Epsom salt ဆားခါး


အဲ့ နှစ်ခုလုံးက quality တူတူပဲလား ဆရာ FIA ဂရင်ဂျီနာ ခွဲထားလို့ ဆားခါးရေနွေး စိမ်ရလို့ပါဆရာ ပိဿာနဲ့ ဝယ်သုံးရတာကို ပိုသက်သာလို့ပါ တူရင် ပိဿာချိန်နဲ့ဟာကို ဝယ်မလို့ပါ

Epsom ဆားခါးကတော့ အတူတူ။ ဆေးထုပ်မှာ အလေးချိန်ပါမယ်။ အသုံးပြုနည်း အညွှန်းကတော့ ဘယ်နေရာအတွက်သုံးမလဲ အရ မတူလောက်ပါ။ ဆားခါးကို နေရာအမျိုးမျိုးမှာ သုံးနိုင်တယ်။

• ဓါတုဗေဒလို Magnesium sulfate (MgSO4) ဖြစ်တယ်။ ရေချိုးရာမှာသုံးတတ်လို့ Bath salts ခေါ်တယ်။

• ဆေးကုရာမှာ ဆားခါးသုံးတာကို Flotation therapy လို့ခေါ်တယ်။ Epsom salts 1% w/v solution ကိုသုံးပြီး ထိရောက်မှုကို လေ့လာဘူးတယ်။

• ပါးစပ်ကနေ Laxative or Osmotic purgative ဝမ်းနှုတ်ဆေးအဖြစ်သုံးနိုင်တယ်။

• သွေးပြန်ကြောထဲထိုးဆေးအနေနဲ့လဲ သုံးတယ်။ Eclampsia ခေါ်တဲ့ ကိုယ်ဝန်ဆောင်မှာ သွေးဆိပ်တက်ရောဂါမှာ သုံးတယ်။

• ကလေး လမစေ့ခင်မွေးမှာကို တားဘို့ရာလဲ သုံးတတ်တယ်။

• ဦးနှောက် ထိခိုက်မိသူတွေလဲ ဦးနှောက်ရောင်တာကျစေဘို့ သုံးနိုင်တယ်။

• လိပ်ခေါင်းထွက်ကျနေပြီး ပြန်မဝင်နိုင်တာ၊ ကလေးငယ်လေးတွေ စအိုကျွံကျနေတာတွေအတွက် ဆားခါးကို (ပါရာဖင်) အဆီနဲ့ရောပြီး ဖြစ်တဲ့နေရာမှာ ဆေးထည့်ပေးနိုင်တယ်။

• Barium chloride poisoning အဆိပ်သင့်တာကို ဖြေဆေးအနေနဲ့လဲ သုံးတယ်။

ရေပူစမ်းကို ကမ္ဘာလှည့်ခရီးသွားတွေ လာအောင် ကြော်ညာစာမှာတော့ ရေနွေးနဲ့ ရေချိုးတာဟာ နှလုံးခုန်တာ ပိုမြန်လာစေပြီး သွေဖိအားလည်း ကျစေတယ်လို့ သုတေသနတခုကို ကိုးကားထားပါတယ်။ ရေရဲ့ အပူကြောင့် သွေးတွေက ကိုယ်မျက်နှာပြင်မှာ ပူနွေးလာအောင် နှလုံးကနေ အလုပ်ပို လုပ်ပေးမယ်။ ဒိနောက် သွေးကြောတွေကို ကျယ်စေရာကနေ သွေးတိုးကျစေမယ်လို့ ရှင်းလင်းချက်လဲပါတယ်။

Saline laxatives ဆားရည်ဝမ်းနုပ်ဆေး

Magnesium hydroxide, Magnesium Sulfate (ဆားခါး), Sodium phosphate နဲ့ citrate တွေပါမယ်။ ဝမ်းပျော့စေမယ်။ ကျောက်ကပ် မကောင်းသူတွေအတွက် မသင့်ဘူး။ သက်ရောက်မှု မြန်တယ်။ ခဏခဏမသုံးသင့်ဘူး။ ဝမ်းသြးတာ များစေနိုင်တယ်။ ဓါတ်ဆားရည်သောက်ဘို့အထိ လိုချင်လိုမယ်။ အပျော့စားဖြစ်တဲ့ Milk (Cream) of magnesia ကိုအများဆုံးသုံးတယ် Epsom Salt (Magnesium sulfate) ဆားခါးက ပိုပြင်းတယ်။

Sitz bath ရေနွေးထိုင်နည်း

စအိုနေရာမှာ တခုခုဖြစ်ရင် Sitz bath ရေနွေးထိုင်နည်းကို ညွှန်းတယ်။ ဆရာဝန်မလိုဘဲ သက်သာတာ အမှန်ဖြစ်တယ်။ ကုန်ကျစရိတ်လဲ မရှိဘူး။ စအိုနေရာမှာသာမကပါ ဒီလိုဖြစ်တာတွေကို သက်သာစေမယ်။

- Hemorrhoids (piles) လိပ်ခေါင်း၊

- Anal fissures (FIA) ဘရင်ဂျီနာ၊

- Rectal surgery အစာဟောင်းလမ်း ခွဲစိတ်ကုသရခြင်း၊

- Episiotomy ကလေးဖွါးတဲ့အခါ မွေးလမ်းချဲ့ပြီး ပြန်ချုပ်ထားခြင်း၊

- Uterine cramps သားအိမ်နာခြင်း၊

- Inflammatory bowel disease အစာလမ်းရောင်ရောဂါ၊

- Bladder ဆီးအိမ်ရောင်ခြင်း၊

- Prostate ဆီးကျိတ်ရောင်ခြင်း နဲ့

- Vagina ဗဂျိုင်းနာရောင်ခြင်းတွေအတွက် သုံးနိုင်တယ်။

နာမည်အခေါ်က Sitzbad ဂျာမန်စကားကနေလာတယ်။ ရေချိုးတာပါဘဲ။ Sitz bath ဆိုတာထက် Hip-bath လို့ ခေါ်ရင် တန်းသိစေနိုင်တယ်။ နာတာရော ရောင်တာကိုပါ သက်သာစေမယ်။

ရေခပ်နွေးနွေးထဲမှာ တင်ပါးမြုပ်အောင် စိမ်ထားပြီး ထိုင်နေရတာ ဖြစ်ပါတယ်။ ရေချိုးစည်ဖြစ်ဖြစ်၊ ရေထည့်လို့ရတဲ့ ကန်ခပ်ကြီးကြီးဖြစ်ဖြစ်၊ သုံးနိုင်တယ်။ ပလပ်စတစ်ရေကန် ဝယ်လို့ရတယ်။ ရေအိမ်သာအထက်မှာ ထားပြီး ထိုင်နိုင်တယ်။ ရေထဲကို ဆား၊ မုံ့လုပ်ဆော်ဒါ၊ ဗနီဂါတွေလဲ ရောနိုင်တယ်။ ဘာမှမရောလဲ ရပါတယ်။

ရေကန်ထဲမှာ ရေအမြင့် 3 to 4 inches (7.6 to 10 cm) ရှိအောင် ဖြည့်ပါ။ ရေအပူချိန် 110 °F (43 °C) ရှိသင့်တယ်။ အဲဒီထဲမှာ တင်ပါးနစ်နေအောင်ထားပြီး ၁၅-၂ဝ မိနစ်ကြာ ထိုင်နေယုံသာ ဖြစ်ပါတယ်။ ရေအေးတဲ့အထိဆိုလဲ ရပါတယ်။ အဆန်းထွင်နိုင်တာက ရေနွေးထဲမှာ ၃-၄ မိနစ်ထိုင်၊ နောက် ရေအေးထဲမှာ တခါထိုင်၊ တလှည်စီ ၄-၅ ကြိမ် လုပ်တယ်။ နည်းတခုက ရေ ၂ မျိုး သုံးအနေရအောင် ရေအေးတဘက်သုံးနိုင်တယ်။

တကယ်တော့ ရေနွေးနည်းရော ရေအေးနည်းပါ ၂ မျိုးရှိတယ်။ အအေးထိုင်နည်းကိုတော့ ဝမ်းချုပ်သူတွေ၊ ဗဂျိုင်းနား ပိုးဝင်လို့ရောင်နေသူတွေ သုံးသင့်တယ်။ တခါတလေ ဝမ်းမလုံသူ၊ ဆီးမလုံသူတွေအတွက်လဲ အကျိုးရှိစေတယ်။ မွေးလမ်းကြောင်းက အဖြူဆင်းနေချိန်မယ် ရေနွေးထဲမှာ ဆား ဖြစ်ဖြစ် ဗနီဂါဖြစ်ဖြစ် ထည့်ပြီး ထိုင်တာ ပိုကောင်းစေတယ်။

သတိထားစရာတွေက မရှိသလောက်ပါ။ အပူရှိန်ကြောင့် သွေးပိုလျှောက်ပြီး နှလုံးခုန် နဲနဲမြန်နိုင်တယ်။ ပြီးရင် (ကော်တွန်) တဘက်နဲ့ ရေခြောက်အောင် သုတ်ပါ။ တနေ့မှာ ၁-၂ ခါလုပ်သင့်တယ်။

Epsom salt ခေါ် ဆားခါးကိုပါထည့်သုံးနိုင်တယ်။ ဆားခါးဟာ ရောင်နေတာကို လျှော့စေနိုင်တယ်။ ဆားခါး ဘယ်လောက်ထည့်မလဲ နည်းမတူပါ။ ဆားခါးထုပ်အညွှန်းမှာ ပါနိုင်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ