TACE အသည်းကင်ဆာ ကုသမှုတွင် အသုံးအများဆုံး ကုထုံး

(သို့) အသည်းတွင်းသို့ ကင်ဆာဆေးဖြန်းခြင်း 

TACE ဆိုတာ Trans-Arterial Chemo Embolization ကို ဆိုလိုပါတယ်။ မြန်မာလို ဘာသာပြန်ရရင်တော့ “အသည်းတွင်းသို့ ကင်ဆာဆေးဖြန်းခြင်း” လို့ အနီးစပ်ဆုံး ပြောဆိုနိုင်ပါတယ်။

TACE ဆိုတာဘာလဲ

- အသည်းကင်ဆာသည် အခြားသော ကင်ဆာတွေ နဲ့ ကွဲပြားမှုအချို့ ရှိပါတယ်။

- ဥပမာ - အခြားသော ကင်ဆာရောဂါတွေမှာ “ကင်ဆာဆေးသွင်းခြင်း” လို့ ခေါ်တဲ့ Systemic Chemotherapy သည် ထိရောက်တာရှိပါတယ်။ အသည်းကင်ဆာမှာတော့ အဲ့လို Chemo သွင်းပြီး ကုသမှုက ထိရောက်မှုနည်းတာကို တွေ့ရပါတယ်။

- ဒါကြောင့် အသည်းကင်ဆာရဲ့ ကုထုံးတွေသည် အခြားကင်ဆာတွေရဲ့ ကုသနည်းတွေနဲ့ အနည်းငယ် ကွာခြားမှုတွေ ရှိပါတယ်။

- အခုပြောတဲ့ TACE ဆိုတာ အသည်းကင်ဆာ ကုသမှုတွင် အသုံးအများဆုံး ကုထုံးတခုပဲဖြစ်ပါတယ်။

TACE က ဘယ်လိုနည်းဖြင့် အသည်းကင်ဆာကို ကုသပေးနိုင်သလဲ?

- အသည်းကင်ဆာအကျိတ်တွေကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေရှိပါတယ်။ အဲ့ဒီသွေးကြောတွေကို သွားပြီးပိတ်လိုက်ခြင်းဖြင့် ကင်ဆာအကျိတ်ရဲ့ ကြီးထွားလာမှုကို လျော့နည်းအောင် လုပ်နိုင်ပါမယ်။

- အသည်းကင်ဆာ အကျိတ်ဆီကို တိုက်ရိုက်သွားပြီး ကင်ဆာဆေးဖြန်းကာ တချိန်ထဲမှာပဲ ထိုသွေးကြောကို ပိတ်ဆို့လိုက်ခြင်း (Embolization) ဖြင့် ကုသပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

- ပေါင်မှာရှိတဲ့ သွေးလွှတ်ကြော (Femoral Artery) ကနေတဆင့် အသည်းသွေးလွှတ်ကြော (Hepatic Artery) အထိ  ကိရိယများအသုံးပြုကာ ဘယ်သွေးကြောက ကင်ဆာအကျိတ်ကို အဓိက ထောက်ပံ့ပေးနေလဲဆိုတာရှာဖွေပါတယ်။

- ထို့နောက် ကင်ဆာဆေးကို အသည်းကင်ဆာအကျိတ်ဆီတိုက်ရိုက်ဖြန်းပါတယ်။

- ပြီးရင်တော့ ထို သွေးကြောကို ပိတ်စေဖို့ ဆေး ကိုထိုးကာ ကင်ဆာဆေး အကျိတ်အတွင်းမြဲစေဖို့ ကုသတဲ့ နည်းလမ်းတမျိုးဖြစ်ပါတယ်။

- သိစေလိုတာက အသည်းကင်ဆာပျောက်သွားဖို့ ရည်ရွယ်တာတော့ မဟုတ်ပါဘူး။

- ကင်ဆာအကျိတ် ဒီထက်ပိုမကြီးအောင်၊ တခြားသော နေရာတွေဆီ ကင်ဆာပျံ့မသွားအောင် အဓိက ရည်ရွယ်တဲ့ ကုသမှုဖြစ်ပါတယ်။

ဘယ်လိုလူနာတွေအတွက် ကုသပေးနိုင်ပါသလဲ?

- အသည်းကင်ဆာလူနာတိုင်းကို TACE နည်းနဲ့ မကုသပါဘူး။

- ဒါပေမယ့် အသည်းကင်ဆာလူနာအများစု (၆၀-၇၀%) မှာတော့ TACE သာလျှင် သင့်တော်တဲ့ အခြေအနေမျိုးရှိပါတယ်။

- အကြောင်းက အသည်းကင်ဆာလူနာ အများစုသည် စောစောစီးစီး သိပြီး ပျောက်ကင်းအောင် ကုသနိုင်တဲ့ အဆင့် - BCLC Stage 0 နဲ့ Stage A တို့လို အဆင့်တွေမဟုတ်တဲ့ အတွက် ဖြစ်ပါတယ်။

- အသည်းကင်ဆာအဆင့် သတ်မှတ်ချက် (BCLC Stage) “0” လူနာများ (Very Early Stage) အတွက် ဘယ်လိုကုသမှုတွေ ပေးနိုင်လဲ ဆိုတာကို ဒီပို့စ်မှာ 👉🏻 https://www.facebook.com/100063542447716/posts/pfbid02qAo1rGbfBkLL29FTiSwVQAeLxfkJ1n1imUK6g7dJ8s7Jvzbf9w8Nm6bXTKbeqtiFl/?mibextid=cr9u03 ပြောပြထားပါတယ်။ ဖတ်ကြည့်ပါ။

- အခု TACE ကိုတော့ အသည်းကင်ဆာအဆင့် သတ်မှတ်ချက် (BCLC Stage) “B” လူနာတွေအတွက် အဓိကထားပြီး အသုံးပြုကုသရပါတယ်။

- ဒီလိုပြောလို့ BCLC Stage B လူနာတိုင်းက TACE နဲ့ ကုရလားလို့ မေးရင်လည်း မဟုတ်ပြန်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ဆရာဝန်များရဲ့ လမ်းညွှန်မှုအတိုင်းသာ တိုင်ပင်ပြီး ကုသမှုကို ဆောင်ရွက်ကြရပါမယ်။

အသည်းကင်ဆာအဆင့် သတ်မှတ်ချက် (BCLC Stage) “B” လူနာတွေဆိုတာ ဘယ်လို လူနာတွေလဲ?

- ကင်ဆာသည် အသည်းမှာပဲ ရှိနေပြီး အသည်းပြင်ပကို ပျံ့နှံ့ရောက်ရှိနေခြင်း မရှိတဲ့ အပြင်

- အသည်းမှာ ကင်ဆာအကျိတ် (၃) လုံးထက်များကာ 

- အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ ပျက်ယွင်းမှုမရှိသေးတဲ့ 

လူနာတွေကိုတော့ BCLC Stage B လူနာတွေလို့ သတ်မှတ်ပါတယ်။

နောက်ဆုံးပေါ် Guideline တွေအရရယ်၊ လေ့လာတွေ့ရှိချက်တွေအရရယ် ပြောရရင်

- အချို့သော BCLC Stage B လူနာတွေကို အသည်းအစားထိုး ကုသခြင်း လုပ်နိုင်တာတွေလည်း ရှိသလို (လူနာအနည်းစုမှာသာ ဖြစ်ပါတယ်)၊ 

- TACE လုပ်နိုင်လောက်တဲ့ အဆင့်ထက်ကျော်လွန်တဲ့ BCLC Stage B အသည်းကင်ဆာ လူနာတွေကို အခြားသောကင်ဆာဆေး နဲ့ ကုသရတာတွေလည်း ရှိပါတယ်။

TACE ကို ဘယ်လိုကုသမှုပေးမှာလဲ?

- အဓိကအားဖြင့် ကုသရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန်ကြီးများ (Interventional Radiologist) က ကုသပေးကြပါတယ်။

- အသည်းကင်ဆာကုသမှုအတွက် အကောင်းဆုံးသော ကုသမှုဖြစ်ဖို့သည် ဆရာဝန်တယောက်တည်းနဲ့ မပြီးပါဘူး။

- ဆရာဝန်တွေအများကြီးပါတဲ့ Multidisciplinary Team နဲ့မှ ထိရောက်တဲ့ ကုသမှုကို ရနိုင်ပါတယ်။

- အသည်းအထူးကု ဆရာဝန်၊ ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန် (Diagnostic Radiologist)၊ ကုသရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန် (Interventional Radiologist)၊ အသည်းအစားထိုးခွဲစိတ်ဆရာဝန် (Liver Transplant Surgeon) နဲ့ အသည်းခွဲစိတ်အထူးကု ဆရာဝန် (Hepato-Biliary Surgeon) တို့ အတူတူ ပေါင်းပြီး အကောင်းဆုံး နဲ့ လူနာတဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ကုသမှုတွေကို ဆုံးဖြတ်ရပါတယ်။

- ကင်ဆာရဲ့ အဆင့်၊ လူနာရဲ့ အခြေအနေ၊ အသည်းရဲ့ အခြေအနေ စတဲ့ အချက်အလက်တွေကို မူတည်ပြီး လူနာ တဦးနဲ့တဦး ကုသမှု မတူနိုင်ပါဘူး။

- ကျွန်တော်က အသည်းရောဂါအထူးပြုလေ့လာနေတဲ့ ဆရာဝန်ဖြစ်လို့ ပြောတာတော့မဟုတ်ပေမယ့် စစချင်းပြတာက အသည်းဆရာဝန်ဖြစ်ရင် ပိုကောင်းပါတယ်။

- ဘာလို့လဲဆိုတော့ ကင်ဆာကြောင့် ထိခိုက်မှုအရှိဆုံးက အသည်းဖြစ်နေလို့ပါ။

- သက်ဆိုင်ရာ အသည်းဆရာဝန်ကတဆင့် လိုအပ်တဲ့ ကုသမှုရမယ့် တခြားသော ကုသရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန်၊ ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန် နဲ့ အသည်းခွဲစိတ်အထူးကု ဆရာဝန် တို့ကို ဆက်လက်ပြီး ညွှန်းပေးနိုင်ပါလိမ့်မယ်။

- ခွဲလို့ရနိုင်တဲ့ အခြေအနေရှိရင်လည်း အသည်းခွဲစိတ်အထူးကု ဆရာဝန် ဆီညွှန်းပို့ပြီး ခွဲစိတ်ရတာလည်း ရှိပါတယ်။

- ဒါကြောင့် ထိရောက်တဲ့ကုသမှုရနိုင်ဖို့အတွက် သက်ဆိုင်ရာ ဆရာဝန်ဆီညွှန်းပို့ပေးနိုင်မယ့် ပထမဆုံးပြသတဲ့ အသည်းဆရာဝန်က အရေးကြီးကြောင်း ထပ်လောင်းပြောလိုပါတယ်။ 

TACE ကုသမှုမှာ ဘာဆိုးကျိုးတွေ ရှိနိုင်လဲ?

- သက်ဆိုင်ရာ ကျွမ်းကျင်သော ကုသရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန်ကြီးများက စနစ်တကျ ကုသပေးကြတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးတော့ နည်းပါတယ်။

- ပြီးတော့ TACE ဆိုတာက တကြိမ်ထက်မက ပြုလုပ်ရနိုင်တဲ့ ကုသမှုမျိုးဖြစ်ပါတယ်။

- ပထမအကြိမ်လုပ်မယ်၊ အခြေအနေကို ပြန်ကြည့်မယ်၊ သင့်တော်ရင် ထပ်လုပ်မယ် စသဖြင့် သက်ဆိုင်ရာ ဆရာဝန်က ဆုံးဖြတ်ကာ လူနာအခြေအနေအလိုက် ထပ်မံလုပ်ရနိုင်တဲ့ ကုသမှုဖြစ်ပါတယ်။

- သိထားဖို့လိုတာက အပေါ်မှာ ပြောခဲ့သလိုပဲ TACE သည် အသည်းကင်ဆာရောဂါကို ပျောက်အောင် လုပ်တာမဟုတ်ကြောင်းပါ။

- TACE လုပ်ပြီးနောက် အသည်းအခြေအနေကိုကြည့်ပြီး နောက်တကြိမ်ထပ်မလုပ်သင့်တော့တဲ့ လူနာတွေလည်း ရှိပါတယ်။

- ဒါကြောင့် မိမိရဲ့ သိလိုတာတွေ အသေးစိတ်ကို သက်ဆိုင်ရာ ဆရာဝန် နဲ့ အသေးစိတ်တိုင်ပင်ပါ။ ဒါအရေးအကြီးဆုံးပါပဲ။

အခုပြောပြခဲ့တဲ့ TACE အကြောင်းကို ဖတ်ပြီး ဗဟုသုတရကြမယ်လို့ မျှော်လင့်ပါတယ်။

အသည်းကင်ဆာ နဲ့ ပတ်သက်ပြီး “အသည်းကင်ဆာ ကုထုံး တိုးတက်ပြောင်းလဲလာမှုများ” လို့ ခေါင်းစဉ်ပေးကာ အပိုင်းတွေနဲ့ ရေးပေးခဲ့ဖူးပါတယ်။ 

အပိုင်း (၁) https://www.facebook.com/100063542447716/posts/pfbid033332rFJFw3ptj2TZkBxVmLa1qmwnGJDp4M5xYHst7M7GaUxendWU1igadi59zt96l/?mibextid=cr9u03

အပိုင်း (၂) https://www.facebook.com/100063542447716/posts/pfbid02YZLpkLKu7MqkZ5zx9D4stB6radmsMURmsUaxicQ3qVQYWQP73iksMZENhDWyXAcMl/?mibextid=cr9u03

အပိုင်း (၃) https://www.facebook.com/100063542447716/posts/pfbid0nfYcBwhZtL2Npgb7NCsuACEqrFfS14RnjVefG4BcnikL49kn4nPcvtSM6hJBPanCl/?mibextid=cr9u03

အပိုင်း (၄) https://www.facebook.com/100063542447716/posts/pfbid02Shv9ZCyFtvzEBJgWrhAVDXWU2cgrhgHcpt77dRW9d5GeDdVZnvewgyxHde5PkNfjl/?mibextid=cr9u03

အပိုင်း (၅) https://www.facebook.com/100063542447716/posts/pfbid02qAo1rGbfBkLL29FTiSwVQAeLxfkJ1n1imUK6g7dJ8s7Jvzbf9w8Nm6bXTKbeqtiFl/?mibextid=cr9u03

မဖတ်ဖြစ်သေးသူများ ဖတ်ကြည့်နိုင်ပါတယ်။ ဗဟုသုတ တခုခုရမှာ သေချာပါတယ်။

အခု TACE အကြောင်းကိုတော့ “အသည်းကင်ဆာ ကုထုံး တိုးတက်ပြောင်းလဲလာမှုများ အပိုင်း (၆)” အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။

ဖတ်ရှုပြီးလို့ အသိတစ်စုံတစ်ရာ ရခဲ့ရင် တခြားမိမိ သူငယ်ချင်း/ မိတ်ဆွေ များလည်း သိရအောင် Share လုပ်ပေးနိုင်ပါတယ်။

(ကျွန်တော် ဒေါက်တာစိုးသီဟမောင်က ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးနေခြင်း ဖြစ်ပါတယ်။ Health_Knowledge_by_DrSoeThihaMaung)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ