“ယမုန်နာသစ်”
ယမုန်နာမြစ်ရှိတဲ့ နယူးဒေလီမှာ ၁၂ နှစ်ကြာဖွင့်ခဲ့တဲ့ မြန်မာဒုက္ခသည်များအတွက် အခမဲ့ဆေးခန်းလေးကို ယမုန်နာလို့ အမည်ပေးပါတယ်။
ယူအက်စ်အေ အခုနေရတဲ့မြို့မှာ “ဝှိုက်ရေးဗား” ခေါ် မြစ်ဖြူရှိတယ်။
ဆရာဝန်ဆိုတာ လူမြင်ရင် လူနာလို့ထင်တတ်ပြီး၊ နေမကောင်းသူတွေ့ရင် ကုပေးချင်တယ်။ ကျွန်တော်က ခွဲစိတ်တာ ပိုသန်တယ်။ ခွဲစိတ်ဒါးနဲ့ ခွဲခဲ့ရတာ ၁၀ နှစ်။
ဒီတိုင်းပြည်မှာက မြန်မာပြည်လိုမဟုတ်။ အိန္ဒိယလိုလည်း မဟုတ်။ အသက်ကလည်းအိုတော့ ဆေးကုသခွင့် လျှောက်မနေတော့ပါ။
မနေနိုင်လို့ သွေးဖိအားတိုင်းချိန်စရာ ဒိုင်ခွက်ပါကရိယာတခုနဲ့ Littmann ‘လစ်တမင်’ နားကျပ်တခု ဝယ်ထားတယ်။ ‘လစ်တမင်’ ဆိုတာ ၁၉၆၅-၁၉၇၂ ကာလ ကျွန်တော်နေခဲ့ရတဲ့ ဆေးကျောင်းသားအဆောင်မှာ တခုသာ ရှိတယ်။ ဆရာဝန်ဘဝတုန်းကလည်း ဝယ်မကိုင်နိုင်။ ဒီမှာတော့ ခြေနိုင်လက်နိုင် ဝယ်နိုင်တယ်။ ပြည်တွင်းက ညီတော်မောင် ဆေးရုံအုပ်ကြီးလာလည်တော့ ‘လစ်တမင်’ နားကျပ် လေးငါးခြောက်ခု ဝယ်သွားလေရဲ့။ ဆရာဝန်ငယ်တွေကို လက်ဆောင်ပေးမလို့တဲ့။
ဆီးချိုကလည်း လူတိုင်းလိုလိုနဲ့ အမျိုးတော်တာနဲ့ ReliOn ဆီးချိုစမ်းကရိယာတစုံလည်း ဝယ်လိုက်တယ်။ ဝယ်တာတော့ မဟုတ်ပါ။ လက်ဆောင်ရတာ။ ကျေးဇူး။ စမ်းတဲ့အပ်ကုန်သွားလို့ မှာတာ၊ မှာပြီး နောက်ရက်မှာ ရောက်လာတယ်။ လွယ်ကူ မြန်ဆန်တယ်။
ခေတ်ရဲ့သဘောက ပိုမြန်ရတယ်။ ပိုလည်း မှန်ရတယ်။ ခုခေတ်မှာ မြန်တာသာကြိုက်ပြီး မှန်တာကို မကြိုက်သူတွေ ပေါတယ်။ အဲဒါနဲ့ ဆရာဝန်က မနေနိုင်မထိုင်နိုင် သတ်ပုံစာတွေ ရေးဖြစ်ရော။
ကိုယ်နေရတဲ့အရပ်မှာ သာရေးဖြစ်ဖြစ် နာရေးဖြစ်ဖြစ် လူစုလူဝေးရှိတိုင်း ဆေးခန်းအတုလေးဖွင့်ပါတော့မယ်။ ပြီးခဲ့တဲ့အပတ်က ဗွေဆော်ဦး။ ကနေ့ လူပိုများတယ်။ ကုသိုလ်ပြုသူတွေထက် ဒါနမှုတခု ပိုပြုလိုက်နိုင်ပါတယ်။
ဘုန်းကြီးကျောင်းကနေ မပြန်ခင် တယောက်က ဆေးခန်းအမည် မေးတယ်။ “ယမုန်နာ” လို့သာ ပါးစပ်က ထွက်လိုက်မိတယ်။ “ယမုနာ” လို့လည်း ရေးတယ်။ “ယမုန္နာ” လို့လည်း ရေးနိုင်ပါတယ်။
အမည်နာမအတိုင်း သွေးတိုး၊ ဆီးချိုတိုင်းချင်သူ လူကြီး၊ လူရွယ်၊ အသက်၊ ကျား-မ မရွေးပါ။ ဆေးလိုရင်လည်း ဒေလီကို လှမ်းမှာပေးဦးမယ်။
“တတ်နိုင်တယ်” ဆိုတာ တတ်တာကို လက်လှမ်းမီတဲ့ နေရာဒေသတွေမှာ လုပ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ အဲဒါ ကျွန်တော့နိုင်ငံရေး။ နေကောင်းကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment