Medical tourism နိုင်ငံခြား ဆေးသွားကုသခြင်း

ကျွန်မရင်သားကင်ဆာဖြစ်တယ်လို့ သိကြတဲ့မိတ်ဆွေ တချို့က ထိုင်းမှာပဲသွားကုခိုင်းကြပါတယ်။ မြန်မာနိုင်ငံက စိတ်မချရဘူးလို့ ပြောကြပါတယ်။ သူတို့ကိုယ်တိုင်လည်း ထိုင်းမှာပဲကုသနေကြသူတွေပါ။ သူတို့ပြောကြတာက ထိုင်းမှာဆေးသွင်းကုသရင် ကင်ဆာဆဲလ်တွေကိုသာ တိုက်ရိုက်တိုက်ခိုက်တဲ့ဆေးတွေနဲ့ကုသတယ်။ ဒါကြောင့်လူမထိခိုက်ဘူး။ မြန်မာပြည်မှာကုတဲ့ဆေးတွေက တခြားကလီစာတွေကိုထိခိုက်ပြီး ကုသမှုလည်းပြီးရော လူလည်းလူမမာဖြစ်ကျန်ရောလို့ ပြောကြပါတယ်။ ကုန်ကျစရိတ်လည်းအတူတူပဲလို့ ပြောကြပေမယ့် ကျွန်မမယုံပါဘူး။ ကျွန်မကတော့ခေါင်းမာစွာပဲ မြန်မာပြည်မှာကုသပါတယ်။ အခုထိ ကျွန်မဘာမှမဖြစ်ဘဲ ဆေးသွင်းကုသနေတုန်းပါ။ တကယ်ပဲ ထိုင်းမှာကုသရင် ကင်ဆာဆဲလ်တွေကိုပဲ တိုက်ခိုက်တဲ့ဆေးရှိသလားတော့သိချင်မိပါတယ်။ အတွေ့အကြုံရှိသူများ ဝင်ရောက်ပြောပြစေချင်ပါတယ်။

ဒီစာကို ကင်ဆာနေရာတခုမှာ ဖတ်ရလို့ ရေးပါတယ်။ ဒီခေါင်းစဉ်ကို ရေးရင် အတော်ရှည်မယ်။ ခေါင်းစဉ်ခွဲတွေနဲ့ ရေးရတယ်။ မရေးအားသေးပါ။ 

• History သမိုင်းကြောင်း

• Description အဓိပ္ပါယ်ဖွင့်ဆိုချက်

• International healthcare accreditation နိုင်ငံတကာဆေးကုခွင့်

• Risks and criticism သတိထားစရာများနှင့် ဝေဘန်ချက်များ

• Legal issues တရားဥပဒေရှုဒေါင့်

• Ethical issues ကျင့်ဝတ်

Asia and the Pacific Islands အာရှနှင့် ပစိဖိတ်ဒေသရှိ ဆေးကုရာနေရာများ (အက္ခရာစဉ်)

1. China တရုပ်

2. Hong Kong ဟောင်ကောင်

3. India အိန္ဒိယ

4. Malaysia မလေးရှား

5. New Zealand နယူးဇီလန်

6. Pakistan ပါကစ္စတန်

7. Singapore စင်္ကာပူ

8. Thailand ထိုင်း

Health tourism နိုင်ငံခြားကို ဆေးကုသွားတဲ့ ခေါင်းဆောင်များ

၂၉-၈-၂၀၁၇ နေ့ကထွက်တဲ့သတင်းမှာ အာဖရိကတိုက်ကနိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံခြားသွားသွားပြီး ဆေးကုနေကြတာကို ပြစ်တင်ဝေဘန်လိုက်ပါတယ်။ အာဖရိကတိုက်နိုင်ငံများကျန်းမာရေးဝန်ကြီးများအစည်းအဝေးမှာ တောင်အာဖရိက ကျန်းမာရေးဝန်ကြီး ဒေါက်တာ အာရွန် မော့ဆိုလီဒီက ပြောလိုက်တာဖြစ်ပါတယ်။

သူပြောနေချိန်မှာ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဇင်ဘာဗွေသမတ ရောဘတ်မူဂါဘေဟာ စင်္ကာပူကိုဆေးစစ်ဘို့ ထွက်သွားပါတယ်။ မူဂါဘီရဲ့ပြောရေးဆိုခွင့်ရှိသူက မူဂါဘီကိုဆေးကုပေးတဲ့ဆရာဝန်ကလည်း အမည်း၊ အလွန်မည်း၊ တကယ်မည်းပါတယ်လို့ ခုခံကာကွယ်ပါတယ်။

နိုက်ဂျီးရီးယားသမတ မော်ဟာမဒူ ဘူဟာရီကတော့ ယူကေကိုဆေးသွားကုလေ့ရှိပါတယ်။ အင်ဂိုလာသမတ ဂျိုဆေး ဒူရာဒို ဆန်တို့စ်ကလည်း နိုင်ငံခြားပဲဆေးသွားကုတယ်။ ဘီနင်သမတ ပက်ထရစ် တာလုံလည်းအတူတူပဲ။

တောင်အာဖရိကကျန်းမာရေးဝန်ကြီးပြောတာတခု မှားတယ်။ သူက အဲလိုနိုင်ငံခြားဆေးသွားကုတဲ့တိုက်ဟာ အာဖရိကတိုက်တခုတည်းရှိတယ်တဲ့။ အာရှတိုက်ထဲကနိုင်ငံတခုအမည်နဲ့ စင်္ကာပူကို ဆေးသွားကုတဲ့လူကြီးတွေ အမည်တွေကိုတော့ ပြည်တွင်းမှာနေသူတွေက ကျွန်တော့ထက်ပိုသိကြပါတယ်။ 

ကိုယ့်တိုင်းပြည်

မြန်မာပြည်ကနေ တိုင်းတပါးကိုသွားပြီး ဆေးကုရတယ်ဆိုတာ အရင်က အင်မတန်ရှားပါတယ်။ အလွန်ပိုက်ဆံအလွန်ပေါပြီး အခွင့်အာဏာရှိသူနည်းနည်းသာ သွားကြတယ်။ တဖြည်းဖြည်းနဲ့ များလာတယ်။ ဖက်ရှင်လိုလို ခေတ်စားလာတယ်။ မလွဲမသွေသွားကုရမှာတွေလည်း ရှိလာတယ်။ ဥပမာ အသည်း၊ ကျောက်ကပ် အစားထိုးခြင်း။ အခုဆို ဆေးစစ်တာကိုလည်း ပြည်ပသွားရတာမျိုး ရှိလာပြန်တယ်။ အွန်လိုင်းကနေ ပို့စစ်တာမျိုးကတော့ ရိုးသလိုတောင် ဖြစ်လာတယ်။

ပြည်ပတိုင်း ကောင်းသလား 

အဖြေကတော့ ပြောတိုင်း မဟုတ်ပါ။ အမေရိကားမှာလည်း မထင်မှတ်တဲ့ အသက်ဆုံးရှုံးမှု ရှိတယ်။

ပြည်တွင်းတိုင်း ညံ့သလား 

မျိုးချစ်စိတ်နဲ့တော့ အဖြေမမှန်နိုင်။ ပြည်ပနေရာတွေမှာ ကိုယ့်ဆီမှာ မရှိတဲ့ စမ်းသပ်ကရိယာတွေ၊ ဓါတ်ခွဲခန်းတွေ၊ ဆေးတွေ ရှိတာတော့ အမှန်။ ပြည်တွင်းမှာ တော်တဲ့ဆရာဝန်တွေ ရှိတယ်။ အရေအတွက်တော့ မသိပါ။ ဖေ့စ်ဘွတ်မှာရေးကြတဲ့ အမည်တိုင်း တကယ်ဟုတ် မဟုတ် မသိပါ။ ခေတ်က ပေါ်ပြူလာဖြစ်တာတို့ ဆဲလီတို့ဆို အဟုတ်မှတ်ကြတယ်။ တခြားအကြောင်းအရာတွေကို မပြောလို၊ ဆေးပညာကိုတော့ အဲလို မယူဆသင့်ကြပါ။ ဖေ့စ်ဘွတ်မှာ မကြာခဏတွေ့ရတဲ့ ဆရာဝန်အမည်၊ ဆေးရုံအမည်တွေတိုင်းကတော့ တကယ့်သင့်မှန်တယ်လို့ မထင်ပါ။ ဥပမာ ဓါတ်စာတွေအကြောင်းမှာပါတဲ့ အမည်တွေက တကယ်တော့ ပိုက်ဆံနဲ့ နာမည်ရဘို့တွေ ပါနေတယ်။

တော်လည်းတော်၊ စိတ်ထားစေတနာလည်းပါတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ ရှိပါမယ်။ အရေအတွက် မသိပါ။ တော်တော့တော်ပြီး ငွေယူကြမ်းတာလည်း ရှိတယ်။

ကံတရား

ဇီဝကဟာ သူကုသပေးရသူ အသက်မသေဆိုတဲ့ ပါရမီနဲ့ပြည်စုံပါသတဲ့။ ကံမပါတဲ့လူနာ သူ့ဆီအရောက် မလာနိုင်ကြရှာ။

ဘယ်သူမဆို ဘယ်နေ့ရက်မှာ၊ ဘာရောဂါနဲ့၊ ဘယ်နေရာဒေသမှာ ခေါင်းချရမယ်လို့ ကြိုတင် သိနိုင်ခြင်း မရှိကြပါ။

ကျွန်တော် နယူးဒေလီမှာနေခဲ့စဉ်က ပြည်တွင်းကနေ ဆေးလာကုပြီး အသက်ဆုံးပါးသူ နှစ်ဦးအတွက် နာရေး ဆောင်ရွက်ပေးခဲ့ရတယ်။ အိန္ဒိယမှာနေတဲ့ မိတ်ဆွေတဦး မြန်မာပြည်သွားနေစဉ် မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်တယ်။

ဒီစာအတိုလေးရဲ့ အချုပ်ကတော့ -

• အထင်နဲ့ ကောင်း၏ ဆိုး၏ မပြောသင့်။ 

• သူများတွေက ကောင်းတယ်ဆိုတိုင်းလည်း တကယ်ကောင်းတာ ဟုတ်ချင်မှဟုတ်မယ်။ 

• ကျန်းမာရေးကို အားကစားလို မျိုးချစ်စိတ်နဲ့ ဗမာနိုင်ပြီ မအော်ရ။ 

• အခု အတော်ကိုညံ့နေသေးတာကို လက်ခံရမယ်။

• ကိုယ့်တိုင်းပြည်မှာ အရာရာ ကောင်းလာအောင် လူတိုင်းက ကြိုးစားကြရမယ်။ 

• တွေးမြင် ဆင်ခြင်မှု ကောင်းကြပါစေ။ ကံကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ