB လောက်ရှိတယ်။ မြက်ရိတ်စက်သံက 90 dB လောက်ရှိတယ်။ ရော့ခ်တေးဂီတသံက 120 dB လောက်ရှိတယ်။ 85 dB အထက်ဆိုရင် နားအကြားကို အနည်းနဲ့အများ ထိခိုက်စေတယ်။ အသံအနိမ့်အမြင့်သာမကာ အဲတာကို ဘယ်တော့ခဏခဏကြားသလဲ၊ ဘယ်လောက်ကြာကြာ ကြားသလဲ ရှိသေးတယ်။

• ဆူညံမနေတဲ့ တေးဂီတ၊ စကားတိုးတိုးပြောတာ = 30 dB

• အိမ်တွင်းသာမန်ဆူညံသံ = 40 dB

• နောက်ခံတေးဂီတသံ = 60 dB

• ရုံးတွင်း၊ မိုင် ၆ဝ နှုန်းသွားနေတဲ့ကားတွင်းဆူညံသံ = 70 dB

• လေဟာနယ်စုပ်စက်သံ = 75 dB

• လမ်းပေါ်ကားအများကြီးသွားနေသံ၊ စားသောက်ဆိုင်ထဲကဆူညံသံ = 80-89 dB

• မြေအောက်လမ်းမှာ စကားအော်ပြောသံ = 90-95 dB

• မော်တော်ဆိုင်ကယ်သံ = 96-100 dB

• ကျောင်းကပွဲအသံ = 101-105 dB

• စက်တပ်လွှသံ = 106-115 dB

• ကားပြိုင်ပွဲသံ = 130 dB

• ရော့ခ်ခ်တေးဂီတပွဲ၊ အသံကျယ်ဆင်ဖိုနီတီးဝိုင်း = 120-129 dB

• သေနတ်သံ၊ သတိပေးဥသြသံ (ပေ ၁ဝဝ မှ) = 140 dB

• သံမဏိစက်ရုံအသံ = 110 dB

• Boeing 737 or DC-9 လေယာဉ်မဆင်းမီ = 97 dB

• သတင်းစာပုံနှိပ်တိုက် = 97 dB

• ခရီးသယ်တင်ကား (65 mph at 25 ft) = 77 dB

• စာကြည့်တိုက် = 44 dB

• တိတ်ဆိတ်နေတဲ့တောအရပ် = 30 dB

• အသက်ရှူသံ = 10 dB

• ၂၅ မီတာအကွာက ဂျက်လေယာဉ်တက်တဲ့အသံမှာ 150 dB ရှိလို့ နားစည်ကွဲစေနိုင်တယ်။

နယူးဒေလီမှာနေခဲ့ရစဉ်က မင်္ဂလာဆောင်မှာ အသံချဲ့စက်နဲ့သီချင်း ဖွင့်ကြဆိုကြတာ တနှစ်မှာ ၂ လလောက်သာ နားတယ်။ လူအများစုဝေးနိုင်တဲ့ ကွင်းကျယ်နေရာက အိမ်နဲ့ ပေ ၄-၅ဝ လောက်သာဝေးတယ်။ အဆိုးဆုံးကတော့ မင်္ဂလာဆောင်တိုင်း၊ ဒေဝါလီတိုင်း၊ ဘာသာရေးပွဲတိုင်း၊ ခရစ်ကက်ပွဲမှာ အမှတ်ရတိုင်း ဖေါက်ကြတဲ့ ဗျောက်သံတွေ။ နားမခံနိုင်ခဲ့ပါ။ ယူအက်စ်အေမှာတော့ ဘုန်းကြီးကျောင်းဘာသာရေးပွဲမှာ သီချင်းဖွင့်ချင်ရင် ဘေးအိမ်ကိုအရင်သွားပြီး မေတ္တာရပ်ခံရတယ်။ 

ကျွန်တော် ကျောင်းသားဘဝက အရပ်ထဲမှာ ဓါတ်စက်နဲ့ ဇာတ်တွေခဏခဏဖွင့်တော့ မင်းသား မင်းသမီးတွေ ဘယ်အချိန်မှာ ငိုချင်းရှည်ချမလဲက သိထားလို့ စက်ဘီးစီးပြီး တော်ရာထွက်ရာပြေးရတယ်။ မြန်မာပြည်မှာ သေနတ်သံတွေ ပျောက်ပါစေ။ ဗျောက်သံတွေ ပျောက်ပါစေ။ လောက်စပီကာသံတွေ တိုးပါစေ။ လော်စပီကာမယဉ်ကျေးမှုကို ပြင်သင့်ကြပါပြီ။ 

ဒေါက်တာတင့်ဆွေ

၂၈-၁၀-၂၀၁၉

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ