ငရုတ်သီး မြည်းကြည့်ပါ

ဆရာ့အကောင့် အစစ်လားလို့ ဖေ့စ့်ဘွတ် စာမျက်နှာက ကွန်မင့်မှာ တွေ့ပါတယ်။

ဈေးဝယ်သလို ငရုတ်သီး စပ် မစပ် တကိုက်လောက် ကိုက်ကြည့်ရသတဲ့။

မေးမြန်း စူးစမ်းတာ ကောင်းတယ်။

ဟိုတနှစ်က ကျွန်တော့အမည်၊ ကျွန်တော့ဓါတ်ပုံ၊ ကျွန်တော့စာတွေကို ကူးတင်တဲ့ အကောင့်အတုတွေ ၃-၄ ခုပေါ်ပေါက်တယ်။

မစူးမစမ်း မေးခွန်းတွေမေးကြတယ်။ ဖြေသတဲ့။ (ကန်တော့) အမျိုးသမီးရဲ့ ဖုံးကွယ်ထားရတဲ့နေရာကို ပုံရိုက်ပို့ခိုင်းတော့ မစူးမစမ်းတွေက ပုံပို့မိကြသတဲ့။ တယောက်ကတော့ ငွေညှစ်ခံရတယ်လို့ ပြန်ပြောတယ်။ ပြန်မပြောသူတွေ ဘာဖြစ် မသိပါ။ ကန်တော့။

အကောင့်အတုတွေကို အကြိမ်ကြိမ် ရီပို့လုပ်တော့မှသာ ပျောက်ကွယ်သွားတယ်။ သူများတွေကို ကူကြပါဦးပြောရတယ်။

ကျွန်တော့မူကို သိသူတွေက ငရုတ်သီးစပ်မှန်း သိကြမယ်။ ကျွန်တော်က -

- သား သမီးလို့ မသုံးပါ။

- တ ကို မလိုအပ်ဘဲ တစ် မလုပ်ပါ။

- အတုတွေလုပ်ကြသလို မေးတခွန်း ဖြေတခွန်း မလုပ်ပါ။

- ပုံတွေ မပို့ပါရန်လို့ စည်းကမ်းမှာ ထည့်ထားတယ်။

- ပို့စ်မှာ အသုံးပြုတဲ့ပုံတွေက အများအမြင်မှာ တင့်တယ်တာတွေသာဖြစ်တယ်။ အကောင့်အတုမှာ ဆွဲဆောင်မှုကောင်းတဲ့ပုံတွေတင်ထားတယ်။

အခုဆို အဖျက်ခံရတဲ့ အကောင့်အတုတွေက အမည်သစ်တွေနဲ့ လိမ်နေကြလောက်ပြီ။

ငရုတ်သီး မြည်းပြီးမှသာ ဝယ်ကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ