ဆေးတွေဈေးကြီးလို့

ဆရာ B ပိုးပျောက်ဆေးကရော ဘယ်ချိန်လောက် ပေါ်နိုင်မလဲ ဆေးစားရတာနဲ့ မွဲနေပြီ။

ဘီပိုးပျောက်ဆေး သတင်းအသစ် မထွက်သေးပါ။ ဆောရီး။

အသည်ရောင် ဘီပိုး၊ စီပိုး၊ အိတ်ချ်အိုင်ဗွီ၊ ကိုဗစ်ပိုးတွေဟာ ဗိုင်းရပ်စ်အမျိုးအစား ဖြစ်တယ်။ တုပ်ကွေး၊ အအေးမိတာလည်း ဗိုင်းရပ်စ်၊ ကြွက်နို့လည်း ဗိုင်းရပ်စ်တွေဘဲ။

ဗိုင်းရပ်စ်ပိုးတွေက အများကြီးနဲ့ ကူးစက်တဲ့အခါ ခံစားရတာတွေကလည်း အမျိုးမျိုး။ အအေးမိတာမျိုးက ရက်တိုတိုနဲ့ ပျောက်တယ်။ တချို့က နာတာရှည်။ တချို့က ရာသက်ပန်။

တချို့ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးတွေ ရှိနေပြီ။ ဥပမာ တုပ်ကွေး။ ဒါပေမဲ့ ပိုးအမျိုးအစားခွဲက ရာသီအလိုက်ပြောင်းနေလို့ တနှစ်ခါ ကာကွယ်ဆေးသစ်ဖေါ်ပြီး ထိုးရတယ်။

လိင်လမ်းကြွက်နို့ (ကန်တော့) အတွက်လည်း သားအိမ်ဝကင်ဆာမဖြစ်စေအောင် ကာကွယ်ဆေးရှိပြီ။ အသက် ၂၆ နှစ်အောက် ထိုးရတယ်။

အသည်းရောင်ဘီအတွက်သာ ကာကွယ်ဆေးရှိပြီး စီအတွက် မရှိသေးပါ။

အသည်းရောင်ဘီအတွက်ဆေးကို တသက်လုံးသောက်နေရမယ်။ ဆောရီး။

စီအတွက်ကတော့ ၃ လနဲ့ ပိုးကင်းတဲ့အဆင့်ရောက်နိုင်နေပြီ။

အိတ်ချ်အိုင်ဗွီအတွက်လည်း ဆေးတသက်လုံးသောက်နေရမယ်။

ဗိုင်းရပ်စ်ဆေးတွေဆိုတာ ရောဂါဆက်မဖြစ်အောင် ထိန်းထားပေးတာဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးတွေကိုတော့ သေအောင် မလုပ်နိုင်သေးပါ။

ဆေးကြောင့် အိတ်ချ်အိုင်ဗွီကနေ အေအိုင်ဒီအက်စ် မဖြစ်။ ဆေးကြောင့် ဘီပိုးကနေ အသည်းကင်ဆာမဖြစ်စေအောင်နဲ့ အသည်းအလုပ်မနိုင်တော့တဲ့အထိမဖြစ်အောင် တားပေးနိုင်တယ်။

ဆေးတွေဈေးကြီးလို့ ဈေးသက်သာနည်းတွေလည်း ကြံဆ စီစဉ်ပါတယ်။ စီပိုးဆေး ယူအက်စ်အေမှာ ၂၀၁၈ လေ့လာမှုတခုအရ ဆေးတတောင့် ဒေါ်လာ ၁၀၀၀၊ ၂၄ ပတ်စာအတွက် စုစုပေါင်း ဒေါ်လာ ၈၄၀၀၀ ပေးရတယ်။ ဈေးသက်သာတဲဆေးက ၂၃၆၀၀ ကုန်ကျတယ်။

အိန္ဒိယမှာ စီပိုးဆေးကို ၂၄ ပတ်စာအတွက် ဒေါ်လာ ၁၈၀၀ (ရူးပီး ၁၁ သိန်း) သာကုန်ကျတဲ့အစီအစဉ် လုပ်ထားနိုင်ပြီ။ အမေရိကန် ဆေးကုမဏီ Gilead က ဈေးချိုနည်းနဲ့ထုတ်ခွင့်ပေးလို့ဖြစ်တယ်။

ဘီပိုးဆေးအတွက် အိန္ဒိယမှာ တနှစ်စာကို ဒေါ်လာ ၆၇၀ ကုန်ကျမယ်။ ယူအက်စ်အေမှာဆိုရင် ဒေါ်လာ ၃၆၆၈ ကုန်ကျမယ်။

မြန်မာပြည်တော့ သိပ်မသိပါ။ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ကူညီနေတာတွေလည်း ရှိတယ်။ ပိုက်ဆံချမ်းသာသူတွေက ဒီလိုအလုပ်မျိုးမှာ လှူကြစေချင်တယ်။ ရွှေတွေထူပိန်းနေပြီးသားဘုရားတွေကို ရွှေလှူတာထက် ပိုကောင်းတယ်။ ကန်တော့။ ကျွန်တော်က ဆွေမျိုးစဉ်ဆက် ဗုဒ္ဓဘာသာဝင်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ