Medical Students ဆေးစာတွေကို ဘယ်လိုဖတ်ခဲ့သလဲ

ဆရာ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်က ဆေးကျောင်းသားတယောက်ပါ စာတွေအလွန်များလို့ ဆရာ ကျောင်းသားစာတွေဘယ်လိုကျက်ပြီး ဖြတ်သန်းခဲ့လဲ သိပါရစေ ဆရာ။ ကျေးဇူး။

မေးလို့ တိုတိုရေးပါမယ်။ ကျွန်တော်တို့ခေတ်နဲ့တော့ အခုခေတ်က မတူလောက်ပါ။

ကျွန်တော်တို့အတန်းမှာ ကျောင်းသူကျောင်းသား တရာမပြည့်ပါ။ စာကြိုးစားသူတချို့၊ စာတော်သူ နည်းနည်းနဲ့ ပုံမှန်စာဖတ်သူက များတယ်။ တခြားအတန်းတွေမှာလည်း အဲလိုတွေ့ပါတယ်။ ကျွန်တော်က ပုံမှန်အုပ်စုထဲက။

ပြောစရမလိုတဲ့အချက်က စာတွေကများတယ်။ အသေဖတ်ရ မှတ်ရတယ်။

နေ့ခင်း ကျောင်းတက်၊ စာဖတ်၊ လက်ဖက်ရည်ဆိုင်ထိုင်။

ည စာဖတ်၊ တခါတခါ ဖဲဝိုင်းက ရှိသေး၊ စာပြန်ဖတ်။ လက်ဖက်ရည်ဆိုင်ထိုင်။ စာပြန်ဖတ်။ 

အခန်းဖေါ်ကို မင်းက ဒီ ‘ချပ်ပတာ’ ဖတ်၊ ငါ့ပြန်ပြော။ ငါက ဟို “ချပ်စတာ’ ဖတ်၊ မင့်ကိုပြန်ပြော။

ဖတ်ရတဲ့စာအုပ်တွေကလည်း အမျိုးမျိုး။ စာကို အင်္ဂလိပ်လိုချောအောင်ရေးတာမျိုးက ဖတ်ရတာ ခေါင်းထဲ ဝင်လွယ်ပြီး၊ တချို့စာအုပ်တွေက အဆင်မချောပါ။ ဒါ့ပေမဲ့ ခုခေတ်ဖေ့စ်ဘွတ်လို ‘လိုပ်ခ်’၊ ‘ဟဟ’၊ ‘ဘလော့’ လည်း လုပ်မရတော့ အကုန်သာဖတ်ပေရော။

ကြိုက်ကြိုက် မကြိုက်ကြိုက် ဆေးစာအုပ်တိုင်းနဲ့ အမျိုးအရင်းတော်တယ်လို့ အောက်မေ့ရတယ်။

တခါတလေ ညပိုင်း တီးဝိုင်းဖြစ်ဖြစ်၊ အငြိမ့်ဖြစ်ဖြစ် ထွက်ကြည့်ပါသေးတယ်။

ကျွန်တော်တို့ခေတ်က ဆေးလိပ်သာသောက်သူတချို့ရှိပြီး၊ ကွမ်းယာ နည်းတယ်။ စိတ်ကြွဆေး မပေါ်သေးပါ။ အရက်သောက်သူလည်း အင်မတန်နည်းတယ်။ ဘီယာခေတ် မဟုတ်ပါ။ ခုနစ်နှစ်မှာ တခါလောက်သာ ရောက်ပါတယ်။

ဟိုကောင်တွေ စာဖတ်နေပြီဆိုတဲ့အမြင်က ကိုယ့်ကို အချိန်မဖြုန်းအောင် တွန်းအားဖြစ်စေတယ်။

အဲဒီခေတ်က အခုခေတ် ‘မိုတီ’ လို့ခေါ်တာ မရှိပါ။ မိမိကိုယ်သာ ကိုးကွယ်ရာ။ ဆရာတွေကလည်း မင်းတို့ စာကြိုးစားကြလို့ ဆယ်တန်းဖြေမဲ့ကျောင်းသားတွေကို အားပေးသလို မပြောကြပါ။ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရာ။

အဆင်မြင့်တဲ့ အားကစားပွဲတွေကနေ သင်ခန်းစာယူနိုင်တယ်။ ဥပမာ အခုကျင်းပနေတဲ့ သြစတေးလျ ‘အိုးပင်း’ ‘တင်းနစ်’။ တမှတ်ရပြီ၊ ငါကွ လုပ်မနေနဲ့ နောက်တမှတ်အတွက် ခေါင်းထဲထည့်။ တမှတ်ပေးလိုက်ရပြီ၊ စိတ်ပျက်မနေနဲ့ နောက်တမှတ်အတွက် ခေါင်းထဲထည့်။ ‘ဝမ်းဆက်’ နဲ့ပြီးတဲ့ပွဲမဟုတ်။ ‘ဖိုက်ဆက်’ အတွက် အစကတည်းက ပြင်ဆင်ထား။ 

ယူကရိန်းက Yastremska တင်းနစ်မယ်၊ သူ့အမျိုးတွေကို ခဏဘေးဖယ်ထားရတယ်။ အခု ဆီမီးဖိုင်နယ် တက်သွားပြီ။

အဖေါ်တွေကလည်း စာကြိုးစားကြတော့ ကိုယ်လည်း လေလွင့်ခြင်း ကင်းခဲ့တယ်။ သူငယ်ချင်းတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ