ကမ္ဘာမှာ အဖြစ်များနေတဲ့ အသည်းရောင်ရောဂါကို ဘယ်လိုကာကွယ်မလဲ
BBC Burmese ၂၈ ဇူလိုင် ၂၀၂၄
“အသည်းရောင်ရောဂါ ကိုယ့်မှာ ရှိနေတာကို မသိကြတဲ့လူပေါင်း ကမ္ဘာတလွှားမှာ သန်းပေါင်းများစွာရှိနေတဲ့အတွက် အသည်းရောင်ရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်တယ်” လို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေ၊ ပရဟိတအဖွဲ့တွေက ပြောနေပါတယ်။
ဒါဟာ ဇူလိုင် ၂၈ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ အသည်းရောင်ရောဂါနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ အသည်းရောင်ရောဂါကြောင့် သေဆုံးရသူ နှစ်စဉ် ၁ သန်းကျော် ရှိပြီး ဒီအရေအတွက်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တိုးလာတယ်လို့ ဆိုပါတယ်။
အသည်းရောင်ရောဂါဆိုတာ ဘာလဲ၊ ဘာ့ကြောင့် သေဆုံးမှု များတာလဲ
အသည်းကိုရောင်လာစေတဲ့ ဒီရောဂါဟာ အများအားဖြင့် ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာ ပါ။
အသည်းရောင်ရောဂါကနေ အသည်းကင်ဆာ၊ အသည်းပျက်ဆီး(ပျက်စီး)တာ စတဲ့ရောဂါတွေ အပါအဝင် တခြားပိုပြင်းထန်တဲ့ အသည်းရောင်ရောဂါတွေကို ဖြစ်ပွားနိုင်ပါတယ်။
ဒီရောဂါကို ဖြစ်စေတဲ့ ဟက်ပါတိုက်တစ် ဗိုင်းရပ်စ် (Hepatitis Virus) က အေ (A) ကနေ အီး (E) အထိ မျိုးကွဲ ၅ ခု ရှိပါတယ်။
ဟက်ပါတိုက်တစ် (ဘီ) နဲ့ (စီ)က ပိုပြီး ပြင်းထန်ပါတယ်။ ကမ္ဘာကျန်းမာရေး အဖွဲ့ (World Health Organization - WHO) က အသည်းရောင်ရောဂါ (ဘီ) နဲ့ (စီ) ကြောင့် တနှစ် တနှစ် ကမ္ဘာမှာ သေဆုံးတဲ့ သူပေါင်း ၁.၃ သန်းရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ ဒီနှုန်းဟာ စက္ကန့် ၃၀ တိုင်း ဒီရောဂါတွေနဲ့ လူ ၁ ယောက် သေဆုံး နေတာကို ပြဆိုနေပါတယ်။
လူပေါင်း ၂၅၄ သန်းဟာ နာတာရှည် အသည်းရောင်ရောဂါ (ဘီ) ရှိနေပြီး လူပေါင်း သန်း ၅၀ ဟာ နာတာရှည် အသည်းရောင်ရောဂါ (စီ) ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားပါတယ်။ နှစ်တိုင်းမှာ ဒီရောဂါရှိသူတွေ ၂ သန်းကျော် တိုးပွားလာတယ်လို့လည်း သူတို့က ဆိုပါတယ်။
အသည်းရောင်ရောဂါ (ဘီ) ကူးစက်ခံနေရတဲ့ လူစုစုပေါင်း -
၉၇ သန်း - WHO ပစိဖိတ်အနောက်ဒေသ (ဒီဒေသထဲမှာ တရုတ်၊ ဂျပန်၊ သြစတြေလျ တို့ပါဝင်)
၆၅ သန်း - အာဖရိက
၆၁ သန်း - WHO အရှေ့တောင်အာရှဒေသ (အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒို နီးရှား စသဖြင့် ပါဝင်)
အသည်းရောင်ရောဂါ (အီး) က ကမ္ဘာတလွှားမှာ လူပေါင်း သန်း ၂၀ ကူးစက်ခံရပြီး ၂၀၁၅ မှာ လူပေါင်း ၄၄,၀၀၀ သေဆုံးခဲ့ရတယ်လို့ WHO က ပြောပါတယ်။ အဲဒီ ရောဂါ အဖြစ်များဆုံးက တောင်အာရှနဲ့ အရှေ့အာရှမှာပါ။
အသည်းရောင်ရောဂါပိုး ဘယ်လို ကူးစက်နိုင်လဲ
အသည်းရောင်ရောဂါပိုး (အေ) ကို အဲဒီရောဂါပိုးပါတဲ့ မစင်ပါဝင်နေတဲ့ အစား အစာတွေ၊ (သို့မဟုတ်) ရေတွေ၊ (သို့မဟုတ်) အရည်တွေကို စားသောက်မိရာက ကူးစက်နိုင်ပါတယ်။ ဒါမှမဟုတ် ရောဂါရှိနေတဲ့ သူနဲ့ ထိတွေ့ မိရင်လည်း (ဥပမာ - နမ်းတာကနေတဆင့်) ဒီရောဂါကူးစက်နိုင်ပါတယ်။
သန့်ရှင်းမှု နည်းပါးတဲ့ ဝင်ငွေနည်းနိုင်ငံတွေ၊ အလယ်အလတ်ဝင်ငွေရ နိုင်ငံတွေမှာ ဒီရောဂါ ဖြစ်ပွားမှုများပါတယ်။
သူ့ရဲ့ ရောဂါလက္ခဏာတွေက သိပ်မကြာခင်မှာ ပျောက်သွားနိုင်ပြီး ရောဂါကနေ လူတိုင်းနီးပါးက ပြန်နာလန်ထူနိုင်ကြပါတယ်။ ဒါပေမဲ့ ဒီရောဂါက အသည်းပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပြီး သေဆုံးတဲ့အထိ ပြင်းထန်တတ်ပါတယ်။
ရောဂါပိုးပါဝင်နေတဲ့ အစားအစာ ဒါမှမဟုတ် ရေတွေကြောင့် အသည်းရောင် ရောဂါ (အေ) က နေရာတခုမှာ အမြန်ပြန့်ပွားသွားနိုင်ပါတယ်။ ဥပမာ - ၁၉၉၈ က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ လူ ၃၀၀,၀၀၀ အသည်းရောင်ရောဂါ (အေ) ဖြစ်ပွားခဲ့ပါတယ်။
အသည်းရောင်ရောဂါ (ဘီ) ကတော့
ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးကို ကူးစက်နိုင် (ကလေးမွေးဖွားစဥ် ကူးစက်တာဖြစ်)
ကလေး တယောက်ကနေ တယောက်ကိုလည်း ထိတွေ့မှုတွေကနေ ကူးစက်နိုင်
ရောဂါပိုးရှိနေတဲ့ အပ်တွေ၊ ဆေးထိုးအပ်တွေကနေ တဆင့်ကူးစက်နိုင် (ဆေးမင်ကြောင် ထိုးစဥ်၊ နားပေါက်ကဲ့သို့ ကိုယ်ခန္ဓာမှာ အပေါက်ဖောက်စဥ်၊ ဆေးထိုးစဥ်)။ သွေးကတဆင့် (ရောဂါပိုးရှိတဲ့ သွေးကို သွင်းမိတာ)၊ ကိုယ်တွင်းရည်က တဆင့်ကူးစက်တာ (ဥပမာ - လိင်ဆက်ဆံမှု)
အသည်းရောင်ရောဂါ စီ နဲ့ ဒီ ဟာ ရောဂါပိုးရှိတဲ့ သွေးက တဆင့် (ဥပမာ - အပ်တွေ၊ ဆေးထိုးအပ်တွေ မျှဝေသုံးကြတာ၊ ရောဂါပိုးရှိတဲ့ သွေးကို သွင်းမိတာ) ကူးစက်နိုင် ပါတယ်။
အသည်းရောင်ရောဂါ (ဘီ)ရှိတဲ့သူတွေသာ အသည်းရောင် (ဒီ)ပိုး ကူးစက်ခံရ နိုင်ပါတယ်။ အသည်းရောင်ရောဂါ (ဘီ) နာတာရှည် ရှိနေသူများရဲ့ ၅% ခန့် အသည်းရောင်ရောဂါ (ဒီ) ကူးစက်ခံရနိုင်ပြီး အဲဒီလို ဖြစ်လာရင်လည်း ရောဂါက သိပ်ကို ဆိုးသွားနိုင်ပါတယ်။
အသည်းရောင်ရောဂါ (အီး)ကတော့ ရောဂါပိုးတွေ ပါဝင်နေတဲ့ အစားအသောက်တွေ ကို စားမိ၊ သောက်မိရင် ကူးစက်ခံရနိုင်ပါတယ်။ အဲဒီရောဂါဟာ တောင်အာရှနဲ့ အရှေ့ အာရှမှာ အဖြစ်များပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ထိခိုက် ပါတယ်။
အသည်းရောင်ရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေ ပြသလဲ
WHO က သတ်မှတ်ထားတဲ့ အသည်းရောင်ရောဂါ လက္ခဏာတွေက -
အဖျား
ပင်ပန်းနွမ်းနယ်
စားချင်သောက်ချင်စိတ် မရှိ
ဝမ်းပျက် ဝမ်းလျှော
ပျို့ချင် အန်ချင်
အစာအိမ်နေရာတဝိုက် အောင့်
ဆီးအရောင်မဲခြင်း၊ မစင် အရောင်ဖျော့ခြင်း
အသားဝါ၊ မျက်လုံးအရောင်ဝါခြင်း
ဒါပေမဲ့ လူအများအပြားဟာ အသည်းရောင်ရောဂါရှိနေပေမယ့် အထက်ပါ ရောဂါ လက္ခဏာ အနည်းငယ်လောက်သာ ပြတာ၊ ဒါမှမဟုတ် လုံးဝ မပြတာမျိုးတွေလည်း တွေ့ရပါတယ်။
WHO က နောက်ဆုံးထုတ်အချက်အလက်တွေ (၂၀၂၂ က ထုတ်ခဲ့တာဖြစ်)မှာ နာတာရှည် အသည်းရောင်ရောဂါ (ဘီ) ရှိနေတဲ့သူ စုစုပေါင်းရဲ့ ၁၃% ၊ နာတာရှည် အသည်းရောင်ရောဂါ (စီ) ရှိနေသူ စုစုပေါင်းရဲ့ ၃၆% ကသာ သူတို့မှာ ရောဂါရှိနေတာကို သိကြတာလို့ ဖော်ပြထားပါတယ်။
ကိုယ့်ကိုယ်ကို ရောဂါရှိနေပြီဆိုတာ မသိကြပေမယ့် အဲဒီသူတွေကနေ ရောဂါက ပျံ့ပွားနိုင်နေပါပြီ။ ဒါကြောင့် WHO နဲ့ ကျန်းမာရေးဆိုင်ရာ ပရဟိတအဖွဲ့အစည်းတွေက လူတွေ အသည်းရောင်ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်ကြပါလို့ တိုက်တွန်းနေတာပါ။
အသည်းရောင်ရောဂါ ဆေးစစ်တာ၊ ကုသတာက ဘယ်လိုလဲ
အသည်းရောင်ရောဂါပိုး (အေ)၊ (ဘီ)၊ (စီ) ရှိ၊ မရှိကို သွေးစစ်တာနဲ့ သိနိုင်ပါတယ်။
အသည်းရောင် ရောဂါ (အေ) အတွက် အသေအချာ သတ်မှတ်ထားတဲ့ ကုထုံး မရှိသေးပါဘူး။ လူနာဟာ အနားယူရင် မြန်မြန်ပြန်သက်သာလာသလို၊ ရောဂါပိုးကို တိုက်ဖျက်ဖို့ ကိုယ်ခံစွမ်းအား ပဋိပစ္စည်းတွေ ကိုယ်ခန္ဓာတွင်းမှာ ထွက်ပေါ်လာ တတ်ပါတယ်။
နာတာရှည် အသည်းရောင်ရောဂါ (ဘီ) နဲ့ (စီ) တွေကိုတော့ ဗိုင်းရပ်စ် သတ်ဆေးတွေနဲ့ ကုသရပါတယ်။ အဲဒီလို ကုသခြင်းဖြင့် အသည်းခြောက်သွားမယ့်အဖြစ်ကို မရောက်အောင် ထိန်းထားနိုင်သလို၊ အသည်းကင်ဆာထိ ဖြစ်သွားနိုင်ခြေကိုလည်း လျှော့ချနိုင်ပါတယ်။
အသည်းရောင်ရောဂါ (အေ) နဲ့ (ဘီ) ကာကွယ်ဆေးတွေ ရှိပါတယ်။ ကလေးတွေ မွေးဖွားချိန်မှာ သူတို့ကို ကာကွယ်ဆေးထိုးပေးထားရင် မိခင်ကနေ ဒီရောဂါကူးတာကို ကာကွယ်နိုင်ပါတယ်။ ဒီနည်းအတိုင်းပဲ အသည်းရောင်ရောဂါ (ဒီ) ကာကွယ်ဆေးကို ပေးလို့ရပါတယ်။
အသည်းရောင်ရောဂါ (စီ) ကာကွယ်ဆေး မပေါ်သေးပါဘူး။ အသည်းရောင်ရောဂါ (အီး) ကာကွယ်ဆေးက အကျယ်အပြန့် မရနိုင်သေးပါဘူး။
အသည်းရောင်ရောဂါ ကူးစက်မခံရအောင် ဘယ်လို လုပ်ရမလဲ
အသည်းရောင်ရောဂါ (အီး) ကူးစက်မခံရအောင် အသည်းပါတဲ့ဟင်းလျာတွေကို အသေအချာ ချက်ပြုတ်ပြီးမှ စားပါ။
WHO က အသည်းရောင်ရောဂါ (အေ) ကူးစက်ပျံ့ပွားတာ မရှိအောင် အောက်ပါတို့ကို လုပ်ဖို့ ပြောထား -
အစားအစာ မစားခင် လက်ကို စင်ကြယ်စွာဆေးပါ၊ အိမ်သာသွားပြီးရင် လက်ကို စင်ကြယ်စွာဆေးပါ။
ရပ်ရွာအသိုင်းအဝိုင်းမှာ ဘေးကင်းသန့်ရှင်းတဲ့ သောက်သုံးရေ လုံလောက်အောင် စီမံထားပါ။
ရပ်ရွာအတွင်းမှာ မိလ္လာစွန့်ပစ်မှုတွေကို စနစ်တကျ စီမံဆောင်ရွက်ပါ။
အသည်းရောင်ရောဂါ (ဘီ)၊ (စီ)၊ (ဒီ) တို့ ကူးစက်မှု မရှိအောင် အောက်ပါတို့ကို လုပ်ဆောင်ဖို့ WHO က ညွှန်ကြားပါတယ် -
ဘေးကင်းတဲ့ လိင်ဆက်ဆံမှု (ကွန်ဒုံသုံးခြင်း၊ လိင်ဆက်ဆံဖက် မများခြင်း) သာ လုပ်ဆောင်ပါ။
ဆေးသုံးတာ၊ အပေါက်ဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာတွေမှာ အပ်တွေကို ဝေမျှ မသုံးရ။
အသည်းရောင်ရောဂါ (ဘီ) မကူးဖို့ သွေးတွေ၊ ကိုယ်တွင်းအရည်တွေ၊ ဒါမှမဟုတ် ပိုးတွေ ရှိနေနိုင်တဲ့ အရာဝတ္တုတွေနဲ့ ထိတွေ့မိပြီဆိုရင် လက်ကို စင်ကြယ်အောင် ဆေးကြောပါ။
ကျန်းမာရေးဌာနမှာ လုပ်ဆောင်နေတဲ့ ဝန်ထမ်းဆိုရင် အသည်းရောင် ရောဂါ (ဘီ) ကာကွယ်ဆေး ထိုးဖို့လိုအပ်ပါတယ်။
အသည်းရောင်ရောဂါ (အီး) မကူးစက်အောင် တကိုယ်ရည် သန့်ရှင်းရေး ကောင်းမွန် အောင် လုပ်ဆောင်ရမှာဖြစ်သလို၊ အသည်းဟင်းတွေကို အထူးသဖြင့် ဝက်အသည်းကို အသေအချာ ချက်ပြုတ်ပြီးမှ စားရပါမယ်။
အသည်းရောင်ရောဂါ ကင်းစင်အောင် ကျန်းမာရေးဆိုင်ရာဘက်တွေက ဘယ်လို ဆောင်ရွက်နေလဲ
၂၀၃၀ ခုနှစ်မှာ အသည်းရောင်ရောဂါ (ဘီ) နဲ့ (စီ) ကူးစက်ခံရသူအရေအတွက် ၉၀% ကျဆင်းသွားဖို့နဲ့ အဲဒီရောဂါတွေကြောင့် သေဆုံးမှု ၆၅% ကျဆင်းဖို့ မျှော်မှန်းထား ကြောင်း WHO က ဆိုပါတယ်။
ဒါပေမဲ့ အသည်းရောင်ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးရသူ အရေအတွက်က ကမ္ဘာ တဝန်းမှာ ၂၀၁၉ ခုနှစ်က ၁. ၁ သန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၁. ၃ သန်းအထိ တိုးလာတဲ့ အကြောင်း သူတို့က ပြောပါတယ်။
ကမ္ဘာ့ နိုင်ငံစုစုပေါင်းရဲ့ ၆၀% မှာသာ အသည်းရောင် ရောဂါပိုးရှိ၊မရှိ စစ်ဆေးတာ၊ ကုသတာကို အခမဲ့ ဒါမှမဟုတ် ကုန်ကျစရိတ် သက်သက်သာသာနဲ့ လုပ်ဆောင် နိုင်တာဖြစ်ပြီး တခြား သန်းရာနဲ့ချီ ရှိတဲ့ ပြည်သူတွေအနေနဲ့ အဲဒီလို လုပ်နိုင်ဖို့ လက်လှမ်းမမီပါဘူး၊ အာဖရိကတိုက်မှာဆိုရင် နိုင်ငံတွေရဲ့ ၃ ပုံ ၁ ပုံ ကပဲ ဒီလို ဆေးစစ်မှု၊ ကုသမှု ဝန်ဆောင်မှုတွေကို လုပ်ပေးနိုင်တယ်လို့ WHO က ပြောပါတယ်။
စာရေးတာလည်း စာလုံးပေါင်းသတ်ပုံ မှန်သည်။ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment