World Tuberculosis Day ကမာ္ဘ့တီဘီနေ့

World TB Day ကမာ္ဘ့တီဘီနေ့က မတ်လ (၂၄) ရက်နေ့ဖြစ်ပါတယ်။ မေးခွန်းတွေမှာ 'တီဘီ' ကို 'တီဗွီ' လို့မှားရေးကြတယ်။ ဒါကြောင့် စကားပြောရာမှာ အသံထွက်ပီသပါလို့ ပြောရတာ ဖြစ်တယ်။ စာရေးရင်လည်း တိကျစေချင်တယ်။ ကျန်းမာရေးရေးရင် သတ်ပုံမှား၊ စကားမပီသရင် အသက်နဲ့ ကစားရာကျတယ်။ World TV Day ကမာ္ဘ့တီဗွီနေ့ဆိုတာ နိုဝင်္ဘာ (၂၁) ရက်နေ့ ဖြစ်တယ်။

ကမာ္ဘ့တီဘီနေ့မှာ တီဘီရောဂါအသိ တိုးများလာစေအောင်လုပ်ပြီး ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့အတူ၊ ဒီဝန်ထုပ်ဝန်ပိုးကြီး သက်သာလာစေဘို့ ရည်မှန်းပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် နှစ်ရပ်လုံးမှာ လုပ်ရမှာဖြစ်ပါတယ်။ ၁၉၈၂ ကတည်းကကျင်းပနေခဲ့ပါတယ်။ ၁၉၉၆ ကစပြီး WHO ကပါပါဝင်လာတယ်။ ၂၀၁၇ ခုနှစ် ဆောင်ပုဒ်က တီဘီတိုက်ဖျက်ဘို့ သွေးစည်းစို့ဖြစ်ပါတယ်။

တီဘီရောဂါကို ၁၈၈၂ ကတည်းက ဂျာမန်ဆရာဝန် ဒေါက်တာ Robert Koch ကနေစတွေ့ခဲ့ပါတယ်။ Mycobacterium tuberculosis ဗက်တီးရီးယားကနေဖြစ်စေတယ်။ တီဘီဆိုတာ ကုလို့ရတဲ့ ရောဂါပါ။ ခက်နေတာက တီဘီရှိသူတွေကို လိုက်ရှာရတာ၊ ပျောက်အောင် ကုပေးရတာတွေက ပြည့်စုံလုံလောက်မှု မရှိသေးတာဖြစ်ပါတယ်။ တီဘီနဲ့ သေဆုံးနေရမှု လျော့ကျရေးရည်မှန်းချက်ဟာ ၁၉၉ဝ ကနေတွက်ရင် ၄၅% ကျဆင်းလာတာဟာ အားရစရာ ကောင်းတယ်။ ဖြစ်ပွါးနှုန်းကလဲ နည်းလာပါသေးတယ်။ နည်းနာသစ်တွေထဲမှာ ရောဂါ အမြန် ရှာဖွေရေးနဲ့ အသက်ကယ်ဆေးတွေ ရရှိရေးလဲ ပါဝင်ပါတယ်။ ဒါပေမဲ့ ကမာ္ဘကြီးကထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးက ကြီးမားနေဆဲပါ။ ၂၀၁၂ ခုနှစ်စာရင်းတွေအရ တီဘီဝေဒနာသည်ပေါင်း ၈့၆ သန်းရှိနေတယ်။ ၁့၃ သန်းက တီဘီကြောင့် အသက်ဆုံးပါးနေရတယ်။ သေဆုံးရသူတွေထဲက ၉၅% ဟာ ဆင်းရဲသားနဲ့ လူလတ်တန်းစားထဲက ဖြစ်တယ်။ သိထားဘို့က ဒီလေကတဆင့် ကူးစက်ရောဂါဟာ လေရှူနေသူ ဘယ်သူမဆိုကို ကူးစက်နိုင်ပါတယ်။ အမျိုးသမီး အသက် ၁၅ နှစ်ကနေ ၄၄ နှစ်အတွင်း သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ တီဘီ က တတိယ လိုက်တယ်။ ကလေးတီဘီဖြစ်သူ ကလေးပေါင်း ၅ သိန်းရှိပြီး၊ ၇၄၀၀၀ သေဆုံးခဲ့ရတယ်။

MDR-TB ခေါ်တဲ့ ဆေးယဉ် တီဘီ ရှိနေသူတွေထဲက ၃ ယောက်မှာ ၁ ယောက်၊ ရောဂါရှိနေတာကို မသိကြရပါ။ ဒီလိုရောဂါသည်ပေါင်း ၁၆ဝဝဝ က ဆေးကုသမှုမရကြသေးပါ။ တီဘီ နဲ့အတူ HIV ပါရှိနေလို့ ART ဆေး ပေးနေရသူတွေကိုလဲ ပိုဂရုစိုက်ကြဘို့ လိုအပ်နေပါသေးတယ်။ ၂ဝ၁၃ တုံးက လူပေါင်း ၉ သန်းမှာ တီဘီရောဂါရှိတယ်။ ၁့၅ သန်းသေးဆုံးခဲ့ရတယ်။ သူတို့ထဲက ၃ ပုံ ၁ ပုံကို ကျန်းမာရေး စောင့်ရှောက်ပေးသူတွေက မတွေ့ကြရဘူး။ အဲဒီ လူနာ ၃ သန်းဟာ ဒုက္ခသည်တွေ၊ ရွေ့ပြောင်း အလုပ်သမားတွေ၊ ကိုယ့်တိုင်းပြည်ထဲမှာဘဲ စစ်ဘေးကြောင့်ဖြစ်ဖြစ်၊ အာဏာပိုင်တွေကနေ အတင်းခိုင်းလို့ဖြစ်ဖြစ် နေရာရွေ့နေကြရသူတွေ၊ အကျဉ်းသားတွေ၊ အစိုးရနဲ့ ဆိုင်ရာတွေကနေ ပစ်ထားခံရသူတွေ၊ လူနည်းစုတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေက အများဆုံးဖြစ်တယ်။

အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်မယ့် ဒုက္ခသည်တွေကို မခေါ်ခင်ဆေးစစ်တော့ HIV ကို လုပ်ရိုးလုပ်စဉ်သာ လုပ်ပေမယ့် တီဘီကိုစစ်တာ ကျကျနနလုပ်တယ်။ သံသယရှိတာနဲ့ ဆေးအခမဲ့ကုသပေးပြီးမှသာ ခေါ်ယူတယ်။ ကုပေးတာကလည်း လူနာကို တက်စီခပေးပြီး သတ်မှတ်ထားတဲ့ဆေးခန်းမှာ နေ့တိုင်းဆေးလာသောက်ရမယ်။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ တီဘီဘေးက ကင်းဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

၂၁-၃-၂၀၁၇

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ