Protein Powder ပရိုတင်းပေါင်ဒါ

၁။ ဆရာခင်ဗျာ ကျွန်တော် အသက်၂၉ လူပျိုပါဗျာ Hyper ရောဂါဖြစ်နေသူပါ သိချင်တာလေးတခုက ကျွန်တော်အဲ့ရောဂါရှိနေလို့ gym ကစားသူတွေဖျော်သောက်တဲ့ ပရိုတိန်းအမှုန့်မျိုးကို သောက်လို့ရပါသလားခင်ဗျာ ရောဂါနဲ့တည့်လားခင်ဗျာ

လူတိုင်း ပရိုတင်းလိုကြတယ်။ အစားအသောက်တွေကနေ ရတယ်။ ပရိုတင်းဖြည့်စွက်စပေါ်တာ ဆယ်စုနှစ်တွေ သိပ်မကြာသေးပါ။ အားကစားသမားတွေ သုံးနေကြတယ်။ ကိုယ်အလေးချိန်များလိုသူတွေက သုံးကြတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ပရိုတင်းနည်းလွန်းတဲ့ကလေးတွေ များတယ်။

ပရိုတင်းပေါင်ဒါ အကောင်း-အဆိုး

သောက်ရတာ လွယ်တယ်။ ကိုယ်အလေးချိန်ကို တိုးစေ လျှော့စေလုပ်နိုင်တယ်။ များရင် ဘေးထွက် သက်ရောက်မှုတွေ ရနိုင်တယ်။ တချို့က အလာဂျစ်ဖြစ်တယ်။ ဈေးကြီးတယ်။ အကျိုးကျေးဇူးအတွက် သုတေသနလေ့လာမှုတွေ အမျိုးမျိုး အဖြေထွက်တယ်။ ထည့်မရေးတော့ပါ။ ပရိုတင်းပေါင်ဒါထဲမှာ ဟော်မုန်းတွေပါရင် ဟော်မုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရမယ်။

Supplement အားဖြည့်ဆေးများ သတိထား

၂။ ကျနော်သိချင်တာက မြန်မာလူငယ်တွေက ခန္ဓာကိုယ်ဖွံ့ထွားဖို့အဆီချဖို့လေ့ကျင့်မူကိုသိပ်မလုပ်ကြပဲ ဖြည့်စွက်စာ ပရိုတိန်းတွေပဲ အားကိုးနေကြတယ်။ အကျိုးဆက်က ဘယ်လို ဖြစ်နိုင်လဲလို့သိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

၃။ ဆရာရှင့် အခုတလော အသား ငါးနှင့်ပဲသွေးများမှာ ဖော်မလင်သုံးကြောင်းတွေ့ရပါတယ်။ ကြက်သားမစားရင် အသားဓာတ်ရအောင် ဘယ်အသီးအရွက်ကို စားသင့်ပါသလဲသိပါရစေရှင့်။

ဖေ့စ်ဘွတ်မှာရေးကြတဲ့ တခြားဟာတွေတော့ သိပ်မသိပါ။ ဆေးဝါးတွေနဲ့ ကြော်ငြာဆေးတွေတော့ အကုန်သိတယ်။ အမှားတွေ များတယ်။ အလွဲတွေ များတယ်။ ခြိမ်းခြောက်တာတွေ များတယ်။ ဆွဲဆောင်တာတွေ များတယ်။ ဝင်ချင်အောင်ဖြဲခြောက်တာတွေ များတယ်။ ပိုက်ဆံလိုချင်လို့ ကောင်းပါတယ် ပြောတာ များတယ်။

ပရိုတင်းကို အရင်က အသားဓါတ်လို့ခေါ်တယ်။ သိပ်မမှန်လို့ ခေါ်တော့ပါ။ ပရိုတင်းဆိုတာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်တဲ့ အမိုင်နိုအက်စစ်တွေ ပါဝင်တယ်။ ပျက်စီးသွားတဲ့ တစ်ရှူးတွေ၊ ဆဲလ်တွေ အစားထိုးဘို့နဲ့ အဲတာတွေ အသစ်ပြန်လုပ်ဘို့ အသုံးကျတယ်။ ဖွံဖြိုးမှုမပြည်စုံတဲ့ကလေးငယ်တွေအတွက် မရှိဖြစ်ပါ။

ပရိုတင်းကို အသားအမျိုးမျိုး၊ ပင်လယ်စာတွေ၊ ပဲပုပ်အပါအဝင် ပဲအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အစေ့အဆံ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကရရှိတယ်။ နို့စိုရ သောက်ရတဲ့ကလေးတွေ အပို မလိုပါ။ ကိုယ်အလေးချိန် ၇ဝ ကီလိုရှိသူအတွက် တနေ့ ပရိုတင်း ၇ဝ ဂရမ်လိုအပ်တယ်။ အစာလမ်းကိုကောင်းစေတဲ့ ဖိုင်ဗာဆိုတာ အသီးအနှံတွေမှာပါတယ်။

မက်မွန်သီး၊ စွန်ပုလွန်သီး၊ ထောပတ်သီး၊ စတဲ့အသီးတွေမှာလည်း ပရိုတင်းပါတယ်။ ဟင်းနုနွယ်ရွက်၊ ကာလီရွက်၊ မုန်လာပွင့်၊ ဘရိုကိုလီ၊ ပဲပင်ပေါက်အမျိုးမျိုး၊ မှိုတွေမှာလည်း ပရိုတင်းပါတယ်။

အသားနဲ့အတူပါနေတဲ့ အဆီဓါတ်ကိုသတိထားရမယ်။ တချို့အဆီတွေက ကျန်းမာရေးအတွက်မကောင်းပါ။ မတည့်သူတွေ အလာဂျီရတတ်တယ်။ တချို့လူတွေအတွက် အမဲသား ဆိတ်သားဟာ ကြက်သားလောက် ကျန်းမာရေးအတွက် မကောင်းပါ။ ပရိုတင်းများတာက နှလုံးသွေးကြောရောဂါရှိသူတွေနဲ့ ဆီးချိုရှိသူတွေအတွက် မကောင်းပါ။ ငါးက ကောင်းတယ်။ ကင်ဆာအတွက်တော့ သုတေသန လုပ်နေဆဲသာရှိတယ်။ များတာထက် ပရိုတင်းအမျိုးအစာကို ပိုသတိထားရမယ်။ ဥပမာ အူမကြီးကင်ဆာ။ ပရိုတင်းများတာ အရိုးအားနည်းစေနိုင်တယ်။ အဲဒီရောဂါကို သွေးဆုံးအမျိုးသမီးတွေသတိထားသင့်တယ်။

အသားတွေကနေရတဲ့ပရိုတင်းထဲမှာ အဆင်ရှယ်အမိုင်န်ိုအက်စစ်ဓါတ်အစုံပါတယ်။ သက်သတ်လွတ်စားရင် အစုံမရနိုင်ပါ။

၄။ မင်္ဂလာပါဆရာ။ ယနေ့ခေတ် လူကြီးလူငယ်ကြားထဲ body fitness က ရေပန်းစားနေပါတယ်ဆရာ။ Weight Gain ကစားသလို Weight Lost ကစားတဲ့လူတွေလဲရှိပါတယ်။ အထူးသဖြင့် Weight gain ဆော့နေတဲ့လူတွေ ကြားမှာ ကစားတာအပြင် Weight တက်ဖို့ Protein တွေပါ သောက်နေကြပါတယ်။ Whey Protein, Casein, Mass Gainer တံဆိပ်အမျိုးစုံ Protein မျိုးစုံပါဘဲခင်ဗျ။ ခက်တာက စားသုံးသူတွေဟာ ဒီ Food Supplement တွေကို ဘယ်လို ဘယ်ချိန်မျိုးမှာ သောက်ရမှန်းမသိသလို Side Effect တွေကိုလဲ ကောင်းကောင်းမသိဘဲ သောက်နေကျတဲ့လူတွေ အများကြီးဖြစ်နေပါတယ်။ ဆရာ့အနေနဲ့ ဒီ Protein တွေရဲ့ Usage, Side Effect စသဖြင့် အသေးစိတ်ရေးပေးမယ် ဆိုရင်တော့ဖြင့် စားသုံးသူကြား ကျန်းမာရေးအကျိုး အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။ Internet ထဲရှာသမျှ ဒီ Supplement အကြောင်း Advertisement ဘက် ဦးတည်နေတဲ့အတွက် Side effect ကိုတိတိပပ မသိရပါ။ စာအရေးအသားနဲ့ စာလုံးပေါင်းမှားရင်လဲ ခွင့်လွှတ်နားလည်ပေးပါခင်ဗျ။ ကျေးဇူးတင်ပါတယ်။

ကိုယ်ကာယဖွံ့ဖြိုးလိုသူတွေ ပရိုတင်းဓါတ်လိုတာမှန်တယ်။ လူတိုင်းဟာ နေ့တိုင်း ပရိုတင်းစားနေကြပါတယ်။ အသားမစားတဲ့သူလည်း ပဲကနေရတယ်။ တခြားအစားအစာတွေကနေလည်း ပရိုတင်းရနေကြတယ်။ ပရိုတင်းနာမည်နဲ့ ဆေးတွေရောင်းကြတယ်။ နည်းနည်းစဉ်းစားကြည့်ပါ။ ပုလင်းနဲ့ရောင်းတဲ့ သံပရာရည်နဲ့ အခု ဓါးနဲ့လှီး အခု ရေ + သကြား + ဆားနဲ့ဖျော်တဲ့ သံပရာရည် ဘယ်ဟာကောင်းမလဲ။ အသားဟင်းတခွက်နဲ့ ဗူးနဲ့ရောင်းတဲ့ပရိုတင်း ဘယ်ဟာကောင်းမလဲ။

ဆေးတွေထဲမှာ ပရိုတင်းအပြင် ဟော်မုန်းဆေးတွေထည့်တတ်ကြတယ်။ ဥပမာ တက်စတိုစတီရုန်း။ ဟော်မုန်းမှန်သမျှ သတိထားရတယ်။ လူတိုင်းမှာ ကိုယ်ပိုင်ဟော်မုန်းတွေရှိတယ်။ ကျား-ဟော်မုန်းနဲ့ မ-ဟော်မုန်းတွဲရှိတယ်။ အချိုးကျနေရတယ်။ အချိုးအစားလွဲသွားရင် မိမွေးတိုင်း ရုပ်ရော စိတ်ပါမဟုတ်တော့ပါ။ ဟော်မုန်းလွန်သွားလို့ ရင်းစားပြန်ရအောင်လုပ်ဘို့လည်း အင်မတန်ခက်တယ်။ ဝဆေးသောက်သူတွေကို ကြည့်ပါ။ Food and diet writing links အစားအသောက်နဲ့ အာဟာရစာတွေ (၇ဝ) ကျော်ရေးထားတယ်။

Protein for Men နဲ့ Protein for Women လို့ ယောက်ျား-မိန်းမ ပရိုတင်းရယ်လို့ရောင်းတယ်။ အသားဆိုင်သွားမေးပါ ယောက်ျားအတွက် ကျား-မ အတွက် အသားသပ်သပ်ရောင်းသလားလို့။ ကြော်ငြာဆေးထဲမှာ ပရိုတင်းမဟုတ်တာတွေပါ ပါလို့ဖြစ်မယ်။ ကိုယ့်ရုပ်သွင်ကို ပြင်ချင်သလို စိတ်ကိုလည်း ပြင်နိုင်ရင် တန်ဖိုးရှိသူ ဖြစ်ပါလိမ့်မယ်။

ရေပန်းစား၊ ပေါ်ပြူလာဖြစ်၊ ခေတ်စား၊ လူပြောများ၊ အရမ်းအရမ်းတို့ဆိုရင် ကြော်ငြာ ၉၅% ဖြစ်တယ်။ ဆေးသုတေသန မစုံလင်တဲ့ဆေးဖြစ်ပါတယ်။ လူ ၂ ယောက်လောက်ပြောရင် လူပြောများနေတဲ့လို့ မေးခွန်းတွေမှာပါတယ်။ ဆော့စကားလုံး အသုံးမမှန်ပါ။ ဆော့တာက စည်းစနစ်နည်းတယ်။ ကစားနည်းတိုင်းမှာ စည်းကမ်းလိုက်နာကြရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ