ကျန်းမာရေးသာမက တခြားဟာတွေ ဘာလို့ရေးရသလဲ

ကျွန်တော်အဓိက ရေးတာတွေက ဆေးပညာစာတွေဖြစ်ပါတယ်။

နိုင်ငံရေးကတော့ အင်တာဗျူးကပိုများလို့ စာနဲ့ရေးဖြစ်တာ သိပ်မများလှပါ။

ဆေးစာတွေကိုလည်း ဆေးကျောင်းမှာသင်သလို 'ချပ်ပတာ' အလိုက် မရေးပါ။ နေမကောင်းလို့မေးတဲ့ မေးခွန်းတခု လာတိုင်း စာတပုဒ် ရေးပါတယ်။ မေးတာတွေကိုဖြေနေတာ ၁၅ နှစ်ရှိတော့ စာပုဒ်ရေ ထောင်ဂဏန်းမနည်းတော့ပါ။

မေးတာတွေက နှစ်အလိုက် မတူပါ။ စောစောပိုင်းမှာ တားဆေး၊ တားနည်း၊ ကိုယ်ဝန် မေးခွန်းတွေများခဲ့တယ်။ နောက် အဲလိုမေးခွန်းတွေ နည်းနည်းလာတယ်။ တင်ထားတာတွေဖတ်ကြလို့လည်း အမေးနည်းလာတာလည်း ဖြစ်နိုင်တယ်။

၁၀-၁၅ နှစ်အတွေ့အကြုံတွေအရ ကောက်ချက်ချလို့ရတာတွေ ရှိလာပါတယ်။

ဘယ်လိုလတွေမှာ ဘာရောဂါတွေဖြစ်သလဲ သိလာတယ်။

တရက်တည်းမှာ ရောဂါတူမေးခွန်းတွေ လာတတ်တယ်။

မေးခွန်းဖတ်တာနဲ့ မေးတဲ့သူရဲ့ စိတ်ကျန်းမာရေးကိုပါ သိတယ်။

ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းစကာလတွေမှာ မေးခွန်းတွေ သိသိသာသာနည်းလာတယ်။ 

မြန်မာစာစာလုံးပေါင်းသတ်ပုံတွေ ရေးရခြင်းအကြောင်းကလည်း မေးခွန်းတွေ မှန်အောင်မရေးကြလွန်းလို့ ဖြစ်ပါတယ်။ သက်သေခံတွေ ထောင်ဂဏန်းမနည်းပါ။

သတ်ပုံ အမှားဆုံးနဲ့ စာလုံးပေါင်းဖျက်ရေးတာ အများဆုံးက ကင်ဆာမေးခွန်းတွေ။ 

ရသအမည်ရစာတွေ၊ ပြန်ထုတ်စာအုပ်ကနေ ကူးတင်းတာတွေနဲ့ ကင်ဆာမေးခွန်းတွေနဲ့ ဆတူလောက် မှားကြတယ်။

အမှားတွေ များလွန်းတဲ့အတွက် မြန်မာစာအကြောင်းစာတွေပါ များတာဖြစ်တယ်။

စောစောပိုင်းနှစ်တွေမှာ ကလေး-လူကြီး-အသက်-ကျား-မ မပြောသူတွေ အင်မတန်များလွန်းလို့ မေးနည်းစည်းကမ်းကို ခဏခဏ (ခဏခဏ) တင်ပြရတယ်။ ရာဂဏန်းရှိမယ်။

အဲဒါနဲ့ စည်းကမ်းအကြောင်းပါ ရေးရတယ်။

မေးနည်းစည်းကမ်းအတိုင်း စီကာစဉ်ကာရေးတာမျိုးဆိုရင် ဝါကျတကြောင်းပြီးတကြောင်း ဘာရောဂါလဲ သိသိလာပါတယ်။

စာရေးတာ မယဉ်ကျေးကြလို့လည်း ယဉ်ကျေးမှုအကြောင်းလည်း ရေးရပါတယ်။

ဆေးကုသနည်းအမှန်တွေ ရေးရတာထက် ဆေးနည်းအမှားတွေကို မဟုတ်ပါကြောင်းရေးရတာ ပိုများသလား စဉ်းစားမိပါသေးတယ်။

အဲဒါနဲ့ မလိမ်ကြပါနဲ့၊ အလိမ်မခံချင်ကြပါနဲ့လို့ ရေးရတယ်။ 

စာရေးဆရာ ကဗျာဆရာတွေကတော့ သူတို့ စိတ်ကူး ကွန့်မြူးပြီး စိတ်ကူးထဲကဟာတွေကို ရေးကြတယ်။

ကျွန်တော်က ရှေ့ရောက်လာတဲ့အကြောင်းအရာတွေကိုသာ ရေးပါတယ်။ ရသကင်းတယ်။ လက်တွေ့။

ဖေ့စ်ဘွတ်မှာ တင်ပေမဲ့ ဖေ့စ်ဘွတ်က အခြေအနေ မကောင်းသထက် မကောင်းတော့ပါ။

ကျွန်တော့စာတွေကို ဆေးပညာအတွက် ဝဘ်ဆိုက်တခုနဲ့ တခြားအကြောင်းအရာတွေအတွက် တခုတင်ထားပါတယ်။ ကျွန်တော် စာဆက်မရေးနိုင်တော့လည်း ကျန်ရစ်ပါမယ်။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေ။ စည်းကမ်းနဲ့ ယဉ်ကျးမှု ရှိကြပါစေ။ စာကို မှန်အောင် ရေးတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ