NSAIDs အကိုက်အခဲပျောက်ဆေးများ

ဆရာရှင့် ကျမ၏မိခင် ၈၃ နှစ်ရှိသူသည် လွန်ခဲ့သော ၁ လခွဲခန့်က ခြေကျင်းဝတ်နေရာမှ နာခြင်း၊ ဒူးအောက်ပိုင်း အနည်းငယ်ရောင်ခြင်းတို့ဖြစ်ပါသည်။ အထွေထွေဆေးကုခန်းမှ ဆရာဝန်ကြီးက မနက် ဆီးဆေး-၁လုံး၊ နေ့လည်(လယ်) ငါးကြီးဆီ ၁ လုံး၊ ည Astymin အားဆေး ၁ လုံး၊ ၁ဝ ရက်စာပေး၍ စားပြီး အရောင်ကျ၊ သက်သာသွားပါသည်။ 9.12.13 နေ့တွင် ခါးနာပြီး မထိုင်နိုင်တော့ပါသဖြင့် အရိုးအကြောဆရာနှင့်ပြရာ ဓါတ်မှန်ရိုက်ပြီး ဆေး ၁ လုံးထိုးပေးပြီး စားဆေး ၁ ပတ်စာ ပေးပါသည်။ သက်သာမှုရှိသော်လဲ အိပ်ယာမှထ ထိုင်ရာတွင် ဖေးမပေးရခြင်း၊ ခဏသာ ထိုင်နိုင်သေးခြင်း၊ တဦးထဲ လမ်းမလျှောက်ရဲသေးခြင်း၊ တခါတရံ အိပ်ယာ(အိပ်ရာ)ထဲ ဘေးစောင်းပက်လက်ပြောင်းလျှင် စူးကနဲနာ၍ အော်ရခြင်း၊ ဆီးသွားသည့် အကြိမ်စိပ်လာခြင်း (တနေ့လျှင် ၇-၈ ကြိမ်ခန့်) တို့ ရှိနေပါသေးသည်။ ပုံမှန်အတိုင်း ကိုယ်တိုင် လမ်းလျှောက်နိုင် ထိုင်နိုင်ပြီး နာကျင်မှုမရှိစေရန် မည်သို့ ဆောင်ရွက်သင့်သည်ကို ညွှန်ကြားပေးစေလိုပါသည်ရှင့်။ မိခင်ကြီးသည် သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးချို၊ အစာအိမ် ရောဂါမရှိပါ၊ ဓါတ်မှန်အား ပူးတွဲပေးပို့အပ်ပါသည်ရှင့်။
ဓါတ်မှန်အရ အရိုးအားနည်းတာနဲ့ ခါးဆစ်ရောဂါရှိနေတယ်။ ဖြစ်တတ်ပါတယ်။ နာမယ် အနာသက်သာဆေးကိုဘဲ အားကိုးရမယ်။ ဆီးဆေး (ဆီးသွားစေတဲ့ဆေး) ကို တခါတလေမှသာ သောက်သင့်ပါတယ်။ ဆီးသွားများပြီး အားယုတ်မယ်။ အဲလိုနေ့မှာ ရေနွေးကြမ်း၊ အုန်းရည်၊ လိမ်မော်သီး၊ ငှက်ပျောသီး ပေးကျွေးရပါမယ်။ ပရိုတင်းဓါတ်နည်းလို့ ရောင်တာဖြစ်နိုင်ပါတယ်။ အသား၊ ပဲ (ပဲပုပ်) စားစေပါ။ စာ ၁ ပုဒ်လဲပို့ပါတယ်။
အနာသက်သာဆေးတွေမှာ သုံးပန်လှသတ္တိရှိကြတာများတယ်။ အများဆုံး နာတာအတွက် သုံးတယ်။ အဖျားလဲကျမယ်။ အရောင်လဲလျှော့မယ်။ အဆစ်နာတာ၊ အကြောနာတာတွေ သ်ကသာမယ်။ ခေါင်းကိုက်၊ အအေးမိ-ချောင်းဆိုး၊ ထိခိုက်ဒဏ်ရာရလို့ နာတာ-ရောင်တာ၊ ရာသီလာလို့ နာတာတွေအတွက်ပါ သုံးနိုင်တယ်။ Aspirin (အက်စပရင်)၊ Ibuprofen (အိုင်ဘူပရိုဖင်)၊ Naproxen (နက်ပရောက်ဆင်) နဲ့ Nabumetone (နဗြူမီတုံး) တွေကို အသုံးများတယ်။ (ပါရာစီတမော) လဲ အနာသက်သာစေပေမဲ့ ဆေးအုပ်စုက သပ်သပ် ဖြစ်ပါတယ်။ 
ဆေးစာမှာ (NSAIDs) Non-steroidal anti-inflammatory drugs (စတီရွိုက်) မပါတဲ့ အရောင်သက်သာဆေးတွေလို့ သတ်မှတ်ထားတယ်။ နေရာတကာမှာသုံးတယ်။ အိမ်တိုင်းမှာလဲ ရှိတတ်တယ်။ ဝယ်ရတာလဲ အင်မတန်လွယ်တယ်။ ထိရောက်မှုလဲ ရှိတယ်။ (စတီရွိုက်) နဲ့ အရောင်ဆိုတာကို အရင်သိဘို့ လိုမယ်။ 
(စတီရွိုက်) ဆိုတာ ဓါတုဗေဒအရ (အော်ဂဲနစ်) ဒြပ်ပေါင်းတွေ ဖြစ်တယ်။ ဆေးဝါးဗေဒအရ (ကိုလက်စထော)၊ (ခွန်အားတိုး-စတီရွိုက်)၊ (အီစထွာဒီယော) မိန်းမ-ဟော်မုန်း၊ (တက်စတိုစတီရုန်း) ယောက်ျား-ဟော်မုန်း နဲ့ (ဒက်ဆာမီသာဇုမ်း) အားလုံးပါတယ်။ (စတီရွိုက်) ကနေလဲ ရောင်ခြင်းဖြစ်စဉ်ကို တားပေးတယ်။ (စတီရွိုက်) ဆေးအမျိုးအစားက ပြင်းတယ်လို့ ပြောတာမမှန်ဘူး။ တလွဲမသုံးသင့်ဘူးပြောမှ မှန်တယ်။ ဒါတောင် အမေရိကားမှာ လူဦးရေ ၁% က တလွဲသုံးနေကြတယ်။ 
(အင်ဖလမေးရှင်း) ရောင်ခြင်းဖြစ်စဉ်ဆိုတာ ရောဂါဗေဒမှာ အခြေခံဖြစ်တယ်။ ကိုယ့်လက်ကိုယ် ရိုက်ကြည့်လိုက်ပါ။ အရိုက်ခံရတဲ့ နေရာမှာ အခြင်းအရာ ၅ မျိုး ဖြစ်လာတယ်။ နီ၊ ပူ၊ ရောင်၊ နာ၊ ဆိုတာတွေ ဖြစ်လာမယ်။ ဒါ့ပြင် ထိခိုက်ခံရတဲ့ (တစ်ရှူး) တွေက သူ့အလုပ်သူ မလုပ်နိုင်တာလဲ ပါသေးတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်တဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင် NSAIDs ဆေးတွေကို သုံးတယ်။ 
NSAIDs ဆေးတွေကနေ ရောင်တာ၊ ဖျားတာ နဲ့ နာတာကိုဖြစ်စေမဲ့ (ပရိုစတက်ဂလင်ဒင်) ဓါတ် ထုတ်ပေးရာမှာလိုအပ်တဲ့ Cyclooxygenase (COX) ခေါ်တဲ့ (အင်ဇိုင်းမ်) ကို တားဆီးပေးတာတယ်။ COX-1 နဲ့ COX-2 ဆိုပြီး ၂ မျိုးရှိတယ်။ 
• COX-1 အမျိုးအစားက သွေးမှုံတွေကို တက်ကြွစေမဲ့ (ပရိုစတက်ဂလင်ဒင်) ထုတ်ပေးလို့ အစာအိမ်နံရံ၊ အူနံရံတွေကိုလဲ အကာကွယ်ပေးတယ်။ ကျောက်ကပ်ကိုလဲ အကူအညီပေးတယ်။ 
• COX-2 inhibitors ကထူးခြားတယ်။ ရောင်တာကိုဖြစ်စေတဲ့ (အင်ဇိုင်းမ်) ကိုသာ ပြစ်မှတ်ထားလို့ အစာအိမ်နံရံကို မထိခိုက်စေဘူး။ ဒါပေမဲ့ နှလုံးရောဂါအတွက် မသုံးနိုင်ဘူး။ အဆစ်တွေထိခိုက်တာ၊ ရောင်တာတွေကို သက်သာစေတယ်။ အဆီနဲ့တွဲမစားသင့်ဘူး။ Antacids လေဆေးနဲ့ တွဲမပေးသင့်ဘူး။ ဈေးနဲနဲပိုကြီးတယ်။ ဆေးကို ရက်ကြာကြာပေးလို့ ရတယ်။
(၁) Aspirin (အက်စပရင်) 
• (အက်စပရင်) တမျိုးထဲကိုသာ (စထုပ်ခ်) နဲ့ နှလုံး (အတက်ခ်) ရမှာ ကာကွယ်ဘို့ သုံးတယ်။ (အက်စ်ပရင်) ကို သွေးမခဲစေအောင် သုံးတာဖြစ်တယ်။ ၄-၇ ရက်အထိ အချိန်ဆွဲပေးတယ်။ 
• Ankylosing Spondylitis, Osteoarthritis, Rheumatoid arthritis, SLE-associated arthritis and pleurisy အဆစ်နာအမျိုးမျိုး = တနေ့ 3 grams ကို အကြိမ်ခွဲသောက်ပါ။ 
• Fever Pain ဖျားတာ-နာတာ = 325 to 650 mg ကို ၄ နာရီ ၁ ခါ။ 4 g/day ထက်မများစေရ။
• Rheumatic Fever ရူမက်တစ်အဖျား = 80 mg/kg/day ကို ၆ နာရီတခါ။ 6.5 g/day ထက်မများစေရ။
• Myocardial Infarction နှလုံးသွေးကြောပိတ်ခြင်း = 160 to 162.5 mg တနေ့ ၁ ခါ၊ ရက် ၃ဝ ကြာ။ 
• Ischemic Stroke ဦးနှောက်သွေးကြောကျဉ်း = 50 to 325 mg တနေ့ ၁ ခါ။  
• Angina Pectoris နှလုံးကြောင့်ရင်ပတ်နာ = 75 mg to 325 mg တနေ့ ၁ ခါ။ 
• Angina Pectoris Prophylaxis နှလုံးကြောင့်ရင်ပတ်နာ ကာကွယ်ရန် = 75 mg to 325 mg တနေ့ ၁ ခါ။ ရက်အကန့်အသတ်မရှိ။
• Thromboembolic Stroke Prophylaxis သွေးကြောပိတ် ကာကွယ်ရန် = 75 mg to 325 mg တနေ့ ၁ ခါ။ ရက်အကန့်အသတ်မရှိ။ 
• Myocardial Infarction Prophylaxis နှလုံးသွေးကြောပိတ်ခြင်း ကာကွယ်ရန် = 75 mg to 325 mg တနေ့ ၁ ခါ။ ရက်အကန့်အသတ်မရှိ။ 
• Ischemic Stroke Prophylaxis ဦးနှောက်သွေးကြောကျဉ်း ကာကွယ်ရန် = 75 mg to 325 mg တနေ့ ၁ ခါ။ ရက်အကန့်အသတ်မရှိ။ 
• Coronary artery bypass graft နှလုံးသွေးကြောဆက်ထားခြင်း = 325 mg ခွဲစိတ်ပြီးနောက် ၆ နာရီမှစပြီး၊ တနေ့ ၁ ခါ၊ အနည်းဆုံးတနှစ်။ 
(၂) Ketorolac (Toradol) ဆေးကို သိပ်နာတာ ဥပမာ ကင်ဆာကြောင့်နာတာအတွက် ဘိန်းပါတဲ့ဆေးကိုသာ သုံးရမှာမျိုးကို ရက်တိုတို ပေးနိုင်တယ်။ ၅ ရက်ထက်ပို ကြာကြာပေးရင် အစာအိမ်ကို ထိခိုက်စေနိုင်တယ်။ ထိုးဆေးကို 15 to 60 mg ကို ၆ နာရီတခါ ထိုးပေးနိုင်တယ်။ တနေ့မှာ 60 or 120 mg ထက်မများစေရဘူး။ စားဆေးကို တခါသောက် ၁ ပြား၊ ၄-၆ နာရီတခါ ပေးတယ်။ တနေ့မှာ 40 mg ထက်မပိုရဘူး။
(၃) Celecoxib (Celebrex) ဆေးက COX-2 ကိုပိုသက်ရောက်တယ်။ COX-1 ကို နည်းနည်းသက်ရောက်တယ်။ အစာလမ်းကို သိပ်မထိခိုက်စေဘူး။ 100-200 mg တနေ့ ၁-၂ ကြိမ်။ Osteoarthritis အရိုး-အဆစ်ရောင်တာအတွက် 100 mg တနေ့ ၂ ကြိမ်၊ ဒါမှမဟုတ် 200 mg တခါတည်းသောက်။ Rheumatoid arthritis (ရူမက်တစ်) အဆစ်နာအတွက် 100 or 200 တနေ့ ၂ ကြိမ်။ Menstrual cramps ရာသီလာလို့ နာတာအတွက် 400 mg တခါတည်းသောက်ပါ။ လိုသေးရင် 200 mg တနေ့ ၂ ကြိမ်သောက်ပါ။ Familial adenomatous polyposis (FAP) ခေါ်တဲ့ မွေးရာပါ အူမကြီးထဲ အသားပိုလေးတွေကြောင့်နာတာအတွက် 400 mg တနေ့ ၂ ကြိမ်။
Vioxx နဲ့ Bextra တွေကို ဈေးကွက်မှာ ရောင်းခွင့် ပိတ်လိုက်ပြီ။ 
NSAIDs တွေရဲ့ ဘေးထွက်-ဆိုးကျိုးတွေက အန်၊ ပျို့၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အစားအသောက်ပျက်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အရေပြားအနီပြင်ထွက်၊ အိပ်ချင်။ တချို့ကို ခြေ-လက်ရောင်စေတယ်။ အဆိုးဆုံးဖြစ်စေတာက လေနာ၊ သွေးယိုတာ၊ ကျောက်ကပ်ထိခိုက်တာ၊ ရှားရှားပါးပါး အသဲထိခိုက်တာ။ ကလေးငယ်တွေကို Aspirin မပေးသင့်ဘူး။ ရေကျောက် နဲ့ တုပ်ကွေး ဖြစ်နေရာကနေ ဒီဆေးပေးရင် Reye's syndrome ခေါ်တဲ့ အသဲရောဂါရစေနိုင်တယ်။ 
NSAIDs ဆေးတွေကို အုပ်စုခွဲထားတယ်။
1. Salicylates 
- Aspirin (Acetylsalicylic acid) 
- Diflunisal 
- Salsalate
2. Propionic acid derivatives 
- Ibuprofen 
- Dexibuprofen 
- Naproxen 
- Fenoprofen 
- Ketoprofen 
- Dexketoprofen 
- Flurbiprofen 
- Oxaprozin 
- Loxoprofen
3. Acetic acid derivatives 
- Indomethacin 
- Sulindac 
- Etodolac 
- Ketorolac 
- Diclofenac (FDA ကနေ စိတ်ချရမှုကို သတိပေးထားတယ်။) 
- Nabumetone 
4. Enolic acid (Oxicam) derivatives 
- Piroxicam 
- Meloxicam 
- Tenoxicam 
- Droxicam 
- Lornoxicam 
- Isoxicam
5. Fenamic acid derivatives (Fenamates) 
- Mefenamic acid 
- Meclofenamic acid 
- Flufenamic acid 
- Tolfenamic acid
6. Selective COX-2 inhibitors (Coxibs) 
- Celecoxib (FDA ကနေ စိတ်ချရမှုကို သတိပေးထားတယ်။) 
- Rofecoxib (တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။) 
- Valdecoxib (တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။) 
- Parecoxib (FDA တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။) 
- Lumiracoxib (သြစတြေးလျ TGA က ပြန်ပိတ်လိုက်တယ်။) 
- Etoricoxib (FDA တရားဝင်ရောင်းချခွင့် ပိတ်ထားတယ်။ ဥရောပမှာရောင်းတယ်။)
7. Sulphonanilides 
- Nimesulide (အသဲကိုထိခိုက်စေနိုင်လို့ နိုင်ငံအတော်များများမှာ ပိတ်ထားတယ်။)
8. Others 
- Licofelone 
- Lysine clonixinate
Dr. တင့်ဆွေ
၂၁-၁၂-၂၀၁၃

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ