Chicken Skin ကြက်အရေပြားနဲ့တူတဲ့အရေပြား

အသက် ၂၅ ကျားဖြစ်ပါတယ်ဆရာ ကျွန်တော်သိချင်တာက ဆရာရေးထားတဲ့ ကြက်အရေပြားနဲ့ အဖျားဆွတ်ခေါ်ခြင်း ဆောင်းပါးမှာပြထားတဲ့ အဖုလေးတွေမျိုး ဆီးစပ်မှာဖြစ်နေပါတယ် အဲလိုပုံထဲကလိုပါပဲ ၇ ဖု ၈ဖုလောက်တော့ရှိပါတယ် မယားပါဖူး မနာပါဖူး အဲဒီလိုမျိုးအလားတူ ကျွန်တော့အမျိုးသမီးမှာလဲဖြစ်နေပါတယ် ပေါင်ရင်မှာ ၃ဖု ဆီးစပ်မှာ ၂ဖုပါ အဲဒါဘာကြောင့်ဖြစ်တာလဲ လင်မယားချင်းကူးစပ်တာမျိုးလား ကာလသားရောဂါလား နားမလည်လို့ သိချင်ပါတယ်ဆရာ ဘယ်လို ကုသလို့ရလဲပါသိချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်

ပုံကို အခုမှသာ တွေ့ဖူးတယ်။ ရောဂါအမည်လည်း ကျွန်တော်ပေးတာနဲ့ နည်းနည်းလွဲတယ်။ ကူးစက်လို့ရေးရတယ်။ စပ်ဆိုတာ ငရုတ်သီးစပ်တာ၊ အရောင်စပ်တာ။

ဗီတာမင်အေနည်းသူမှာဖြစ်တဲ့ ကြက်အရေပြားလို့ အလွယ်ခေါ်တာရှိတယ်။ မှန်တော့ မမှန်ပါ။ ဗီတာမင်အေနည်းလို့ ဖြစ်တဲ့မျက်စိအားနည်းတာကို ကြက်မျက်သင့်လို့ခေါ်တယ်။ ဗီတာမင်အေနည်းလို့ တံတောင်ဆစ်နဲ့ ဒူးဆစ်နေရတွေမှာ ကြာဆူးထွက်မယ်။ ကြမ်းနေမယ်။ ဗီတာမင်အေသောက်ရင် ပျောက်တယ်။ 

ရောဂါအမည် အင်္ဂလိပ်လိုမှာ Chicken Skin ကြက်အရေပြားလို့ခေါ်တာ အတိအကျရှိတယ်။ အခုရေးတဲ့ရောဂါ။ ဘဲ-ငန်း အရေပြား Goose bumps ဆိုတာ ကြက်သီးထတာ။

Keratosis Pilaris (Chicken Skin) ကရက်တိုးဆစ် ပီလားရစ်

အရေပြားကြမ်းနေမယ်။ အဖုသေးသေးလေးတွေရှိနေမယ်။ အမြင်အရ ကြက်အရေပြားနဲ့တူနေမယ်။ အဖုလေးတွေဆိုတာ ချွေးထွက်အိတ်ကလေးတွေအဝမှာ ပိတ်နေရာကနေဆက်ဖြစ်တာ။ ဘေးနားကအရေပြားထက် အရောင်ရင့် ညိုနေမယ်။ 

လက်မောင်း၊ ပေါင်၊ ပါးနဲ့ တင်ပါးနေရာတွေမှာ အဖြစ်များတယ်။ ကူးစက်ရောဂါ မဟုတ်ပါ။ ယားနိုင်တယ်။ ဆောင်းရာသီ ပိုဆိုးတယ်။ ကိုယ်ဝန်ဆောင်ချိန် ပိုဆိုးနိုင်တယ်။ 

စိုးရိမ်စရာ မရှိပါ။ ပျောက်အောင်လုပ်တဲ့ဆေးလည်း မရှိပါ။ ဆောရီး။ နှစ်တွေကြာလာရင် အလိုလို သက်သာလမယ်။ နှစ် ၃ဝ နေမှ ပျောက်တာမျိုးလည်းရှိတယ်။ 

တခြားအရေပြားရောဂါရှိ မရှိ စစ်သင့်တယ်။ ဥပမာ atopic dermatitis ရောဂါ။ အရေပြားခြောက်သူ၊ နှင်းခုနာရှိသူ၊ ichthyosis အရေပြားနာရှိသူ၊ အလာဂျီရှိသူ၊ melanoma မှည့်ကင်ဆာရှိသူ၊ အဝလွန်သူ၊ အမျိုးသမီး၊ အသက်ငယ်သူတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ 

Retinol creams ခရင်မ်လိမ်းနိုင်တယ်။ ဆရာဝန်ညွှန်မှသာ သင့်တယ်။ ရေနွေးနဲ့ရေးချိုးတာသက်သာမယ်။ အုန်းဆီစစ်စစ် လိမ်းနိုင်တယ်။ လေမှာရေငွေ့ဓါတ်နည်းမနေအောင် Humidifiers သုံးနိုင်တယ်။ 

အရေပြားအထူးကုဆရာဝန်တွေက လုပ်ပေးနိုင်တာတွေတော့ ရှိတယ်။ microdermabrasion, an intense exfoliating treatment နဲ့ chemical peels နည်းတွေရှိတယ်။ 

1. Vitamin A ဗီတာမင်အေ နဲ့ ကြက်အရေပြား https://doctortintswe.blogspot.com/2018/01/vitamin.html

2. Body Acne ကိုယ်မှာပေါက်တဲ့ ဝက်ခြံ https://doctortintswe.blogspot.com/2014/11/thigh-acne.html

3. Seborrheic Keratosis or Keratosis pilaris ဆားဝက်ခြံ https://doctortintswe.blogspot.com/2014/11/seborrheic-keratosis-or-keratosis.html

မှတ်ချက် - ၂၀၁၈ ခုနှစ်ဝန်ကျင်က ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ကျွန်တော့ဆေးပညာစာတွေကို မြန်မာစာသတ်ပုံမှန်အတိုင်း ထုတ်ဝေခဲ့ပါတယ်။ တချို့က သတ်ပုံတွေမှားအောင်ပြေင်တဲ့ စာပေစိစစ်ရေး ရှိသေးသလိုလို ထင်နေကြပြီး တချို့က အဖြစ်မှန်ကို ဖုံးကွယ်ထားကြတယ်။

Dr. တင့်ဆွေ

၂၄-၇-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ