Traveler's diarrhea ခရီးသွားဝမ်းပျက်ခြင်း

(ကန်တော့)

ကျွန်တော်တို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၈ မနက်က ရန်ကုန်ရောက်ကြတယ်။ မန္တလေး၊ မုံရွာ၊ ပုလဲ၊ ဘုတလင်မြို့တွေအပြင် ရွာတွေကိုလည်းရောက်တယ်။ နေပြည်တော်မှာခဏနဲ့၊ ပခုက္ကူ၊ မြင်းခြံ။ ကျောက်ပန်းတောင်း၊ ပုဂံ။ ပုပ္ပါးကိုလည်း ရောက်တယ်။ အဲဒီနေရာတွေကနေ မန္တလေးကိုတခေါက်ပြန်ရောက်တော့ နေမကောင်းဖြစ်ကြတယ်။ ခရီးသွားဝမ်းပျက်လို့ ခေါ်တယ်။ ကန်တော့။ 

ရောက်ကတည်းက ကိုယ့်တိုင်းပြည်ကထွက်သမျှအစားအစာတွေ အကုန်စားလိုက်ကြတာ ဘာပြောကောင်းမလဲ။ ကျွေးကြသူတွေအကုန် ကျေးဇူးတင်တယ်။ ဗိုက်က သရိုးသရီဖြစ်လာ။ သန့်စင်ခန်းခဏခဏဝင်ရတယ်။ ကန်တော့။ ကိုယ်နည်းနည်းပူတယ်။ ပျို့ချင်တယ်။ ပုလဲမှာတုန်းကတခါ အိမ်ရှင်ဆရာဝန်ကို သန်ကောင်အချိန်မှာ နိုးပြီး ဆေးတောင်းရသေးတယ်။ ဆောရီး။

ခရီးသွားဝမ်းပျက်ခြင်းဆိုတာ စားတဲ့သောက်တဲ့ထဲမှာ မသင့်တာပါသွားလို့ဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ အသက် ၄ဝ ဝန်းကျင်အထိနေခဲ့ပြီး အပြင်မှာ ၂၈ နှစ်ကြာလို့ ကိုယ်ခန္ဓာရဲ့ ရောဂါပြီးစနစ်တွေက အဆန်းပြန်ဖြစ်နေပြီ။ ငယ်စဉ်ကလို တော်တော်တန်တန်ပိုးတွေကို မခံနိုင်ဖြစ်တဲ့သဘော။ 

ခရီးသွားဝမ်းပျက်ရောဂါ ကုသနည်း

Anti-motility agents ခေါ် Loperamide (Imodium), Diphenoxylate (Lomotil) ဆေးတွေက အူလှုပ်ရှားမှုကို နှေးစေတယ်။ အစာကိုစုပ်ယူတာများစေတယ်။ ကိုယ်သိပ်ပူသူကိုတော့ မပေးသင့်။

Bismuth subsalicylate (Pepto-Bismol) ဆေးလည်းသုံးနိုင်တယ်။

Antibiotics ပဋိဇီဝဆေးလိုတယ်။ ofloxacin 300 mg တနေ့ ၂ ကြိမ် သို့မဟုတ် norfloxacin 400 mg တနေ့ ၂ ကြိမ်။

ORS ဓါတ်ဆားထုပ်လိုတယ်။ အထုပ်မရရင် ရေသန့် ၁ လီတာထဲမှာ ဆားလက်ဖက်ရည်ဇွန်းတဝက် + မုံ့ဖုတ်ဆော်ဒါမှုံ့ လက်ဖက်ရည်ဇွန်းတဝက် + သကြား ၄ ဇွန်းနဲ့ဖျော်တာသောက်နိုင်တယ်။

ကျွန်တော့်ဇနီးက ခရီးစဉ်တလျှောက် ခြေထောက်အောက်ချထားရချိန်ကြာလို့ ခြေထောက်တွေရောင်တယ်။ နားလိုက်ရင် မနက်ခင်းမှာ ပြန်သက်သာတယ်။ ပြီးခဲ့တဲ့ လေးငါးရက်က ရောင်တာမကျနိုင်တာကို သမားတော်တဦးက လာကြည့်ပေးတယ်။ ကျေးဇူး။ မနေ့က စစ်စရာတွေစစ်တယ်။ နှလုံး၊ အဆုတ်၊ ဗိုက်မှာ ဆိုးတာ တခုမှ မတွေ့ပါ။ ခရီးသွားဗိုက်မကောင်းတာဖြစ်တော့ ရောင်တာတွေမရှိတော့ပါ။

အခုစာရေးနေချိန်အထိ အစာစားချင်စိတ်ပြန်မရကြသေးပါ။ ဒေါ်မြမြအေးက ဆားဆန်ပြုတ်သောက်တယ်။ ကျွန်တော်က ကော်ဖီ၊ ပေါင်မုံ့နဲ့ ကြက်ဥကြော်သာစားတယ်။ မနေ့က နေပြည်တော်သွားဖို့အစီအစဉ်ကို ရွေ့လိုက်ရတယ်။ ၂၆ ရက်နေ့ မန္တလေး ဘုရားကြီးတိုက် ဆင်မင်းကျောင်းမှာ အမျိုးတွေစုပြီးဆွမ်းကပ်ကြမယ်။ အားမွေးထားကြပါတယ်။

၅ နှစ်တိတိအကြာမှာတော့ အရာရာပြောင်းသွားပြီ။ အကောင်းဘက်ကိုသာ တွေ့ရသတဲ့။ ကျွန်တော်တို့ ခရီးသွားဝမ်ပျက်ခြင်း ဖြစ်စရာ မရှိလောက်တော့ပါ။ ကန်တော့။

ဒေါက်တာတင့်ဆွေ

၂၄-၅-၂၀၁၈

၂၄-၅-၂၀၂၃

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ