New Year Habit နှစ်သစ်ကူးရောဂါ

(ရေးထားတာ ၁၀ နှစ်လောက်ကြာပြီ။)

နှစ်ကူးမှာဖြစ်ရင် ထူးတယ်လို့ယူလေ့ရှိတာ ထုံးစံပါ။ နှစ်ကူးတိုင်းမှာ ပျော်ကြ-ပြုံးကြတာလဲ အစဉ်အလာပါဘဲ။ ပျော်စရာတွေ ဖန်တီးကြတယ်။ စုဝေးပြီး စားကြ-သောက်ကြမယ်။ မိတ်ဆွေ-သူငယ်ချင်းတွေက တနေရာရာ သွားပြီး လည်ကြ ပတ်ကြမယ်။ မိသားစုတွေလည်း ပြန်ဆုံနိုင်အောင် တင်ကြို စီစဉ်ပြီး၊ စုစုဝေးဝေး၊ နွေးနွေးထွေးထွေး အဆိုးကို မေ့ထားပြီး၊ အကောင်းကိုမျှော်၊ ဆုတွေ အပြန်အလှန်တောင်းပေးကြတယ်။ နှစ်ဦးမှာ မင်္ဂလာယူစရာမှန်သမျှ ဆောင်ရွက်ကြတယ်။ ဒီအထိတော့ ကောင်းပါတယ်။

ပြက္ခဒိန်နှစ်ကူး၊ မြန်မာနှစ်ကူးမှ မဟုတ်ပါဘူး၊ နုတ်ဆက်ပွဲတို့၊ ကောက်သစ်ပွဲတို့၊ အောင်ပွဲတို့၊ မင်္ဂလာဆောင်၊ အလှူပွဲ၊ မွေးနေ့ကအစ ပျော်မယ်ဆိုပြီး၊ သောက်ကြစားကြတာ ကျွန်တော်တို့လူမျိုး ပိုဆိုးသလားဘဲ။ “အပျော်လွန်ရင် ငိုရတတ်တယ်” မဟုတ်လား။ ဒါ့ကြောင့် ဒီလိုရက်တွေရောက်ရင် ကျန်းမာရေးသမားတွေ မျက်ခုံး လှုတ်ကြရတယ်။ ဘယ်သူ့ ဘယ်နှစ်ချက် ချုပ်ပေးရမလဲ ပြင်ထားပေတာ့။

ကျန်းမာရေးမှာ အလုပ်လုပ်သူတွေက သိပ္ပံသမား ဟုတ်ကြပေမဲ့ အယူသည်းတာတော့ အလွန်ဘဲဗျ။ ဆေးရုံက စားပွဲကို လက်နဲ့ မခေါက်လေနဲ့၊ ဆရာဝန် မျက်မှောင်ကုတ်လိမ့်မယ်။ ခွဲခန်း-သားဖွါးခန်းမှာ ပစ္စည်းတခုခု လွတ်မကျလေနဲ့ ဆရာမတွေ မျက်စောင်း ခုတ်လိမ့်မယ်။ အဲလိုလုပ်ရင် လူနာ ကျတတ်တယ်လေ။ (လူနာအလာများတာကို ပြောတာနော်။) ကို်ယ်တွေ့ပြောရရင် မြို့သာတိုက်နယ် ဆေးရုံမှာ တာဝန်ကျတုံး နှစ်ဆန်းတရက်နေ့မှာ (ဒက်ဘော်ဒီ) သုံးလောင်း ရောက်ခဲ့တဲ့နှစ်ကဆို တနှစ်ပါတ်လုံး (ပူးလစ်-ကေ့စ်) ရဲမှုတွေ လာလိုက်တာ မပြောပါနဲ့တော့။

ဟော ဒီစာရေးတဲ့နှစ်ဦးမှာ နှစ်ယောက် ချုပ်ပေးလိုက်ရပြီ။ ဒါ့ကြောင့် ခေါင်းမပေါက်ကြပါနဲ့ စေတနာပေါက်ကြပါလို့ ဆေးခန်း (ဘလော့ခ်) မှာ ကြောငြာဝင်ထားလိုက်တယ်။

နှစ်ကူးမှာ မူးကြတာဆိုတော့ မုံရွာဆေးရုံကို ပြန်သတိရတယ်။ ကြာပါပြီ။ ဆေးရုံဝန်ထမ်းတယောက် ရှိတယ်။ အရက်ကို သောက်သလား မမေးနဲ့။ ဝင်ငွေက နည်းပေမဲ့ ပြင်းပေ့ဆိုတာမှ။ သနားလို့ ဆရာဝန်တွေက ပိုက်ဆံပေးရင် သိပ် ကျေးဇူးမတင်ချင်ဘူး။ ဆရာမတွေက အရက်ပြန် နည်းနည်းပေးမှ။ ဆားခပ် သောက်တယ်ဆိုဘဲ။ ဆေးရုံက အရက်ပြန်ဆိုတာ (မီသိုင်းလ်) ဆိုတဲ့ ဓါတ်ပါတယ်။ ဒီအတိုင်း သောက်မရဘူး၊ ပါရမီဖြည့်ချင်တဲ့ ဆရာဝန်တယောက်က နည်းပေး လမ်းပြထားတာပေါ့ဗျာ။ ဆားကို တခြားနည်းနဲ့ အသုံးချပုံလည်း ရှိသေးသဗျ။ အာခံတော်လှန်သူတွေ သုံးတာပါ။ ဓါတ်ဆီတိုင်ကီထဲ မသိအောင် ဆားတဆုပ် ထည့်လိုက်ရင် ကားကသွားမရတော့ဘူး။

ခေတ်တခု ရှိခဲ့ပါတယ်။ အရက်ပြန်ဆိုတဲ့ မရှိမဖြစ် ဆေးရုံသုံးပစ္စည်းဟာ ဗမာပြည်မှာ ရှားပါလေရော။ ဒီတော့ အရက်-ဦးရေဆိုတာ ရှာသုံးရတယ်ဗျ။ ပြင်းမှပြင်း။ အဲဒါမရရင် တောအရက်၊ နံမှနံ။ အရက်ကမှ မရှိမဖြစ်ပစ္စည်း အစစ်။ ဟောလီဝုဒ် ရုပ်ရှင်တွေမှာ ဒဏ်ရာရရင် ဇာတ်လိုက် လုပ်တဲ့လူက ဝီစကီပုလင်း လည်ပင်းက ကိုင်ပြီးသကာလ အနာပေါ်လောင်းချ၊ မျက်နှာက ရှုံ့မဲ့ပြပြီး၊ ကျန်တာကို အတိုင်းသား မော့ချတာမျိုးလေ။ ဘရုစ်ဝီလီစ် ကို တန်းမြင်ကြမဟုတ်လား။

အရက်မှန်သမျှ ပိုးတွေကို သေစေတာတော့ အမှန်ပါ။ ခက်တာက ရောဂါပိုးသာမက အရက်ပြန်ဟာ လူကိုလည်း ချက်ချင်းမဟုတ်တောင် မျှဉ်းသတ်သလို သတ်တဲ့အစွမ်းပါ ရှိတယ်။ အရက်ပြန် ဆားခပ်သောက်တဲ့လူ ကြာကြာ မခံလိုက်ပါ။ “ဦးရေသောက်သူများ အသက်တိုပါသည်”။ “မီးတောက် ကြိုက်သူများ မုဆိုးမ ထားခဲ့ရတတ်ပါသည်”။ “စျေးပေါပေါ အရက် ပက်ချင့်သောက်သူများ ဖတဆိုးကလေးများ ပထွေး ရပါလိမ့်မည်”။

ရောဂါ မပေါ်မီ မူးပြီး ကျွဲခိုးပေါ်မည်။ တချို့က သီချင်းဟစ်မည်။ ခဏအကြာ ငိုချင်ငိုပါလိမ့်မည်။ တချို့က ဂျီတိုက်မည်။ သောက်ဖေါ် သောက်ဖက်ဖြစ်ဖြစ် ဘေးနာကလူဖြစ်ဖြစ်၊ မိန်းမကိုဖြစ်ဖြစ် ရန်ရှာမည်။ လက်ပါမည်၊ တုတ်ပါမည်၊ ဒါးပါမည်။ ဗမာပြည်မှာ လူဆိုရင် သေနပ် မကိုင်ရလို့ တော်သေးသည်။

အရက်စွဲကဟာ ကုလို့ရတဲ့ ရောဂါပါ။ ကုချင်တယ်လို့ကိုယ်တိုင်က ဆုံးဖြတ်ပါမှ ဖြစ်ပါမယ်။ ဒါကလည်း ရိုးရိုး သားသား ချဘို့လိုတဲ့ အဆုံးအဖြတ်ဖြစ်မှ။ ဖြတ်ခန်းစတာနဲ့ အနည်းနဲ့အများ ခံစားရပါလိမ့်မယ်။ ခြေတုံ လက်တုံကနေ စိတ်ဂ ယောက်ဂယက် ဖြစ်နိုင်တယ်။ ဒါတွေအားလုံး ဆေးရုံတက်တက် မတက်တက် ကုလို့ရတာတွေမို့ စိုးရိမ်စရာမလိုပါ။ အရက်ဆိပ်ကို ဖြေတဲ့အဆင့်က တပါတ်၊ နှစ်ပါတ်သာ ကြာတာပါ။ ဒီခေတ်မှာ အရက်ဖြတ်နည်းနဲ့ ကုစရာနေရာတွေက အရက်နဲ့ အရက်ဆိုင် ပေါသလို ပေါနေပါပြီ။ (ကောင်ဆယ်လင်း) ဆိုတဲ့စိတ်ပညာကုနည်း အင်မတန်ထိရောက်ပါတယ်။

နှစ်သစ်မှာ စိတ်ကောင်း၊ နှလုံးကောင်း၊ အသဲကောင်းပြီး၊ ဦးနှောက် ကောင်းကောင်းရှိကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ