ကျန်းမာရေး အမေး အဖြေ

ကျွန်တော် ကျန်းမာရေး အမေး အဖြေလုပ်နေတာ ၁၅ နှစ်။ မေးခွန်းပေါင်း ထောင်သောင်း။

ရောဂါတခုခု၊ ဆေးတခုခု မေးတိုင်း စုံလင်အောင်ရေးပြီး ဖြေပါတယ်။ ရေးထားပြီးသား များတယ်။

ဆေးအသစ်၊ ရောဂါအသစ်လာရင် အသစ်ရေးရတယ်။ ဆေးပညာစာဆိုတာ အလွယ်ရေးမရ။ အရင်ဆုံး ‘ရီဆာ့ချ်’ ခေါ် အကိုးအကားတွေ လိုက်ရှာရတယ်။ ဘာသာပြန်ရတယ်။ ကိုယ့်တိုင်းပြည်နဲ့ အံဝင်ဂွင်ကျတာ ရွေးရတယ်။ 

တခါတခါကိုယ်တိုင်အတွေ့အကြုံလေးကိုပါ ထည့်ရတယ်။ ရှည်လွန်းလည်း မကောင်း။ 

အခုဆိုရင် ဆေးပညာစာ စုစုပေါင်း ၁၄၀၅၃ ပုဒ် ရှိပြီ။ မေးခွန်းလာရင် ‘လင့်’ ရှာပို့ပေးပါတယ်။ လွယ်ပြီ။

ခက်တာလည်း ရှိသေးတယ်။ 

တချို့က ဖြေပြီးလည်း ထပ်မေးတယ်။ အဖြေက ပါပြီးသား။ ကျွန်တော်က ပြောပြီးသာ ထပ်ပြောမှာ ပျင်းတယ်။ ဆောရီး။

တချို့က စိုးရိမ်ရလား၊ အန္တရာယ်ရှိလား ထပ်မေးတယ်။ စိုးရိမ်စိတ်ဆိုတာ မတူကြပါ။ တချို့က သေးသေးလေးကို ဇာချဲ့တယ်။ ကလေးနေမကောင်းတာကို ကလေးအမေနဲ့ ကလေးအဖေ စိုးရိမ်ကြတာ မတူ။ လူကြီးမင်းကို မျက်စိနဲ့တွေ့ရတာမဟုတ်လို့ အကဲခတ်လည်းမဖြစ်ပါ။

ကျန်းမာရေးဆိုတာ ဈေးရောင်းသလို ပစ္စည်းအားလုံးကောင်းလို့ ဖြေမရ။

ဖေ့စ်ဘွတ် ပို့စ်တွေလို ဖြဲခြောက်လို့လည်း မရပါ။

တချို့က ဆေးကုတာထက် ဆေးစစ်တာကိုသာ ဦးစားပေးကြတယ်။ ဘယ်ကိုသွားပြီး ဘာတွေစစ်ပြီးပြီ၊ ဘာတွေထပ်စစ်ရမလဲတဲ့။

တချို့က ကင်ဆာဆိုရင် ဘာစားရမလဲ၊ ဘာရှောင်ရမလဲသာ သိလိုကြတယ်။ ကုသနည်းကို မသိလို။

တချို့က ကနည်းကိုသာ မေးကြတယ်။ 

“သမီးကလေးက နေမကောင်း၊ ဘယ်လိုလုပ်ကမလဲ” တဲ့။ မြေးကလေးကို ပန်တျာကျောင်း အပ်ပေတော့။

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ