Paralysis လေဖြတ်ခြင်း

၁။ လေးစားရပါသောဆရာ ကျေးဇူးပြုပြီးတခုလောက်ဖြေကြားပေးပါအုန်းခဗျာ။ ဝေဒနာခံစားနေရသူအသက်၃၈နှစ်(ကျား) သွေးပေါင် ၁၃၀-၈၀ပါ။ အိမ်ထောင်ရှိပါသည်။ အရက် ကွမ်း ဆေးလိပ်သောက်ပါတယ်။ အလုပ်အကိုင်အတော်ပင်ပန်းတဲ့အလုပ်ကိုလုပ်ကိုင်ရပါသည်။ ဖြစ်တဲ့ရောဂါဝေဒနာက ရုတ်တရက် ပုံခနဲလှဲကျသွားပြီးမတ်တပ်ရပ်လို့မရတော့အောင် ခါးအောက်ပိုင်းလှုပ်လို့မရတော့တာပါ။ ယ္ခုလက်ရှိဖြစ်နေသူရဲ့လက္ခဏာကတော့ ခြေထောက်နှစ်ဖက်လုံးလှုပ်လို့လည်းမရ။ ပေါင်အရင်းကနေ ခြေဖဝါးအထိ။ သွေးထွက်အောင်ဆိတ်ဆွဲလည်း နာခြင်း ထိခြင်း မသိရ။ခြေထောက်နှစ်ဖက်လုံး လှုပ်လို့လည်းမရ ဖြစ်နေပါတယ်။ ခြေထောက်နှစ်ဖက်လုံးလည်း ထုံတယ်လို့ပြောပါတယ်ခဗျာ။

၂။ ဆရာခင်ဗျာ။ ကျနော်အသက် ၃ဝ ပါ။ အိပ်ရာထရင် လက်ကောက်ဝတ် နှစ်ဖက်လုံးကျင်နေပါတယ်။ ခဏနေရင်တော့ ပျောက်ပါတယ်။ ဘာကြောင့်ပါလဲဆရာ။ သွေးတိုးရောဂါ မရှိသူရော လေဖြတ်နိုင်ပါသလားခင်ဗျာ။

စာတပုဒ် ပို့မယ်။ မေးတဲ့သူမှာ အဲလိုဖြစ်နေတယ်လို့ ပြောတာတော့ မဟုတ်ပါ။ စမ်းသပ် စစ်ဆေးမှ သိပါမယ်။

Paralysis လေဖြတ်စေတဲ့ အကြောင်းတရားတွေကများတယ်။ အာရုံကြောစနစ်မှာ တခုခုဖြစ်ရာကနေဆက်ဖြစ်တယ်။ အဓိက အကြောင်း (၄) မျိုးကနေဖြစ်စေတယ်။

၁။ Stroke (ဆထုပ်ခ်) ခေါ် ဦးနှောက်သွေးကြောမတော်တဆဖြစ်မှု၊

ရောဂါဖြစ်နိုင်ခြေရှိသူတွေကတော့ သွေးတိုးရောဂါ၊ နှလုံးခုန်မမှန်တာ၊ ဆီးချို၊ မိသားစုထဲမှာ အဲလိုဖြစ်သူရှိတာ၊ (ကိုလက်စထော) များတာ၊ အသက်ကြီးလာတာ၊ နှလုံးရောဂါလဲရှိနေမယ်၊ ခြေထောက်ပိုင်းကို သွေးကြောတွေက ကျဉ်းလို့ သွေးလျှောက်တာလဲနှေးသူတွေ၊ လူအဝလွန်သူတွေ၊ အရက်သောက်များသူတွေ၊ အငန်နဲ့ အဆီစား များသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ မူးယစ်ဆေးတွေကို သုံးသူတွေ၊ အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေးသုံးသူ အမျိုးသမီးတွေလဲ ဖြစ်နိုင်တယ်။

၂။ Head injury ဦးခေါင်းဒဏ်ရာရခြင်း၊

၃။ Spinal cord injury ခါးရိုးဆစ်ထဲက အာရုံကြောမကြီးထိခိုက်မိခြင်း၊

၄။ Multiple sclerosis (မာလ်တီပယ်စကယ်လရိုးဆစ်) ရောဂါတွေဖြစ်တယ်။

အဖြစ်နည်းအကြောင်းတွေကတော့

- High-grade and Metastasise brain Cancer ဦးနှောက်ကင်ဆာများ၊

- Cerebral palsy Cerebral palsy မျက်နှာတခြမ်းလေဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်နေစဉ်ပိုးဝင်ခြင်း၊ မွေးဖွားစဉ် အလွန်ခက်ခဲခြင်း၊ အချိန်စောမွေးခြင်း၊ ကလေးဦးနှောက်ထဲသွေးယိုခြင်း၊ ကလေးဦးနှောက်ဖွံ့ဖြိုးမှုနည်းခြင်းတွေကနေ ဖြစ်စေနိုင်တယ်။

- Spina bifida မွေးရာပါ ခါးရိုးဆစ်မလုံရောဂါ၊

- Myelomeningocele ဦးနှောက်အဖုံးလွှာအိတ်ရောဂါ။

- Poliomyelitis ပိုလီယိုရောဂါ၊ Friedreich's ataxia ရောဂါ၊ Guillain-Barré syndrome ရောဂါ၊ Lyme disease ရောဂါ၊ Motor neurone disease ရောဂါ၊ Peripheral neuropathy အဖျားပိုင်းအာရုံကြောရောဂါ၊ ALS, Botulism ဆိုတဲ့ ရှားပါးရောဂါတွေကနေလည်း လေဖြတ်နိုင်တယ်။

- REM sleep အိပ်စက်ခြင်းမှာ ယာယီလေဖြတ်တာဖြစ်တယ်။ Pseudoparalysis အတုလေဖြတ်တာလဲရှိတယ်။

- Congenital syphilis ကလေးတွေ မွေးရာပါဆစ်ဖလစ်ကြောင့်လည်း ဖြစ်နိုင်တယ်။

ဖြစ်တော့မယ်ဆိုတာ တချို့က ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုရှိတတ်တယ်။ ကြိုတင်ပြတာ မရှိတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။ ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်ရင် ခေါင်းကိုက်မယ်။ ရုတ်တရက်၊ ပက်လက် အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။

တခြားလက္ခဏာတွေဆိုတာ ဘယ်လောက်ဆိုးသလဲအပေါ်မှာ မူတည်တယ်။ သတိတရား လျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊ နားအကြား အားနည်းသွားခြင်း၊ အရသာ ပျက်လာခြင်း၊ ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊ ချွေးစီးပြန်ခြင်း၊ စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊ မှတ်ဉာဏ်နည်းလာခြင်း၊ အမျိုရခက်လာခြင်း၊ အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊ ခေါင်းမူးခြင်း၊ ဆီး-ဝမ်း မထိန်းနိုင်ခြင်း၊ ကိုယ်ကို မထိန်းနိုင်ခြင်း၊ ပူးတွဲလုပ်ဆောင်စရာတွေအားနည်းလာခြင်း၊ ကြွက်သားတွေအားနည်းလာခြင်း၊ ထုံကျင်လာခြင်း၊ စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊ လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း။

ကုသတာမှာ ဖြစ်စေတဲ့အကြောင်းခံအပေါ်မူတည်တယ်။ အာရုံကြောဆိုတာ ဘာကြောင့်ဖြစ်ဖြစ် ပျက်စီးသွားပြီဆိုတာနဲ့ ပြန်မကောင်းပါ (အာရုံကြော ဆဲလ်တွေ အသစ်ပြန်မဖြစ်ပါ)။ ဖြစ်ကာစထက်တော့ ပိုကောင်းလာမှာမျိုးတွေရှိတယ်။ ပူးတွဲလုပ်ဆောင်မှု တိုးတက်လာနိုင်တယ်။ မျက်နှာတခြမ်းလေဖြတ်တာမျိုး (ဘဲလ်စ် ပေါ်လစီ) က ကုသမှုခံယူတာစောပြီး ထိရောက်ရင် လူကောင်းပြန်ဖြစ်နိုင်ပါတယ်။ ပိုဆိုးမသွားအောင် အနေအထိုင်ဆင်ခြင်ရတာတွေရှိမယ်။ ဥပမာ ကိုယ်လက်လှုပ်ရှားတာ။ ထပ်မဖြစ်အောင် အခြေခံရောဂါကို ကုသနေရမယ်။ ဆေးကုသတာမှာ လိုတာထက်ပိုပြီး မျှော်လင့်မထားသင့်ပါ။ ဆောရီး။ ကုန်ကျတာကိုလဲ အပိုမကုန်စေသင့်ပါ။ ကံတရားအားကိုးပါ။

ဒေါက်တာတင့်ဆွေ

Comments