Healthy New Year နယူးယီးယားဟူသည်

မြန်မာပြည်ကလူတွေက ဒီအရပ်မှာနေထိုင်သူတွေထက် တရက် အသက်ပိုကြီးကြတာကို အခုလို ပြက္ခဒိန်အသစ် ကူးတော့မဲ့ရက်မှာ သိသာတယ်။ ဒီဇင်္ဘာလ ၃၁ ရက်နေ့ည သန်ကောင်မတိုင်ခင်လေးမှာ ၁၀ ကနေ နောက်ပြန်ရေတွက်တဲ့ အလေ့အကျင့် တချို့နေရာဒေသတွေမှာ လုပ်ကြတယ်။ ပျော်ကြတယ်။

သတင်းမီဒီယာတွေကတော့ သမင်လည်ပြန် အင်တာဗျူးတွေ၊ တင်ဆက်မှုတွေ လုပ်ကြတယ်။ ဗမာ (မြန်မာ) လူမျိုးတွေက အပြုသဘောထားနိုင်အောင် ကြိုးစားလေ့ရှိကြတယ်။ အသစ်တခုအပြောင်းမှာ မင်္ဂလာလို့ သဘောထားနိုင်အောင်လည်း ကြိုးစားကြလေ့ရှိတယ်။

လာမဲ့နှစ်သစ်ကစပြီး အရင်က မပြုသင့် မလုပ်သင့်ခဲ့တာတွေ ပယ်မယ်၊ ပိုကောင်းတာတွေလုပ်မယ်လို့ ဆုံးဖြတ်နိုင်သူတွေလည်း ရှိပါတယ်။ နောက်နှစ်ထဲမှာ တရက်ဖြစ်စေ၊ တလဖြစ်စေ နှစ်ဟောင်းကထက် ပိုကောင်းအောင်နေနိုင်သူကို ချီးမွမ်းရပါမယ်။

ကျန်းမာရေးကိုတော့ ပဌမဦးစားပေး ဖြစ်စေချင်တယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ။ 

တကယ်တော့ ပြက္ခဒိန်သစ် ပြောင်းခြင်းဟာ စတိသဘောမျှသာဖြစ်ပါတယ်။ သက်ရှိတိုင်းရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ရောဂါဗဒ ပျက်စဉ်တွေဟာ ပြက္ခဒိန်ကို မကြည့်ပါ။ သက္ကရာဇ်တွေကိုလည်း မကြည့်ပါ။ မဟာသက္ကရာဇ်၊ သာသနာ သက္ကရာဇ်၊ ကောဇာသက္ကရာဇ်၊ မြန်မာသက္ကရာဇ်နဲ့ ခရစ်သက္ကရာဇ်။

ကနေ့သုံးနေကြတဲ့ အများသုံးပြက္ခဒိန်ကို ဂရီဂိုးရီးယန်ပြက္ခဒိန်လို့ ခေါ်တယ်။ ခရစ်ယာန်ပြက္ခဒိန်၊ အနောက်တိုင်း ပြက္ခဒိန်လို့လည်း ခေါ်ကြတယ်။ မြန်မာပြက္ခဒိန်သီးသန့်ရှိတယ်။ ရခိုင်မှာလည်း ရှိတယ်။ ထိုင်းမှာလည်း ရှိတယ်။ ကျန်းမာရေးကိုတော့ ပဌမဦးစားပေး ဖြစ်သင့်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments