Health တို့တိုင်းပြည် တို့ကျန်းမာရေး

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၅၂ ခုနှစ် ဩဂုတ်လမှာ ဝန်ကြီးချုပ်ဦးနုက ပြည်တော်သာ ၅နှစ်စီမံကိန်းကို ကြေညာတယ်။ ပြည်တော်သာ မူလတန်းကျောင်းလေးတွေ ဖြစ်လာတယ်။ ပုလဲမြို့နယ် မင်းရွာမှာ တကျောင်းရတယ်။ ဖဆပလ အစိုးရက ကျေးလက်ကျန်းမာရေးအတွက် Health Assistant (HA) ခေါ် လက်ထောက် ကျန်းမာရေးမှူးသင်တန်းတွေ ၁၉၅၀ ကျော်မှာ စဖွင့်တယ်။ Rural Health Ceter (RHC) ခေါ် ကျေးလက် ကျန်းမာရေးဌာနတွေ ဖွင့်တယ်။ 

အိန္ဒိယက ဆရာဝန်တွေ ငှားရတယ်။ MBBS ဆရာဝန်တွေသာမက LMP ဆေးကုသခွင့် လိုင်စင်ရ ဆရာဝန်တွေ များတယ်။ မုံရွာဆေးရုံမှာ ဆရာဝန်ကြီးက LMP ဆရာဝန်။ L.M.P. course သင်တန်းကို အိန္ဒိယမှာ ၁၉၁၄ ကနေ ၁၉၄၄ အထိပေးခဲ့တယ်။ ၄ နှစ်ကြာသင်ရတယ်။ L.M.P. (Madras) မဒရပ်စ်၊ L.M.P. (Mysore) မိုက်ဆိုး၊ L.M.P. (Ahmedabad) အမဒါဘဒ်၊ L.M.P. (Patna) မတနား၊ L.M.P. (Nagpore) နက်ပိုး နဲ့ L.M.P. (Hyderabad) ဟိုက်ဒရာဘဒ်လိုရှိတယ်။ L.B.M.E.B. (Burma) က ကိုလိုနီ မြန်မာပြည်အတွက်တဲ့။

မြန်မာပြည်မှာ ဆေးကျောင်းကို ရန်ကုန်ကောလိပ်မှာ ၁၉၂၃-၂၄ ကစတယ်။ ၁၉၂၉ မှာ လမ်းမတော်နေရာကို ရွှေ့တယ်။ ၁၉၃၀ ကစပြီး ရန်ကုန်တက္ကသိုလ် လက်အောက်ခံဖြစ်တယ်။ ၁၉၄၂-၄၅ ဒုတိယကမာ္ဘစစ်အတွင်း ရပ်နားထားရပြီး Licentiate of the State Medical Board (LSMB) ဘွဲ့ပေးတယ်။ စစ်ကြီးပြီးတော့ Medical College ကောလိပ်ကနေ Faculty of Medicine ဖကာလ်တီဖြစ်လာတယ်။ University Education Act 1964 အက်ဥပဒေအရ Institutes of Medicine ဖြစ်လာတယ်။ ၁၉၆၄ မှာ ဘွဲ့လွန်ပေးတယ်။

မန္တဆေးကျောင်းစဖွင့်တော့ ဖကာလ်တီ အဆင့်။ ကျွန်တော်တို့ရောက်တော့ အင်စတီကျု အဆင့်။ ကျွန်တော်တို့ (၁၉၆၅-၇၂) မန္တဆေးကျောင်းမှာ အိန္ဒိယလူမျိုးဆရာဝန်တွေ မနည်းပါ။

၁၉၆၂ စစ်တပ်က အာဏာသိမ်းတော့ ပညာရေးစနစ်တွေ တမျိုးဖြစ်ကုန်တယ်။ ၁၉၆၅ ဆယ်တန်းအောင်တော့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲမှာ လူဦးရေတသောင်းမှာ ဆရာဝန်တယောက်သာ ရှိတယ်၊ ၇ နှစ် နေရင် လူဦးရေ ၅၀၀၀ မှာ ဆရာဝန်တယောက်ဖြစ်စေရမယ်လို့ ပါတယ်။ ဆရာဝန်ဦးရေကတော့ မှန်းထားတာရဲ့ ၉၀% ဖြစ်လာပေမဲ့ ဆေးရုံတွေမှာ ဆေးဝါးပစ္စည်းတွေ မလုံလောက်ပါ။ မဆလ ကျဆုံးတဲ့အထိ ပိုဆိုးသာလာတယ်။

သမိုင်းစုံအောင် မရေးတော့ပါ။ မြန်မာပြည်မှာ ဟိုအရင်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံခဲ့တာ အခုထိ ဖြစ်ပါတယ်။ နီးစပ်ရာကို အားကိုးကြရတာလည်း အခုထိပါပဲ။ 

ဆေးတက္ကသိုလ်က ဘွဲ့လည်းရပြီး ဆရာဝန်တွေ ဆမ မရှိရင်၊ သို့မဟုတ် ဆမ သက်တမ်းမတိုးရင် ဆေးကုသခွင့် မရကြပါ။ ဆမ သက်တမ်းကို နိုင်ငံရေးအရ တိုးမပေးတယ်။ ဆရာဝန်ရဲ့ အရည်အချင်းကို မကြည့်ပါ။ ကျွန်တော့ ဆမ သက်တမ်းကုန်နေတာ ကြာပြီ။ အခုတော့ တိုးတက်လာပြီ။ 

ဖဆပလ ခေတ်ကတည်းက ဆေးရုံတိုင်းကို ပြည်သူ့ဆေးရုံဆိုင်းဘုတ်တင်တယ်။ အဲဒီ ပြည်သူ့ ဆိုတာ စစ်အာဏာသိမ်းပြီး ပေါ်လာတဲ့ ပြည်သူ့ဆိုင်မျိုး မဟုတ်ပါ။ အင်္ဂလိပ်စာလုံးကိုက တခြားစီ။ စီဗယ်လ် ခေါ် စစ်ဘက်မဟုတ်သော အရပ်သာများအတွက်နဲ့ ပီးပဲလ် ခေါ် သာမန် (မဆလ လူကြီး မဟုတ်သူများ) အရပ်သားများအတွက်။

မဆလ ပြုတ်ကျတဲ့အထိ ပုဂ္ဂလိကဆေးရုံရယ်လို့ မရှိသေးပါ။ တဖြည်းဖြည်းနဲ့ ပုဂ္ဂလိကဆေးရုံတွေ များလာတယ်။ သိပ်မကြာခင်မှာ ဖိုင်းစတားဟော်တယ်မှာ ကုန်ကျရသလိုမျိုး ပိုက်ဆံပေးရတဲ့ ဆေးရုံတွေ ပေါ်လာတယ်။

ဖဆပလ ခေတ်မှာ ကျန်းမာရေးအတွက် အစိုးရကတာဝန်ယူတယ်။ မဆလ တက်တော့လည်း အစိုးရတော့ အစိုးရဘဲ။ ဆေးနဲ့ဆေးပစ္စည်းတွေရှာလို့ မှောင်ခိုဆေးဆိုင်တွေကို အားကိုးရတယ်။ ဆေးအရည်အသွေး ညံ့တာက များတယ်။ ထိုင်းကလည်း ဝင်လာတယ်။ အိန္ဒိယက ဝင်လာတယ်။ အတုတွေနဲ့ အရည်အသွေးမမီတဲ့ဆေးတွေ များများလာတယ်။

နဝတ လက်ထက် စရိတ်မျှပေး ကျန်းမာရေးဆိုတာ စလာတယ်။ အဲဒီကတည်းက လူနာတွေက ပိုက်ဆံပေးမှသာ အစိုးရဆေးရုံတွေက ဆောင်ရွက်ပေးပါတော့တယ်။

ဒီစာမှာ တိုတိုသာ ရေးပါမယ်။ အဲလိုအဆင်မပြေမှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျန်းမာရေးစနစ်အရ လုပ်ရတယ်။ ၂၀၀၀ ခုနှစ် WHO ထုတ်ပြန်ချက်အရ မြန်မာပြည်က အဆင့် ၁၉၀။ နောက်စာရင်းသစ် ခိုင်ခိုင်မာမာ မတွေ့သေးပါ။

ချမ်းသာတိုးတက်ပါတယ်ဆိုတဲ့ အမေရီကားမှာက တမျိုး။ ကျန်းမာရေးအာမခံစံနစ်ကျင့်သုံးတယ်။ ရှုတ်ထွေးတယ်။ အဆင်ပြေတာတွေရော မပြေတာတွေရော။ ယူအက်စ်အေထက် ပိုကောင်းတဲ့ တိုင်းပြည်တချို့ ရှိတယ်။ ဒါကိုလည်း ချဲ့မရေးတော့ပါ။ 

စာတွေ့နဲ့ သုတေသနသိတွေကတော့ ရေးမကုန်အောင် များပါတယ်။ ကိုယ့်တိုင်းပြည်အတွက် အံဝင်ဂွင်ကျအောင်လုပ်နည်းကို တီထွင်စဉ်းစားရဦးမယ်။ ငါသိတယ်ဆိုတာနဲ့ မပြီးပါ။ ကုလားထိုင်မှာ ထိုင်ရသူတွေ ပြောတိုင်းလည်း မပြည့်စုံနိုင်။ အခုထိတော့ အဲဒီအဆင့်မျှသာ။ စေတနာရှိပါတယ်နဲ့လည်း မရနိုင်ပါ။ စေတနာပမှာ ပညာမပါရင် ဒုက္ခပေးတယ်။

ဆေးသုတေသနလုပ်ငန်းတွေ အများကြီး အများကြီးလုတယ်။ တိုင်းပြည်က ချမ်းသာရမယ်။ အုပ်ချုပ်သူတွေသာ ကျိကျိတ်တက်ချမ်းသာနေကြတာ မတရားလွန်းပါ။

ဆေးကျောင်းကို နှစ်လျှော့ချတာ မကောင်းပါ။ ဆေးပညာအဆင့် နိမ့်နေတာ မကောင်းပါ။ မလိုင်လွှာလေးသာ ရှိတာ မလုံလောက်ပါ။

တိုင်းပြည်ကို မဏ္ဍိုင်ထားစဉ်းစားတတ်ရမယ်။ တိုင်ပင်ဆွေးနွေးမှုတွေ အဆင့်ဆင့်လုပ်ရမယ်။ ပညာရှင်တွေက စပြီး ပြည်သူလူထုကိုယ်စားပြုသူတွေလည်း ပါရမယ်။

အခုခေတ်မှာ ပိုက်ဆံတတ်နိုင်ရင်တော့ ဆေးကုရတာ မခက်တော့ပါ။ အဲဒါကလည်း ရောဂါတွေဖြစ်ပြီး ရောဂါအမည်သိပြီးမှသာ။ ကာကွယ်ရေးတွေ အတော်ကို လိုနေတယ်။ အသိပညာကို ဖေ့စ်ဘွတ်ကနေ ယူနေကြတာ မသင့်မှန်တာက များတယ်။ ပညာ မရှာတတ်ဘူးဆိုတာ ဘယ်ကနေ သင့်မှန် ကောင်းမွန်တာကို ရှာရမလဲ မသိခြင်းဖြစ်တယ်။

ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်အရေးအရာမဆို တိုင်းပြည်ကို မဏ္ဍိုင်ထားစဉ်းစားမှု မရှိခဲ့တာ ရာစုနှစ်တဝက် ရှိပြီ။ စာဖတ်ရလို့ ပိုစိတ်ညစ်မှာ သေချာတယ်။ ဒါပေမဲ့ ကြိုးစားလုပ်ကြရမှာဘဲ။ ဘယ်လောက်ကြာဦးမလဲ မပြောနိုင်။ ကြားကာလမှာ စိတ်ကောင်းစေတနာ ထားနိုင်သမျှထားကြရင် မရှိဆင်းရဲသူတွေအတွက် သက်သာရာရနိုင်တယ်။ စိတ်ကောင်းစေတနာ ထားပေးကြပါရန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ