အလေးထားမှု မတူကြပါ

နေမကောင်းလို့မေးတာတွေကို ဖြေနေတာ ၁၀ နှစ်ကျော်ပြီ။ မေးခွန်းပေါင်းလည်း ထောင်သောင်းရတယ်။ ဆေးပညာစာတွေကို အေ-ဘီ-စီ စီကာစဉ်ကာ မရေးပါ။ မေးလာတဲ့ခေါင်းစဉ်အရသာ ရေးပါတယ်။

စာတွေရေးထားပြီးသား များလှပြီ။ စာအုပ် ၃ အုပ်ထုတ်ထားတယ်။ ထပ်ထုတ်စရာက ၅ အုပ်စာလောက်ရှိမယ်။ မေးခွန်းတွေလာရင် ရေးပြီးသားတွေက အဆင်သင့်။ တချို့မေးခွန်းတွေကိုတော့ စာအသစ်ရေးရတယ်။

စာအသစ်ရေးတယ်ဆိုတာ လက်တန်းရေးရတာမျိုး မဟုတ်ပါ။

၁။ မေးခွန်း စာလုံးပေါင်းသတ်ပုံ မှန်အောင် အရင်ပြင်ဖတ်ရတယ်။ မှန်အောင် ရေးတတ်သူက ၁၀% ထက် နည်းတယ်။

၂။ ရောဂါအကြောင်း လိုက်ရှာရတယ်။ ရှာတတ်ရမယ်။ တွေ့ကရာ သုံးမရ။

၃။ ဘာသာပြန်ရတယ်။

၄။ မြန်မာပြည်သူပြည်သားတွေနဲ့ ကိုက်ညီမှာကိုသာ ရွေးပြီး တည်းဖြတ်ရတယ်။

၅။ ကိုယ်ပိုင်အတွေ့အကြုံလေးလည်း ရှိရင် ထည့်ရေးရသေးတာ။

ဖြေလိုက်ပြီ -

၁။ စာကို ဖတ် မဖတ် မသိရ။

၂။ ရောဂါ သက်သာ ကောင်းဆို လည်းပြန်မသိရ။

၃။ အဖြေစာကို လက်ခံရကြောင်း ပြန်စာ ၅% လောက်ဆီကသာ ရတယ်။

၄။ မေးတုန်းကတော့ ဖုတ်ပူမီးတိုက်။ ပြန်စာကို လတွေ နှစ်တွေကြာမှ ရတာမျိုးလည်း ရှိသေးတာ။

လူတွေဟာ အလေးထားမှုမှာ အတော် မတူကြပါ -

၁။ ဆရာဝန် ခေါင်းပူနေချိန်မှာ ဝေဒနာရှင်က ခပ်အေးအေးသမားလည်း ရှိတတ်တယ်။ 

၂။ ရောဂါက သာမန်ကာရှန်ကာ၊ အဲဒါကို အဖြစ်သည်းသူတွေလည်း တကယ်ရှိတာ။ 

၃။ ဘယ်လိုဖြစ်နေနေ နေမကောင်းရင် မေးနိုင်ကြပါတယ်။

၄။ သတ်ပုံမမှန်လို့ မဖြေတာ အခုထိတော့ တခုတလေမျှ မရှိပါ။

၅။ စာမှန်အောင် မရေးသူတွေကို ကျေးဇူးတင်တယ်။ ဘာတွေကို ဘယ်လိုမှားနေကြကြောင်း သက်သေခံနဲ့ပါ သိရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ