PET ကိုယ်ဝန် သွေးဆိပ်တက်ခြင်း

၁။ ဆရာ ကျွန်နော့်မိန်းမ အသက် ၃၀ ကိုယ်ဝန် ခြောက်လ ကျော်ပါပြီ ခု ခြေထောက်တွေ ယောင်နေ(ရောင်နေ) လို့ပါ အဲဒါ ပုံမှန်လား ဘယ်လိုနေထိုင် စားသောက်ရမလည်း ဖြေပေးပါဦဗျာ

အခုစာကို ဖတ်ပါ။ အဲဒါဖြစ်နေတယ်လို့ပြောတာ မဟုတ်ပါ။ ဆီးစစ်ရမယ်။ သွေးဖိအားတိုင်းရမယ်။

၂။ ဆရာ လူနာက ကျတော့်အစ်မပါ၊ ငါန်းဇွန်မြို့နယ်ကပါခဗျ။ အသက် (၃၅)နှစ်၊ ကိုယ်ဝန် (၅)လ။ ရောဂါ  ခန္ဓာကိုယ်အောက်ပိုင်းရောင်နေလို့ပါဆရာ၊ ရောဂါဖြစ်တာတလရှိပါပြီ။ အသားတွေက မာပြီးတင်းပြောင်နေပါတယ်။ ဆေးရုံတက်ပါတယ် မသက်သာပါဆရာ၊ ဘယ်လိုကုသမှုမျိုးလုပ်သင့်ပါသလဲ၊ ကျေးဇူးပြု၍ ဖြေကြားပေးပါဦးဆရာ။

၃။ ဆရာခင်များ ကျွန်တော်က မြိုင်မြို့နယ် ချောင်းဆုံအုပ်စုကပါခင်မျာ။ ကျွန်တော့်အမျိုးသမီး အသက်၂၈ နှစ်သည် ဒုတိယ ကိုယ်ဝန် ၉ လ ရှိနေပါပြီ။ ၎င်း၌ နယ်အခေါ် ကိုယ်ဝန်ဆိပ်တက်ခြင်း ကြုံတွေ့နေရပါသည်။ ပထမ သားဦးကိုယ်ဝန် လွယ်စဉ်မှ မွေးသည်အထိ ယခုလို အခံစားခဲ့ရပါဘူး။ လက်ရှိခံစားနေရခြင်းနှင့်ပါတ်သက်၍ ဆောင်ရန်ရှောင်ရန်များ သိလိုပါသောကြောင့် ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ လေးစားစွာဖြင့်။

ဒီစာကိုမွမ်းမံပြီးပြန်တင်စဉ်က ကိုယ်ဝန်ဆောင်ချိန်မှာ ရောင်နေလို့မေးတာ ၂ ယောက်ရှိတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ လရင့်လာရင် အနည်းနဲ့အများ ခြေထောက်ရောင်တတ်တယ်။ စိုးရိမ်စရာမရှိသေးပါ။ ဒါပေမယ့် (၁) ကိုယ်ရောင်မယ်၊ (၂) ဆီးထဲမှာ အနယ်တွေပါမယ်၊ (၃) BP သွေးဖိအားတက်မယ်ဆိုရင် ကိုယ်ဝန်သွေးဆိပ်တက်လို့ခေါ်တယ်။ အများအားဖြင့် ကိုယ်ဝန် ၂ဝ ပါတ်နောက်ပိုင်းမှာ ဖြစ်တတ်တယ်။ မတက်သေးတဲ့အဆင့်ကို Preeclampsia (PET) နဲ့ Pre-eclamptic Toxemia (PET) လို့ခေါ်ပြီး၊ တက်ရင်တော့ Eclampsia လို့ ခေါ်တယ်။

သွေးတိုးတာတခုတည်းနဲ့ သွေးဆိပ်တက်တာလို့ မခေါ်ပါ။ အမေရိကားမှာ ကိုယ်ဝန်တွေရဲ့ ၆-၈% သွေးတိုးတယ်။ အဲဒီထဲမှာ သားဦးတွေက ၇ဝ% ရှိတယ်။ ၁၉၉၈ စာရင်းအရ သူတို့ဆီမှာ ကိုယ်ဝန်သွေးဆိပ်တက်သူ ၁၄၆၃၂ဝ ယောက် ရှိခဲ့တယ်။ ကိုယ်ဝန်မှန်သမျှထဲမှာ ၆-၈% က သွေးဆိပ်မတက်ခင်အဆင့် နဲ့ ဝ့ဝ၅-ဝ့၂% ဟာ သွေးဆိပ်တက်တဲ့ အဆင့် ဖြစ်တယ်။

ဘာလို့ အဲလိုလာဖြစ်သလဲ အတိအကျတော့ မပြောနိုင်သေးဘူး။ ဖြစ်နိုင်တာတွေကတော့ အော်တိုအင်မြူး ခေါ် ရောဂါပြီးစနစ် မူမမှန်တာ၊ သွေးကြောပြဿနာ၊ အစားအသောက် နဲ့ မျိုးဗီဇတွေကဖြစ်နိုင်တယ်။

အဖြစ်များသူတွေကတော့ သားဦးကိုယ်ဝန်၊ အမြွှာကိုယ်ဝန်၊ လူအဝလွန်ရင်၊ အသက် ၃၅ နှစ်ကျော်ရင်၊ အရင်က သွေးတိုး၊ ဆီးချို နဲ့ ကျောက်ကပ်ရောဂါရှိဘူသူတွေမှာ ပိုဖြစ်တတ်တယ်။

ရောဂါလက္ခဏာတွေ

တချို့မှာ ဘာမှ သိပ်မခံစားရဘူး၊ ခြေ-လက်-မျက်နှာ ထူးခြားပြီး ရောင်မယ်၊ ကိုယ်အလေးချိန် တိုးသင့်တာထက် တိုးမယ်၊ ဆီးထဲမှာ အနယ်တွေပါမယ်၊ BP သွေးဖိအားတက်မယ်။ အထက်သွေးချိန်ဟာ 140mmHg ထက်ပိုမယ်၊ ဒါမှမဟုတ် ကိုယ်ဝန်မဆောင်ခင် (ဒီရောဂါ မဖြစ်ခင်က) ထက် 30mm ပိုမယ်၊ အောက်ဂဏန်း 90 mmHg ထက်ကျော်မယ်၊ ဒါမှမဟုတ် ကိုယ်ဝန် မဆောင်ခင် (ဒီရောဂါ မဖြစ်ခင်က) ထက် 15mm ပိုမယ်။ BP သွေးဖိအား တိုင်းတာကို တခါနဲ့နောက်တခါ ၆ နာရီခြား တိုင်းသင့်တယ်။ ခေါင်းကိုက်မယ်၊ ထိုးကိုက်တာမျိုး ဖြစ်တယ်၊ ဗိုက်နာမယ်၊ ညာဘက် နံရိုးအောက်က ပိုနာတတ်တယ်၊ ညာပခုံးမှာလဲ နာတတ်တယ်၊ လေနာတာနဲ့ မှားတတ်တယ်၊ ဆီးသွားတာ နည်းလာမယ်၊ ပျို့-အန်မယ်၊ မျက်စိကြည့်မကောင်း ဖြစ်လာမယ်၊ ခေါင်း မတရားကိုက်တာ၊ တက်တာ၊ အဆုတ်ရောင်တာ ဖြစ်ရင် မကောင်းပါ။

• Platelet count 100,000 သွေးမှုံအရေအတွက် နည်းမယ်၊

• အသည်းကောင်း-မကောင်း စစ်ဆေးရာမှာ (အင်ဇိုင်းမ်) တွေ များနေတာ၊

• ကျောက်ကပ်အလုပ်တွေနဲ့ ဆိုင်တာတွေဖြစ်တဲ့ ဆီးသွားတာ နည်းလွန်းလာခြင်း၊ ဆီးထဲ (အယ်လ်ဗြူမင်) သိပ်များနေတာ၊ သွေးထဲမှာ creatinine များနေတာ၊

• HELLP syndrome (H = Hemolysis သွေးဥပျက်စီးခြင်း၊ + EL = Elevated liver enzymes (အင်ဇိုင်းမ်) တွေ များနေခြင်း၊ + LP = Low platelet count သွေးမှုံတွေ နည်းခြင်း၊) လို့ ခေါ်တယ်။

ဘယ်လိုကုသသလဲ

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းကို ဆရာဝန်နဲ့ ပုံမှန်ပြသနေပါ။ မဆိုးတဲ့ သွေးဆိပ်တက်သူတွေကို အိပ်ရာမှာ နားစေရမယ်။ ည ၈ နာရီ၊ နေ့ ၂ နာရီ နားနေပါ။ ဘယ်ဘက် စောင်းအိပ်ပါ။ ရေပိုသောက်ပြီး ဆားလျှော့စားပါ။ ဆိုဒီယမ်ပါတာတွေ (ငါးပိ၊ ငန်ပြာရည်။ ငါးခြောက်၊ ဟင်းချိုမှုံ့) မစားပါနဲ့ ဆိုးဝါးတဲ့ သွေးဆိပ်တက်သူတွေကို အိပ်ရာမှာ ဆေးရုံတက်နေသလို နားပါ။ အညစ်အကြေးစွန့်ချိန်သာ ထပါ။ လိုအပ်ရင် ထမသွားစေဘဲ ဆီးခြူပေးရမယ်။ လိုအပ်ရင် ဆေးရုံတင်ရမယ်။ ကလေးမွေးပြီးမှသာ ကောင်းသွားတယ်။ စောစောမွေးပေဘို့ လိုရင် ကလေးလဲ ဖွံ့ထွားမှု ကောင်းနေပြီဆိုရင် ဥပမာ ၃၇ ပါတ်ကျော်ရင် တနည်းနည်းနဲ့ မွေးအောင် လုပ်ပေးနိုင်တယ်။ ရောဂါအခြေအနေ မဆိုးရင် နေ့စေ့လစေ့အထိ စောင့်နိုင်တယ်။

သွေးဖိအားကျဆေး လိုနိုင်တယ်။ သွေးကျဆေးတွေက အထဲကကလေးကို သက်ရောက်စေနိုင်တယ်။ Methyldopa, Hydralazine နဲ့ Labetolol or Nifedipine တွေကို အများဆုံး သုံးတယ်။

• Antioxidants အဆိပ်ဖြေဆေးသဘောရှိတဲ့ ဗီတာမင် စီ နဲ့ အီး တွေကို ပေးနိုင်တယ်။ ဗီတာမင် ဒီ နည်းနေရင်လဲ ဒီရောဂါ ပိုဖြစ်တာ တွေ့ရတယ်။

• ကိုယ်ဝန် ၂၄ ပါတ်ကျော်ရင် ကလေး အဆုပ်ကောင်းဘို့အတွက် Steroid injections ထိုးဆေး ထိုးပေးနိုင်တယ်။

• အတက်ရောဂါဖြစ်တာကို ပြုစုသလို လုပ်ရမယ်။ ပြုစုမဲ့သူက တည်ငြိမ်ပါ၊ လူနာကို တဖက်ဖက် စောင်းအိပ်နေစေပါ၊ အန္တရာယ်ရှိနိုင်တာ၊ အသက်ရှူလမ်းကို ဆို့နိုင်တာတွေ ဖယ်ရှားပါ။ ခေါင်းအောက်မှာ ခပ်ပြော့ပြော့အရာ ခုခံထားပေးပါ။ တက်နေတာကို ပြေစေအောင် လက်-ခြေ စတာတွေကို ဆွဲဆန့်တာ၊ ဆွဲဖြောင့်တာ၊ ချိုးဖဲ့တာတွေ မလုပ်ပါနဲ့။ ပါးစပ်ထဲကို ဘာမှ မထည့်ပါနဲ့။ တက်ပြီးရင် လူနာကို အားပေးနှစ်သိမ့်ပါ။

• တက်တဲ့အဆင့်ဖြစ်လာရတာက သွေးဖိအားများတာနဲ့ ဦးနှောက်ရောင်တာတွေကနေ ဖြစ်ရတယ်။ Magnesium sulfate ဆားခါး IV ထိုးဆေးကို သုံးတယ်။

• Eclampsia တက်တဲ့အဆင့်ရောက်ရင် Hydralazine (5–10 mg IV every 15-20 min ပေးနိုင်တယ်။ ဒါမှမဟုတ်ရင် Labetalol (20 mg bolus IV followed by 40 mg if necessary in 10 minutes; then 80 mg every 10 up to maximum of 220 mg) ပေးနိုင်တယ်။

• BZD (Benzodiazepines) ဆေးကို သုံးနိုင်တယ်။ စိတ်ရောဂါအတွက် သုံးတဲ့ဆေး ဖြစ်တယ်။ ငြိမ်ဆေးဖြစ်တယ်။ စိုးရိမ်စိတ်ကဲတာ နဲ့ မအိပ်နိုင်တာတွေအတွက် ပေးတယ်။ ကင်ဆာ-လူနာတွေမှာ ဆေးတွေကြောင့် ပျို့-အန်တာ သက်သာစေဘို့လဲ ဒီဆေး ပေးတယ်။

နောက်ဆက်တွဲဖြစ်နိုင်တာတွေ

မအေရော ကလေးပါ သေဆုံးရတယ်ဆိုတာ ရှားပါတယ်။ မိခင်မှာ ၈-၃၆% တက်နိုင်တယ်။ ကလေးက နေ့မစေ့ဘဲ မွေးတတ်တယ်။ တမင်တကာလဲ မွေးပေးရတတ်တယ်။ ၁၃-၃ဝ% စောမွေးနိုင်တယ်။ သွေးဆင်းတဲ့ပြဿနာ၊ အချင်းက အထဲမှာတင် ကွာနေတာဖြစ်နိုင်တယ်။ ဆိုးဝါးတဲ့ နောက်ဆက်တွဲရောဂါ ဖြစ်တယ်။ အသည်းကွဲထွက်တာ၊ နှလုံး (စထုပ်ခ်) ရတာ၊ ကလေးကိုယ်အလေးချိန်မပြည့်တာ၊ စောမွေးတာတွေလဲ ဖြစ်စေနိုင်တယ်။ အသေမွေးတာလဲရှိတယ်။ ကျောက်ကပ်၊ အချင်း၊ အသဲ နဲ့ ဦးနှောက်တွေကို သက်ရောက်စေတယ်။

ကာကွယ်ရေး

ကိုယ်ဝန်အပ်ပါ။ အချိန်မှန်ပါစေ။ အသေအခြာ လိုက်နာပါ။ အစာအာဟာရ မျှတ၊ မှန်ကန်၊ လုံလောက်ပါစေ။ ပြုပြင်ပြီးသား အသင့်ဝယ်စားလို့ရတဲ့ အစား-အသောက်တွေ ရှောင်ပါ။ (ကေဖင်း)၊ အရက် မတည့်ပါ။ လိုတဲ့အားဆေးတွေ သောက်ပါ။ ဆရာဝန် မညွှန်တဲ့ တခြားဆေးတွေ မသောက်ပါနဲ့။ (ဟာဗယ်)၊ တိုင်းရင်းဆေးတွေလဲ သတိထားရမှာထဲ ပါဝင်တယ်။

အလားအလာ

ကလေးဖွါးပြီးနောက် ၆ ပါတ်အတွင်းမှာ သွေးဖိအား များနေတာ၊ ဆီးအနယ်ပါနေတာ၊ ကိုယ်ရောင်တာတွေ လုံးဝ ကောင်းသွားမယ်။ တချို့မှာ ပိုကြာနိုင်တယ်။ တခါဖြစ်ဘူးတဲ့ မိခင်တယောက်ဟာ နောက်ကိုယ်ဝန်တွေမှာလဲ ဖြစ်နိုင်သေးတယ်။ နောက်ဖြစ်တာက အရင်လောက် မဆိုးဘူး။ အသက်ကြီးလာရင် သွေးတိုး ရှိလာတတ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ