Supplementary foods ကလေးအတွက် ဖြည့်စွက်စာ

ဆရာရှင့် အများအားဖြင့် ကလေးငယ်တွေကို ၆ လပြည့်မှ ဖြည့်စွက်စာ ကျွေးရမယ်လို့ သိထားတယ်။ ဒါပေမယ့် ကျမသားလေးကို ၄ လပြည့်ပြီး၊ နေမကောင်းလို့ ဆေးခန်းသွားပြတော့ ကလေးအထူးကုက ဖြည့်စွက်စာကျွေးလို့ရပြီလို့ ပြောပါတယ်ရှင့်။ ကျမလည်း nestle ကလေးအဟာရမှုန့် ကျွေးနေပါတယ်ဒေါက်တာ။ အဲ့ဒါ ဘယ်လိုနားလည်ရမလဲဆိုတာ ရှင်းပြပေးပါရှင့်။ ဘာတွေဖြစ်နိုင်သလဲလို့လည်း သိချင်ပါတယ်ဆရာ။

ကလေးအတွက် ဖြည့်စွက်စာ မေးလာသူတွေ မနည်းပါ။ ခပ်တိုတိုတွေသာဖြေခဲ့ပါတယ်။ အခုတော့ ဖြည့်စွက်စာ စာတပုဒ် ရေးဖြစ်သွားလို့ မေးတဲ့သူကို ကျေးဇူးတင်ပါတယ်။ ကလေးဆေးပညာလိုရေးရင် ဖတ်ရတဲ့သူအတွက် ခက်နေမှာမို့ ရိုးရိုး ရှင်းရှင်းသာ ရေးပါရစေ။ အစဉ်အလာ ဆရာဝန်တွေသင်ခဲ့တာက ကလေးတွေကို ၄-၆ လကစပြီး ဖြည့်စွက်စာကျွေး၊ ၁ နှစ်၊ ၁ နှစ်ခွဲရှိလာရင် နို့ဖြတ်။ နောက် နောက်ကိုယ်ဝန် ရှိလာရင်လဲ နို့ဖြတ်။ နို့မဖြတ်ခင်မှာ မိခင်နို့လဲတိုက်ပါ၊ ဖြည့်စွက်စာလဲ ကျွေးပါ။ နို့တခုတည်းနဲ့တော့ ၆ လနောက်မှာ မလုံလောက်ပါ။

ဘယ်လိုအစာကျွေးပါဆိုတာ ယေဘုယျပြောရရင် လူကြီးစားတာထဲက မမာတာ နဲ့ မစပ်တာတွေအကုန်ဖြစ်ပါတယ်။ သွားမပေါက်ခင် တခါထဲမြိုချနိုင်တာကို ကျွေးရပါမယ်။ အသား-ငါး၊ အသီး-အရွက်၊ ပဲ၊ ထမင်း။ ဆီ နဲနဲ ပါပါစေ။ ဝါးစရာ မလိုလောက်အောင် ပျော့တာ၊ နူးတာလုပ်ပြီး ကျွေးနိုင်ပါတယ်။ ဟင်းရည်၊ ပဲဟင်းရည် တိုက်နိုင်တယ်။ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ကန်စွန်းဥပြုတ် စတာတွေ ကျွေးနိုင်တယ်။ အဆင်သင့်လုပ် ကလေးစာတွေလဲ ရပါတယ်။

ကလေးတွေလဲ လူကြီးတွေလိုဘဲ အကြိုက်ဆိုတာ ရွေးမယ်။ အသီးဖျော်ရည်ကို အိမ်မှာလုပ်တာလဲ ကောင်းတယ်။ ဆိုင်ကအသင့်လုပ်တွေ အမျိုးမျိုး အဆင်ပြေတာ သုံးနိုင်ပါတယ်။ Junk food လို အသင့်ထုပ်ပိုးပြီး ခေတ်ပေါ်အစာတွေ ရှောင်ပါ။ အိမ်မှတင်လဲ လူကြီးထမင်းဝိုင်းက ကလေးနဲ့ မပူမစပ်တဲ့ ဟင်းအရည်ကို တိုက်နိုင်တယ်။ အသီးအနှံထဲကလဲ ဝါးစရာမလိုတာကို သေးသေးလေးတွေလုပ်ပြီး ကျွေးနိုင်ပါတယ်။ ကလေးဆိုတာ တနေ့မှာ အကြိမ်များများ၊ တခါမှာ နည်းနည်း ကျွေးရမယ်။ ကြက်ဥ၊ အာလူး၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ သင်္ဘောသီး စတာတွေ ရပါပြီ။ ပျားရည်ကတော့ သတိထားစရာရှိတယ်။ စာတပုဒ်ရေးထားပါတယ်။

၁ နှစ်ကျော်ရင် အစုံကျွေးနိုင်ပါတယ်။ အစုံဆိုတာ ထမင်း-ဟင်းတွေ ပြောတာပါ။ လူကြီးတွေလိုဘဲ နွားနို့၊ အသီးအနှံ၊ သွားရည်စာ စားနိုင်ပြီပေါ့။ သိတဲ့အတိုင်း သွားရည်စာ များရင် ပင်မအစား ထမင်းနည်းတတ်တယ်။ နွားနို့ကို နိုင်ငံတွေမှာ ရောင်းချပုံမတူကြပါ။ ကျန်းမာရေးနဲ့ညီတာ စံသတ်မှတ်ချက်နဲ့အညီသာရောင်းချရတဲ့ဆီမှာတော့ ထူးပြောစရာမရှိပါ။ မြန်မာပြည်မှာတော့ ပြောစရာတွေ များလွန်းတဲ့အထဲမှာ နွားနို့လဲပါတယ်။ နွားကနေကူးစက်တဲ့ (တီဘီ) ဆိုတာရှိလို့ နွားနို့ကို Pasteurized milk ခေါ်တဲ့ သတ်မှတ်ထားတဲ့အပူချိန်အထိပေးထားတာကိုသာ ရောင်းချခွင့်ရှိတယ်။ ဒါတောင်မှ နွားနို့ထဲမှာ ရှိရှိသမျှ ပိုးတွေ အကုန် သေသေးတာမဟုတ်ပါ။ ပွက်အောင်ကျိုလိုက်ရင် ပိုးတွေသေပြီလို့ မှတ်ယူနိုင်ပါတယ်။ ကလေးတိုက်ဘို့ဆိုရင် လူကြီးတွေလို အဆီထုတ်နေစရာမလိုပါ။

ချောကလက်လည်း ကောင်းတဲ့အစာပါဘဲ။ ဒါပေမဲ့ ကလေးတွေ သွားမကောင်းဖြစ်ရတဲ့ တရားခံလဲဖြစ်တယ်။ အချိုစာမှန်သမျှ သွားသတိထားရမယ်။ အချိုစာတွေထဲမှာပါတဲ့ သကြားဓါတ်က သွားရည်နဲ့ ပေါင်းတော့ အက်စစ်ထွက်ပြီး သွားရဲ့ အပေါ်ယံကြွေလွှာကို ဒုက္ခပေးတယ်။ အချိုဆိုတာထဲ အကုန်ပါတယ်။ ထမင်း၊ သကြား၊ ထန်းချက်၊ ချောကလက်၊ အိုက်စ်ခရင်မ်၊ အချိုရည်။

ကလေးဉာဏ်ကောင်းဘို့ဆိုတာ အစာအာဟာရက သက်ရောက်စေနိုင်ပါတယ်။ အစာဆိုတာ နည်းတာ-များတာအပြင် မျှတဘို့က ပိုသတိထားရတယ်။ မျှတတယ်ဆိုတာ အမျိုးအမယ် စုံရမယ်၊ သင့်ရတယ်။ မျိုးဗီဇ၊ ပတ်ဝန်းကျင် လေ့လာမှု၊ သင်ကြားပေးမှု၊ ရောဂါဘယကင်မှုတွေ အားလုံးက ကလေးရဲ့ ကိုယ်စိတ်ကျန်းမာရေးကို သက်ရောက်စေပါတယ်။

ကလေး အားဆေးဆိုတာ အခြေခံက ဗီတာမင်ဘီအုပ်စုဖြစ်တယ်။ သွားပေါက်ချိန်မို့ ကယ်လ်စီယမ်ပါပေးနိုင်တယ်။ အားဆေးတွေကို နာမည်အမျိုးမျိုးနဲ့ နေရာတကာဝယ်လို့ရတယ်။ ဈေးကြီးတိုင်း ပိုကောင်းမယ် မဟုတ်ပါ။ နာမည်ရတဲ့ ကုမ္ပဏီကနေ ထုတ်တာဆိုရင် ပြီးတာပါဘဲ။ အားဆေးတိုက်တာ အစာစားပြီချိန် ကောင်းပါတယ်။ လူကြီးတွေလို တနေ့ ၂ ကြိမ်၊ မနက်-ညနေ တိုက်နိုင်ပါတယ်။

တချို့မိဘတွေက တမျိုးမျိုးကျွေးပြီး တခုခုဖြစ်ရင် ကျွေးလိုက်တာနဲ့ မတည့်ဘူးလို့ တထစ်ချမှတ်တတ်ကြတယ်။ မမှန်ပါ။ မတည့်ဘူးဆိုတာ ရှားလွန်းပါတယ်။ မတည့်တဲ့လက္ခဏာတွေ သပ်သပ်ရှိပါတယ်။ အလာဂျီနဲ့ အစာအဆိပ်သင့်ခြင်း လက္ခဏာတွေဖြစ်တယ်။ ဝမ်းပျက်ရင် အဲဒီတနပ်မှာ ဝမ်းပျက်စေတာ ပါသွားလို့ဖြစ်မယ်။ မကျွေးပဲထားရင် ကလေးရဲ့ အစာချေလမ်းက အဲလိုအစားအသောက်မျိုးကို ကျေချက်ဘို့ ချက်ချင်းမလုပ်တတ်တော့ပဲဖြစ်သွားမယ်။ ကျင့်ယူနေရလိမ့်မယ်။

တိုးတက်တဲ့တိုင်းပြည်တွေမှာတော့ ကလေးငယ်လေးတွေအတွက် အစားအစာ အမျိုးစုံကို အဆင်သင့်လုပ်ထားတာတွေ အမျိုးမျိုးရနိုင်တယ်။ ဆန်၊ ဂျုံ၊ ပဲ၊ အသီးအနှံတွေနဲ့လုပ်ထားတယ်။ မြန်မာပြည်မှာလည်း တင်သွင်း၊ ထုတ်လုပ်သင့်ကြတယ်။ ဆီရီရယ်ခေါ် မနက်စာကိုလည်းသုံးနိုင်ကြပါတယ်။

အစာလမ်းကနေ ကူးစက်ရောဂါတွေကို ရှောင်ဘို့သာ အရေးကြီးပါတယ်။ ဝမ်းပျက်၊ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ အသည်းရောင် အေ၊ စတာတွေဖြစ်ပါတယ်။ ဒါတွေအားလုံးဟာလဲ အပူလုံလောက်အောင်ပေးတာနဲ့ ပိုးတွေက သေကြတယ်။ မီးပေါ်မတင်ရတဲ့အစားတွေကို ပိုဂရုစိုက်ပါ။ ယင်၊ ပိုးဟပ်၊ ကြွက်တွေရန်က ရှောင်ပါ။ ပုလင်း၊ ဇွန်း၊ ပန်းကန်၊ အိုး၊ ခွက်၊ ဒယ်တွေကို သန့်ပါစေ။ ကာကွယ်ဆေးတွေ စနစ်တကျထိုးပါလေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ