Vitamins ဗီတာမင် အေ ဘီ စီ အီး ကေ

၁။ ကျွန်မအသက်က ၂၈နှစ်ပါ၊ ကလေးမွေးထားတာ ၄လပြည့်တော့ပါမယ်၊ Fenza နဲ့ protinet သောက်ပါတယ်၊ ရိုးရိုးမွေးထားပါတယ်၊ အခု ညာဘက်ခြေထောက်နဲ့ လက်တွေ ထုံနေပါတယ်၊ ဒီနေ့အထိ ၄ရက်ရှိပါပြီ၊ ဘာဖြစ်တာလဲသိချင်ပါတယ်ရှင့်။

သွေးတိုး + ဆီးချို + ကိုလက်စထော ပုံမှန်ရှိသူ စိုးရိမ်စရာ မရှိ။ ဗီတာမင်ဘီ မနည်းရင် စိုးရိမ်စရာမရှိလောက်။

ဗီတာမင်ဘီ နည်း မနည်း စစ်လို့ရတဲ့နည်းရှိပါသလား။ အေးစက်ပြီးထုံကျင်နေလို့ပါ။ ဗီတာမင် ဘီ ကို အစားအသောက်ထဲထည့်ပြီးစားပေးရင် ဘယ်အရာတွေကို စားပေးသင့်သလဲ၊ ကျေးဇူးပြု၍ ရှင်းပြပေးပါ။

၂။ ကျွန်မတူလေးအသက် ၁၃ နှစ်ရှိပါပြီ။ တံထောင်ဆစ် ၂ ဖက်လုံးမှာ အဖုသေးသေးလေးတွေ အစုလိုက် ပေါက်နေပါတယ်။ ကိုင်ကြည့်ရင် မာမာစူးစူးလေးတွေပါ တဖြည်းဖြည်းနဲ့လဲပွားလာပါတယ်ရှင့်။ သူများတွေက ကြာစူးပေါက်တာလို့ ပြောပါတယ်။ အဲ့ဒါပြောက်အောင် ဘာဆေးများလိမ်းရမလဲရှင့်။

၃။ ဆရာရှင့် သမီးသားလေးက အသက် ၇ နှစ်ပါ။ ၄ နှစ်သားလောက်ကတည်းက ရင်ဘတ်မှာ ကြာစူးလိုမျိုး (သမီးအထင်) တွေ အများကြီးထွက်လာပါတယ်။ ကလေးအထူးကုတွေနဲ့ပြကြည့်ခဲ့ပါသေးတယ်။ ဆရာဝန်က ဘာမှမဖြစ်ဘူး ကြီးလာရင် ပျောက်သွားမှာလို့ ပြောခဲ့ပါတယ် ခုက ပါးတွေမှာ ရင်ဘတ်ကဟာမျိုးတွေထွက်လာပါတယ်။ ကလေးတွေ ဒူးတို့ တတောင်တို့မှာ ထွက်တတ်တဲ့ အဖုလိုမျိုးတွေပါ။ တချို့အဖုတွေက ထိပ်မှာ အမဲဆံလေးတွေနဲ့ ညှစ်ကြည့်လိုက်ရင် အထဲက အဆံထွက်လာပါတယ်။ တကယ်ပဲစိတ်မပူရဘူးလားဆရာ။ ကြီးလာရင် ပျောက်သွားတတ်ပါလားရှင့်။ ဓာတ်တမျိုးမျိုးချို့တဲ့လို့ထွက်လာတာမျိုးလားရှင့်။ ခုထိမပျောက်သေးပဲ တခြားနေရာတွေပါ ပျံ့လာလို့ပါရှင်။ 

၄။ ဆရာရှင့် ကျမက အသက် ၄၃ နှစ်ပါ။ ငယ်ငယ်ကတည်းက ကြာဆူးလဒီု အဖုလေးတွေပေါက်လို့ ဆရာ့ကို မေးထားပါတယ်။ ကြာဆူးသေချာရင် ဗီတာမင်အေလိုမယ်လို့ ပြောထားပါတယ်။ ကြာဆူးသေချာအောင် ဘယ်လို စစ်ရမလဲဆရာ။ ညှစ်ရင်တော့ အဖုလေးတွေထွက်ပါတယ်။ ဗီတာမင်အေက ရန်ကုန်မှာ ဝယ်လို့မရဘူးဆရာ။ A ပါတဲ့ ဆေးဝယ်ထားထာ သောက်လို့ရမရစစ်ပေးပါဆရာ။

၅။ ဆရာရှင့် အခုပုံပါဆေးကို အမတယောက်သောက်တာ ခြောက်လအကြာမှာ မျက်မှန်ပါဝါနှစ်ရာကျော်ကနေ မျက်မှန်မလိုတော့ပဲ ဖြစ်သွားပါတယ်။ အခု သမီးတို့က ကွန်ပျူတာအမြဲကြည့်ရတဲ့သူတွေပါ ညဘက်ဆို မျက်လုံးတွေ အရမ်းပင်ပန်းနေပါတယ်။ အဲ့ဒီဆေးသောက်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး ရှိမရှိ သိပါရစေရှင့်။ ဆရာဝန်ညွှန်ကြားမှုမရှိပဲ သောက်သုံးလို့ ရနိုင်ပါသလားရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

၆။ ဆရာရှင့် Vitamin A 2100 IU ပါဝင်တဲ့ Calcivita ဆေးကို ကိုယ်ဝန်ဆောင်သောက်သင့်ပါသလား။ ကြွက်မတက်အောင် သောက်ဖို့ OG ကပြောထားလို့ပါရှင့်။ ကိုယ်ဝန်ဆောင်က Vitamin A များတာနဲ့ မသင့်တော်ဘူးလို့ ဖတ်ဖူးလို့ပါရှင့်။

၃။ မင်္ဂလာပါဆရာ သမီးအသက်က ၂၃ ပါဆရာ။ သမီးရဲ့တင်ပါးနှစ်ဖက်နဲ့ ပေါင်ဘေးတလျှောက်မှာ ကြမ်းကြမ်းနဲ့ အဖုလေးတွေ ပေါက်နေပါတယ်။ အဲ့ဒီအဖုထဲကနေ ကြာဆူးလိုအဆံလေးတွေထွက်ထွက်လာပါတယ်။ ၃ ရက်တခါ ပြန်ပြန်ဖြစ်လာပါတယ်ဆရာ။ ပြီးတော့ အစက်အပျောက်တွေကျန်ကျန်ခဲ့ပါတယ်။ သမီးဖြစ်တာတော့ ငါးနှစ်နီးပါး ကြာပါပြီဆရာ။ ခုထိမပျောက်သေးပါဘူး။ ဘယ်ဆေးသောက်ရင်ရမလဲညွှန်ပြပေးပါဆရာ။ သမီးဓာတ်ပုံလဲရိုက်ပို့ပေးပါမယ်။

Vitamin A (Retinol) ဗီတာမင်အေနည်းနေရင်

၁။ Nyctalopia (night blindness) ကြက်မျက်သင့် ခေါ် အလင်းရောင်နည်းချိန် မျက်စိအားနည်းရောဂါရမယ်။ ဗီတာမင်အေကနေ မျက်မှန်တပ်ရတာကိုတော့ အပြောင်းအလဲ ရှိစေမှာမဟုတ်ပါ။ ခုခံအားကောင်းဘို့၊ ဆဲလ်တွေ အသစ်ဖြစ်စေဘို့လည်းပေးတယ်။ လူကြီး = 15,000-500,000 နေ့စဉ်။ ကလေး = 20,000 IU/Kg ပေးတယ်။ ကြက်မျက်သင့် ခေါ် အလင်းရောင်နည်းချိန် မျက်စိအားနည်းတဲ့ရောဂါအတွက် နေ့စဉ် လူကြီး 15,000-500,000 နဲ့ ကလေး 20,000 IU/Kg ပေးတယ်။

၂။ Chicken skin ကြက်ရေ အရေပြားလို့ခေါ်တာရှိတယ်။ လက်မောင်းနောက်ဖက်နဲ့ နေရာတိုင်းလိုလိုမှာ ဖြစ်နိုင်တယ်။ သေးသေးလေးတွေ၊ နည်းနည်းလေးအထက်ကြွနေမယ်။ ရောဂါဗေဒမှာ Follicular hyperkeratosis လို့ခေါ်ပါတယ်။

ဗီတာမင်အေ၊ Biotin ဘိုင်အိုတင်၊ Zinc သွပ်ဓါတ်နဲ့ Essential fatty acids အိုမီဂါသရီး ဓါတ်တွေနည်းလို့ ဖြစ်မယ်။

၃။ Retinoid dermatitis ကြာဆူးခေါ် တံတောင်ဆစ်နဲ့ ဒူးနားမှာ အရေပြားကြမ်းပြီး ဆူးလိုလိုဖြစ်တာအတွက် ဗီတာမင် (အေ) လိုတယ်။ အရေပြားခြောက်မယ်။ ကြမ်းမယ်။ Hyperkeratosis pillaris ခေါ်တယ်။ လူကြီး ၄ဝ% လောက်မှာရှိတယ်။ Vitamin A 100,000 IU နေ့စဉ် ၃ ရက်သောက်ပါ။ နောက် 50,000 IU ၂ ပတ်သောက်ပါ။ နောက် 10,000-20,000 IU ၂ လသောက်ပါ။ ဗီတာမင် (အေ) ဟာ ငါးကြီးဆီ၊ အသည်း၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာပါတယ်။ Topical retinoids လိမ်းနိုင်တယ်။

ဗီတာမင်အေ သတိထားစရာတွေ

ကိုယ်ဝန်ဆောင်မှာ ဗီတာမင် (အေ) များနေရင် ကလေးအင်္ဂါချို့ယွင်းတာဖြစ်နိုင်တယ်။ မိခင်ကို သွေးတိုးတက်စေတယ်။ ဗီတာမင် (အေ) 25,000 IU/kg ဆိုရင် အဆိပ်သဘောဖြစ်တယ်။ ငါးကြီးဆီထဲမှာ (အိုမီဂါ-သရီး) နဲ့အတူ ဗီတာမင် (အေ) နဲ့ (ဒီ) တွေလဲပါတယ်။ စားသောက်တာထဲမှာလဲ ဒီဓါတ်တွေပါနေတာမို့ များသွားရင်သာ သွေးခဲစနစ်ကို သက်ရောက်လို့ သွေးယိုနိုင်တယ်။ ခွဲစိတ်ကုသမှု ခံယူစရာရှိရင် ဒီဆေးသောက်နေရင် ၂ ပါတ်ကြိုတင်ပြီး မသောက်ဘဲ နေရမယ်။ ကယ်လိုရီအများကြီးရစေတယ်။ ငါးကြီးဆီလက်ဖက်ရည်ဇွန်း တဇွန်း (13.6 g) ထဲမှာ ငါးကြီးဆီ တနေ့တာ စားသုံးသင့်တဲ့ ဗီတာမင် (အေ) ထက် 136% ပါနေတယ်။ ပိုတဲ့ ဗီတာမင် (အေ) တွေက အသည်းမှာလာပြီး စုထားတယ်။ အဆင့်တခုရောက်လာရင် Hypervitaminosis A ဗီတာမင် (အေ) လွန်ကဲခြင်းရောဂါ ရလာမယ်။ ကီလို ၅ဝ ရှိသူတယောက်ဟာ 1.25 kg စားသောက်ရင် အဆိပ်ဖြစ်တယ်။ ယောက်ျားတွေမှာ (အိုမီဂါ သရီး) လိုတာထက် ပိုစားသူတွေမှာ ဆီးအကျိတ်ကင်ဆာ ပိုဖြစ်တာတွေ့ရတယ်။ ၂၅ နှစ်အရွယ် အတွက် တနေ့မှာ ဗီတာမင် (အေ) အများဆုံး 3,000 micrograms/day = 10,000 IU ဖြစ်တယ်။ များရင် ပျို့-အန်ချင်၊ အားယုတ်၊ ကိုယ်အလေးချိန်ကျ၊ မျက်စိ ကြည့်မကောင်း၊ ရာသီဆင်းမမှန်ဖြစ်မယ်။ ငါးတွေမှာသာမက အကောင်တွေရဲ့ အသည်းမှာလဲ ဒီဓါတ်ပါတယ်။ ဝင်ရိုးစွန်းနေ အကောင်တွေမှာ ပိုများတယ်။ (ပိုလာ) ဝက်ဝံအသည်း 30 - 90 grams စားလိုက်ရင် လူသေနိုင်တယ်။ စွပ်ဖါးဆွဲခွေးလဲ ရောဂါရမယ်။ ဗီတာမင် (အေ) များလွန်းရင် Osteoporosis အရိုးအားနည်းစေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တနေ့ ဗီတာမင် (အေ) 5,000 IU ထက်မပိုရပါ။ မွေးလာတဲ့ကလေးတွေမှာ (အေ) နည်းနေရင်လဲ မကောင်းပြန်ပါ။ မွေးပြီး ၂ ရက်အတွင်း 50,000 IU (15 mg) ပေးရင် မွေးစကလေးသေနှုန်း သိသိသာသာနည်းတယ်။

Vitamin B 1 (Thiamine) ဗီတာမင်ဘီဝမ်းကို ထုံနာ-ကျင်နာ၊ အာရုံကြောကောင်းစေဘို့ပေးပါတယ်။ အရက်နာကိုလည်း ပေးရတယ်။ ထုံနာကျင်နာ၊ အာရုံကြောအလုပ်ကောင်းစေဘို့ပေးတယ်။ ဗီတာမင်ဘီဝမ်းကို နည်းလွန်းရင်(ဗယ်ရီဗယ်ရီ) ရောဂါရစေတယ်။ အားယုတ်မယ်။ အစားမစားချင်ဖြစ်မယ်။ အသားမျိုးစုံ၊ (ရိစ်)၊ ဥ၊ အသည်း၊ အစေ့အဆံ၊ အသားတို့မှာပါတယ်။

Vitamin B 12 (Cobalamin) ဗီတာမင်ဘီ-၁၂ ကို ခန္ဓာကိုယ်ကြီးထွားစေရန်၊ ဆဲလ်တည်ဆောက်ရန်၊ ခန္ဓာကိုယ် ကြီးထွားရန်၊ သွေး-အာရုံကြောတွေ အလုပ်ကောင်းစေဘို့ပေးတယ်။ အသည်း၊ အသား၊ နို့ထွက်အစာ၊ ငါးတွေမှာပါတယ်။ ချို့တဲ့ရင် Pernicious Anaemia သွေးအားနည်းရောဂါ ရစေသည်။

Vitamin B 2 (Riboflavin) ဗီတာမင်ဘီ-၂ ကို အသည်း၊ နို့ထွက်အစာ၊ အသီးအရွက်၊ ဥ၊ ဆန်၊ ဂျုံ၊ (ရိစ်) တို့မှာပါတယ်။ ချို့တဲ့ရင် ကျီးကန်းပါးစပ်နာဖြစ်စေသည်။

Vitamin B 6 (Pyridoxine) ဗီတာမင်ဘီ-၆ ကို တချို့ဆေးတွေကြောင့် ဒီဓါတ်နည်းရခြင်းအတွက်ပေးတယ်။ ဥပမာ တီဘီဆေး၊ သွေးအားနည်းရောဂါတမျိုး၊ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါတဲ့ ဆေးများ။

Vitamin B 9 (Folic Acid) ဖေါလစ်အက်စစ် သွေးနီဥ သန်စွမ်းစေဘို့ပေးတယ်။ ကိုယ်ဝန်ဆောင်မှာ မလွဲမသွေပေးရမယ်။

Vitamin B Complex ဗီတာမင် ဘီအုပ်စု၊ ပုံမှန်ဇီဝဖြစ်စဉ်တွေ လုပ်နိုင်စေဘို့အားပေးတယ်။ အရက်သောက်သူ၊ ကိုယ်ဝန်ရှိသူ၊ မီးလောင်နာကြီးသူ၊ ခွဲစိတ်ထားသူများပေးဘို့ပေးတယ်။

Vitamin C (Ascorbic Acid) ဗီတာမင်စီကို အနာကျက်စေရန်၊ နာတာရှည်ရောဂါ၊ အရိုး၊ သွား၊ သွားဖုံး၊ အရွတ်၊ သွေးကြောတွေ ကောင်းစေဘို့ပေးတယ်။ ခုခံအားအတွက်အသုံးကျတယ်။ ချို့တဲ့ရင် (စကာဗီ) ရောဂါရမယ်။ မီးလောင်နာ၊ 100-500 mg daily ပေးတယ်။ စိမ်းသည့်အသီးအရွက်၊ ချဉ်တဲ့အသီးတွေနဲ့ အသီးအနှံတွေမှာပါတယ်။

Vitamin D ဗီတာမင်ဒီဟာ အရိုးတည်ဆောက်ဘို့အသုံးဝင်တယ်။ အသက် ၁၃ နှစ်အောက် 5 mcg (200 IU) မှစပြီး အသက်ကြီးသူတွေ 10 mcg (400 IU) နဲ့ ၇ဝ ကျော်တွေ 15 mcg (600 IU) ပေးသင့်တယ်။ နေရောင်မရသူတွေ တနေ့ 25 mg (1000 IU) ပေးသင့်တယ်။ ငါးကြီးဆီ၊ နို့ထွက်အစာမှာပါတယ်။ နေရောင်ကြောင့် ဗီတာမင် အေ မှ ဒီ ဖြစ်လာတယ်။ အရိုးတည်ဆောက်ရန်ဘို့မှာ အလွန်အရေးပါတယ်။ ချို့တဲ့ရင် အရိုးပြော့ရောဂါရစေတယ်။ Alfacalcidiol (Calciferol) 1.4 ug/kg daily ပေးမယ်။

Vitamin E ဗီတာမင်အီးက အသီးအရွက်ကရတယ်။ ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုံ့၊ ဥ၊ အစေ့အဆံတို့မှာပါတယ်။ သွေးဥ၊ အာရုံကြော၊ ကြွက်သားတွေ အလုပ်လုပ်စေဘို့ကောင်းတယ်။

Vitamin K ဗီတာမင်ကေကို သွေးထွက်ရောဂါအတွက်ပေးတယ်။ မုံလာရွက်၊ မုံလာထုပ်၊ ဟင်းနုနွယ်ရွက်တွေမှာပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ