Premature labor ကလေးစောမွေးခြင်း

ဆရာရှင့် ကျွန်မ အသက် ၃၃ နှစ်ပါ။ ဒုတိယကိုယ်ဝန် ၃၁ပတ်ရှိလို့ ဗိုက်အပ်ထားတဲ့ အိုဂျီကပြောပါတယ်ရှင့်။ နောက်ဆုံး ရာသီလာရက်က ၃-၁-၂၀၁၇ ပါ။ မွေးရက်က အယ်လ်ထွာဆောင်းက ယခု ၃၀ ပတ်မှာ ရိုက်တာ ၁၂-၁၀-၂၀၁၇ လို့သတ်မှတ်ထားပါတယ်။ ကျွန်မရဲ့ကိုယ်ဝန်က ကလေးက အစောပိုင်းကတည်းက အောက်ရောက်တယ်လို့ ဆရာဝန်ကပြောပါတယ်။ စလှှုပ်ကတည်းကလဲ ချက်အောက်ပိုင်းနဲ့ ခုဆိုရင် ပေါင်နှစ်ခုကြားမှာ အရမ်းလှှုပ်လွန်းလို့ နာကျင်ရတယ်။ ပေါင်လဲခဏခဏတန်းပါတယ်။ အာလ်ထွာဆောင်းရိုက်တော့လဲ မိန်းခလေး ပြီးတော့ တင်ပါးဆုံ Breech လို့ပြောပါတယ်။ ကျွန်မက ပထမကလေးတုန်းက ရိုးရိုးမွေးပေမဲ့ မမွေးနိုင်လို့ ခွဲမွေးခဲ့ရပါတယ်။ ဒါကြောင့် ဒီတခါလဲခွဲမွေးရမယ်ပြောပါတယ်။ သိချင်တာက ကျွန်မစောမွေးနိုင်လာဆရာ။ စောမွေးမှာ စိတ်ပူလို့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။ ဆရာကျန်းမာပါစေ။

ကိုယ်ဝန်ဆိုတာ ဆန်းတယ်။ မှန်းကြိုပြောလို့ မရတာတွေလည်းရှိတယ်။ အနည်းဆုံး ၃၇ ပတ်ရှိရင် ကလေးဖွံ့ဖြိုးမှု ပြည့်စုံပြီ။ ကိုယ်ဝန်ဆောင်တိုင်းကိုပြောပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ကိုယ့်မှာမဖြစ်တဲ့ မူမမှန်တာတွေကို နားမထောင်ရ၊ မမေးရ၊ မဖတ်ရလို့။ ဆရာရေးတာတွေလည်း ကိုယ်နဲ့မဆိုင်ရင် မဖတ်ပါနဲ့။

၂။ မင်္ဂလာပါ ဆရာ။ တခုလောက် မေးချင်လို့ပါ။ကျွန်မအသက် ၃၁ပါ။ ့ မှာနေပါတယ်။ သားဦးကိုယ်ဝန်လွယ်ထားတာ ၂၂ပါတ်ပါဆရာ။ တနေ့က အာထရာဆောင်း ရိုက်ကြည့်တော့ ဆရာဝန်ကပြောပါတယ်။ စောမွေးနိုင်ချေရှိလို့ ကိုယ်အပ်ထားတဲ့ OG နဲ့တိုင်ပင်ပြီး အကြံဉာဏ် ယူပါလို့ပြောပါတယ်။ ကျွန်မက ဇာတိမြို့ဖြစ်တဲ့့ မှာပြန်မွေးမလို့ စီစဉ်ထားလို့ OG အပ်ထားပါတယ်ဆရာ။ ခဏခဏပြန်လို့ အဆင်မပြေလို့ ဆရာကို အကူညီတောင်းပါတယ်။ စောမမွေးအောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်လဲ ဆိုတာသိချင်ပါတယ်ဆရာ။ လေးစားစွာဖြင့်။

၃။ ဆရာရှင့် ကျွန်မအသက် ၂၆ နှစ်ပါ။ အိမ်ထောင်သက် ၁ နှစ် ၂ လ။ ဒုတိယကိုယ်ဝန်လွယ်ထားပါတယ်ဆရာ။ ပထမကိုယ်ဝန်ကထိခိုက်မိပြီး ၈ လနဲ့ ကလေးနှလုံးမခုန်တော့လို့ ရိုးရိုးမွေးထားပါတယ်ဆရာ။ အဖတ်မတင်ပါ။ ခုကိုယ်ဝန်က ၂ လရှိပါပြီ။ ခါးနာနေလို့ပါဆရာ။ ဘယ်လိုနေထိုင်သင့်သလဲ ဘာဖြစ်တတ်သလဲပြောပြပေးပါဆရာရှင့်။

ကလေးစောမွေးတာကို Pre-term labor လို့လဲခေါ်တယ်။ ခန့်မှန်းခြေမွေးမဲ့ရက်ထက် ၃ ပတ်စောရင်၊ (သို့) ကိုယ်ဝန် ၃၇ ပတ်ထက်စောမွေးတာကိုခေါ်တယ်။ စောမမွေးစေအောင် အိပ်ယာမှာ ဆေးရုံတက်သလို နားနေတာ၊ အားဆေးသွင်းပေးတာနဲ့ ဆေးပေးတာတွေနဲ့ အတော်များများကို ကာကွယ်နိုင်တယ်။

တကမာ္ဘလုံးမှာ တနှစ်အောက်ကလေးသေဆုံးမှုထဲမှာ လမစေ့ဘဲမွေးတဲ့ကလေး ၁ဝ% ပါတယ်။ အရေအတွက်ဆိုရင် တနှစ်မှာ အဲလိုကလေးပေါင်း ၅ သိန်းလောက်ရှိတယ်။ ဘာလို့စောမွေးသလဲ တခါတလေ (၅ဝ%) အကြောင်းရှာမရဘူး။ အာဟာရဓါတ်နည်းတာကို စဉ်းစားရတယ်။ တခါအဲလိုမွေးဘူးသူတွေမှာ သူများထက် ၁၅-၅ဝ%) ပိုဖြစ်နိုင်တယ်။ ရာနှုန်းပြည့်မဟုတ်ပါ။ ဖင်လန်မှာ ဆန်းစစ်မှုတခု လုပ်တော့ လက်ထပ်ပေါင်းသင်းခြင်းမရှိဘဲ ကလေးမွေးသူတွေမှာ ၂ဝ% ပိုများတာ တွေ့ရတယ်။

အမြွှာကိုယ်ဝန်မှာ ပိုဖြစ်တယ်။ ရောဂါပိုးဝင်တာကိုလဲ ထည့်တွက်ရတယ်။ ဥပမာ မွေးလမ်းကြောင်း ပိုးဝင်တာ။

စမ်းသပ်ကြည့်ရင် မွေးလမ်း-သားအိမ်ဝအရည်ထဲမှာ Fetal fibronectin များနေရင် ဖြစ်တယ်။ Obstetric ultrasound အာလ်ထွာဆောင်းနဲ့လဲစစ်ရမယ်။ သားအိမ်ဝ (နှုတ်ခမ်း အလျား) တိုရင် မကောင်းပါ။ ကိုယ်ဝန် ၂၄ ပတ်မှာ ၂၅ မီလီမီတာထက်ရှည်သင့်တယ်။ တချို့ ကိုယ်ဝန်ဆောင်မှာ အလုပ်လုပ်မျိုးတွေမှာ ဥပမာ မတ်တပ်အကြာကြီး ရပ်ရသူတွေမှာ အဖြစ်ပိုများတာ တွေ့ရတယ်။ ဖေါလစ်အက်စစ်နည်းရင်လဲ မကောင်းပါ။ ဆီးစစ်လို့ ပိုးတွေ့ရင် ဆေးကုရမယ်။ Progesterone ပရိုဂျက်တီရုန်းဟော်မုန်း ပေးသင့်ရင်ပေးရတယ်။ ၃၂ ပတ်နောက်မှာပေးတယ်။

ကာကွယ်ဘို့ရာ စတီရွိုက်ဆေးပေးနည်းကို နေရာအတော်များများမှာသုံးတယ်။ တခြား စမ်းသပ်သုံးတဲ့ဆေးနည်းတွေလဲ ရှိပါတယ်။ NSAIDs, Magnesium sulfate, Calcium channel blockers, Beta mimetics, Atosiban တွေပါဝင်တယ်။ Tocolysis ဆေးလဲပါတယ်။ Calcium-channel blockers နဲ့ Oxytocin antagonist ဆေးတွေက ၄၈ နာရီ နောက်ကျစေပေမဲ့ ဘေးထွက်ဆိုးကျိုးတွေလဲရတယ်။ Prophylactic antibiotic ကာကွယ်တဲ့သဘောနဲ့ ပိုးသေဆေး ပေးနည်းကလဲ အကျိုးရှိတယ်။ Amoxicillin နဲ့ Erythromycin ဆေးတွေပေးတယ်။ ဒါပေမဲ့ Amoxicillin + Clavulanic acid ဆေးတွဲကို မသုံးသင့်ပါ။

Cervical cerclage သားအိမ်ဝမလုံသူတွေကို ကိုယ်ဝန်ဆောင်နေတုံးမှာ သားအိမ်ဝကို ချုပ်ပေးထားရတယ်။ ကျွန်တော် ဒေလီ ဒုက္ခသည်တွေအတွက် ယမုန်နာဆေးခန်းလေးဖွင့်ခဲ့တုန်းက အဲလိုကိုယ်ဝန်ဆောင်တယောက်ကို သားအိမ်ဝ ချုပ်ပေးထားခဲ့တယ်။ လမစေ့ခင် ဗိုက်နာလာတော့ ကျွန်တော်က အစည်းအဝေးတက်နေရတယ်။ ကံတရားလည်း အားကိုးရပါမယ်။ ကလေးစောမွေးမှာ၊ ကိုယ်ဝန်ပျက်ချင်တာအတွက် Duvadilan (Isoxsuprine) ဆေးပြာလည်းသုံးတယ်။ ကြွက်တက်တာမှာလည်းပေးတတ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ