Burning Village တိုင်းပြည်ကြီးကတော့

ကျွန်တော့ကို မေးရင် ဖြစ်တဲ့သူ (မေးတဲ့သူ မဟုတ်) ကလေး-လူကြီး-အသက်-ကျားမ သိလိုသည်။ အရွယ်ရောက်အမျိုးသမီးဆိုရင် လစဉ်ရာသီ၊ အိမ်ထောင်ရေး၊ ကလေးနဲ့ ကိုယ်ဝန် သိလိုသည်။ ဆေးစစ်ချက်ပို့မေးရင် အောက်ဆုံးက မှတ်ချက်စာကြောင်းသာလိုသည်။ ပုံတွေ မလို။ အမည် စတာတွေကို ဖျက်ထားနိုင်သည်။ ဘာသာပြန်ခိုင်းတာ မဖြေပါ။ စိုးရိမ်ရသလာသာ မေးတာ မဖြေပါ။ ကာကွယ်နည်း၊ ကုသနည်း ဖြေပါမည်။ သတ်ပုံမမှန်လည်း နားလည်ရင် ဖြေပါသည်။ နားမလည်ရင် ပြန်မေးမည်။ ဆရာဝန်ကို ရောဂါအကြောင်းမေးတာမှာ သိရင်ဖြေပေးပါဆိုတာမျိုးက ဂွကျသည်။ မဖြေမိရင် မသိသူဖြစ်တော့မည်။

ကွန်မင့်တခု = စည်းကမ်းချက်တွေဖြေလျော့ပြီး တတ်နိုင်သလောက်ဖြေပေးပါဆရာ။ ဖေ့စ်ဘုတ်သာသုံးနေကြတယ် ဗမာစာ ဗမာစကား မတတ်ရှာကြဘူး။ ကျန်းမာရေးအသိလည်းမရှိရှာကြဘူး။ ပြည်တွင်းမှာ အခွင့်ကောင်းယူ ပိုက်ဆံတောင်းတဲ့ဆေးခန်းနဲ့ ဆေးရုံတွေပဲများပါတယ်။ ခေတ်ပျက်မှာ စီးပွားရှာလို့ကောင်းနေကြတယ်ထင်ပါရဲ့။

ဟုတ် ဆောရီး။ ကျေးဇူး။ ဒါပေမဲ့ -

- ရမ်းဖြေသူ ရမ်းကု။ ရမ်းကုတွေပေါလို့ ကျွန်တော်လိုဆရာဝန်မရှိလည်း လူနာတွေမှာ နစ်နာစရာ မရှိ။ 

- ဘာစည်းကမ်းမှမထားသူတွေက ကင်ဆာမှန်သမျှကို ရှောင်ရမဲ့အစားအသောက်တွေ၊ စားရမဲ့ အစားတွေကို ဘယ်ကင်ဆာလာလာ၊ ဘယ်အဆင့်လာလာ နည်းပေးနေကြတယ်။ 

- သူတို့က ဖြစ်တဲ့သူ ကလေးဖြစ်နေနေ၊ လူကြီးဖြစ်နေနေ၊ အမျိုးသားဖြစ်နေနေ အမျိုးသမီးဖြစ်နေနေ ဆေးနည်းအတူတူ ပေးနေကြတယ်။ 

- ကျွန်တော်လိုဆရာဝန်မရှိလည်း လူနာတွေမှာ နစ်နာစရာ မရှိ။

ကျွန်တော် ဆေးစာ၊ နိုင်ငံရေးနဲ့ မြန်မာစာအပါအဝင် သုတစာလေးတွေရေးနေရတဲ့ ရည်ရွယ်ချက်က -

- အမှန်ကို သိစေဘို့၊ 

- ခိုင်းတိုင်းလည်း ဟုတ်တယ်မထင်ဘို့၊ 

- အမိန့်ဆိုတိုင်းလည်း မလိုက်နာသင့်ကြောင်း၊ 

- တရားဝင် သတ်ပုံစာအုပ်မှာလည်း မမှန်တာတွေ ပါနေတာသိဘို့၊ 

- ခေတ်ဆိုတိုင်းလည်း လက်ခံသင့်တာကိုသာ လက်ခံသင့်ကြောင်း 

- ဘာသာတရားနဲ့ မြန်မာစာ အစောင်းတွေကောင်းပြီး၊ အသစ်တွေမှားနေကြောင်း စတဲ့ တွေးခေါ် ဆင်ခြင်မှု တည့်မှန်ဘို့ ဖြစ်ပါတယ်။ 

ဘယ်ဘာသာရပ်ကိုမဆို စာသင်သလို မရေးပါ။ စဉ်းစားတတ်ဘို့ပါ။ ဆေးပညာစာတွေကလည်း ဆေးကုနေတာ မဟုတ်ပါ။

မှန်စေချင်သူတွေထဲမှာ -

- လူနာတွေသာမက ဆရာဝန်တွေလည်းပါတယ်။ 

- မဲပေးသူတွေသာမက အမတ်တွေလည်းပါတယ်။ 

- အဖမ်းခံ အသတ်ခံ မီးရှို့ခံနေရသူတွေသာမက ဖမ်းသူ သတ်သူ မီးရှို့သူတွေလည်း ပါတယ်။ 

- ကျောင်းသူကျောင်းသားတွေသာမက ဆရာဆရာမတွေနဲ့ ဆရာကြီးဆိုသူတွေလည်းပါတယ်။ 

- စာအုပ်ဝယ်ဖတ်သူတွေသာမက စာအုပ်ထုတ်ရောင်းတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာဆရာတွေလည်းပါတယ်။

ကျွန်တော် မရေးလည်း ပန်းပန်နေသူတွေက ပန်းဆက်ပန်နေကြပါမည်။ တပွင့်ပြီး တပွင့်။ တိုင်းပြည်ကြီးကတော့ ချွေးတရွှဲရွှဲ၊ သွေးတစိုစို၊ မီးခိုးတလူလူ။

Burning Village by Andre Sutherland

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ