Cholera ကာလဝမ်းရောဂါဟုတ်ပါရဲ့လား

- ဝမ်းပျက်ဝမ်း​လျှော​ရောဂါ​ ပြင်းထန်မှု အထူးသတိပြုကြပါ

- ကာလဝမ်းရောဂါ သတိပြုပါ

- သာကေတမှာ ဝမ်းရောဂါတွေ ဖြစ်နေလို့ 

- ရန်ကုန်မှာကာလဝမ်းရောဂါအဖြစ်များနေပါတယ်။

- ဂရုစိုက်ကြပါ ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါနဲ့ ဝမ်းပျက်ဝမ်း​လျှော​ရောဂါ​ မတူပါ။ တကယ်ဖြစ်နေတာ ဘာရောဂါလဲ။ ဝမ်းစစ်ဆေးရင် သိတယ်။ V. cholerae တွေ့ရှိမှာသာ ကာလဝမ်းရောဂါဖြစ်ပါတယ်။

Cholera ကာလဝမ်းရောဂါ

ကာလဝမ်းရောဂါဟာ အလွန်ကူးစက်မြန်တယ်။ ကုသမှုမရရင် နာရီပိုင်းအတွင်း သေဆုံးနိုင်တယ်။ နှစ်စဉ် ကမာ္ဘမှာ လူ ၁့၃ သန်း ကနေ ၄ သန်းအထိဖြစ်တယ်။ လူပေါင်း ၂၁ဝဝဝ ကနေ ၁၄၃ဝဝဝ သေဆုံးနေတယ်။ ကာကွယ်လို့ရတယ်။ ကုသလို့ရတယ်။ အမြန်လုပ်ရတယ်။ ကုန်ခမ်းသွားတဲ့အရည်နဲ့ ဓါတ်ဆားပြန်ဖြည့်ရမယ်။ ပိုးသေဆေး ပေးရတယ်။

ကာလဝမ်းရောဂါကို ကူးစက်မြန်ဝမ်းရောဂါလို့ခေါ်တယ်။ ပါးစပ်ထဲဝင်တဲ့ ရေနဲ့ အစားအသောက်ထဲမှာ Vibrio cholerae ပိုးပါနေလို့ကူးစက်တယ်။ ပိုးအမျိုးအစားကွဲတွေရှိတယ်။ O1 နဲ့ O139 ဖြစ်တယ်။ ကာလဝမ်းရောဂါဟာ ကပ်ရောဂါ ဖြစ်နိုင်တယ်။ နေရာတခုမှာသာ ကွက်ဖြစ်တာကနေ နေရာအများအပြားကို ပြန့်သွားနိုင်တယ်။

ကူးစက်ခံရရင် ဝမ်းအရည်တွေသွားမယ်။ ကလေးရော လူကြီးတွေပါဖြစ်တယ်။ ၁၂ နာရီကနေ ၅ ရက်အထိကြာတယ်။ တချို့မှာ ပိုးဝင်ခံရပေမယ့် ဝမ်းမပျက်ပါ။ သူ့ဝမ်းထဲမှာတော့ ၁ ရက်ကနေ ၁၀ ရက်အထိကြာ ပိုးတွေပါနေမယ်။

ဖြစ်တဲ့သူ အရေပြားတွေ ဆွဲမရင် ပြန်ကျတာ နှေးမယ်။ ကလေးငယ်တွေ ငယ်ထိပ်ခွက်နေမယ်။ မျက်တွင်းချိုင့်နေမယ်။ ဆိုးတဲ့လူနာတွေ ရှော့ခ်ရနိုင်တယ်။ အေးစက်နေမယ်။ လက်ကောက်ဝတ်နေရာ သွေးခုန်တာ စမ်းမရဖြစ်မယ်။ သွေးဖိအားကျမယ်။ သုညအထိကျမယ်။

ကာလဝမ်းရောဂါဖြစ်သူကို ဘယ်လိုကုသမလဲ

ကုသလို့ရတယ်။ မြန်ရမယ်။ ORS ဓါတ်ဆားရည်တိုက်ရမယ်။ WHO/UNICEF ကထုတ်တာက အကောင်းဆုံးဖြစ်တယ်။ တထုပ်ကို ရေသန့် တလီတာနဲ့ဖျော်ရတယ်။ လူကြီးတွေကို ပဌမနေ့မှာ ၆ လီတာပေးရင် အနည်းငယ်ကနေ အသင့်အတင့် ဆိုးတာကို အသက်မသေအောင် ကာကွယ်နိုင်တယ်။

ဆိုးတဲ့လူနာတွေကို ဓါတ်ဆားရည်ကို သွေးပြန်ကြောကနေသွင်းပေးရမယ်။ ဆိုးရင် ဆိုးသလောက် မြန်မြန်သွင်းရမယ်။ ယေဘုယျ ကီလို ၇ဝ (ပေါင် ၁၅ဝ) လေးသူကို ၇ လီတာ (၁၄ ပုလင်း) သွင်းရမယ်။ ပါးစပ်ကနေလည်း သောက်စေရမယ်။ သင့်တော်တဲ့ ပဋိဇီဝဆေးလည်းပေးရမယ်။ ရောဂါဖြစ်နေတဲ့အရပ်မှာနေသူတိုင်းကို အစုလိုက်အပြုံလိုက် ပဋိဇီဝဆေး ပေးဘို့ မလိုအပ်ပါ။ ပိုထိရောက်တာမတွေ့ရ။ ဆေးယဉ်တာဖြစ်စေနိုင်တယ်။

ကာကွယ်ရေး

၁။ Surveillance လေ့လာစောင့်ကြည့်ခြင်း

ဒေသတခုမှာဖြစ်တာကို တကမာ္ဘလုံးကို သတင်းအချက်အလက်မျှဝေရမယ်။ ဝမ်းပျက်လို့သံသယရှိသူရဲ့ အညစ်အကြေးမှာ V. cholerae ပိုးပါနေ မနေစစ်ဆေးရမယ်။

၂။ Water and sanitation interventions ရေနှင့် သန့်ရှင်းရေး

ရေရှည်လုပ်ဆောင်ရမယ်။ သောက်ရေ + သုံးရေသန့်ရမယ်။ စီးပွါးရေက အဓိကအချက်တခုဖြစ်တယ်။ ပိုက်ကလာတဲ့ရေရှိရေး ဦးတည်ရမယ်။ Chlorination ရေကို ကလိုရင်းဆေးခပ်ရမယ်။

အိမ်သုံးရေကို water filtration ရေစစ်နည်း၊chemical ဓါတု သို့မဟုတ် solar နေရောင်သုံးပြီး ပိုးသန့်နည်း၊ safe water storage ရေသိုလှောင်စရာသပိုးသန့်ပေးနည်းတွေလုပ်ရမယ်။ safe sewage disposal အညစ်အကြေးစွန့်စနစ် ကျန်းမာရေးနဲ့ညီညွတ်ရမယ်။

၃။ Oral cholera vaccines ကာလဝမ်းရောဂါ ကာကွယ်ဆေး

ပါးစပ်ကနေတိုက်တယ်။ WHO ကြိုတင်အသိအမှတ်ပြုပြီးတာ ၃ မျိုးရှိတယ်။ Dukoral ကာကွယ်ဆေး၊ Shanchol ကာကွယ်ဆေးနဲ့ Euvichol ကာကွယ်ဆေးတွေဖြစ်တယ်။ ဘယ်ဆေးဖြစ်ဖြစ် ၂ ခါတိုက်ရတယ်။ Dukoral ဆေးကို ရေသန့် 150 ml နဲ့ရောတိုက်ရတယ်။ ၂ နှစ်ကြာ ၆၅% ကာကွယ်မှုရတယ်။ Shanchol နဲ့ Euvichol ကာကွယ်ဆေးတွေက ရေမလိုပါ။ ပဌမတခါနဲ့ ဒုတိယတခါ ၂ ပတ်ခြားရတယ်။ ၅ နှစ်ကြာ ၆၅% ကာကွယ်မှုရတယ်။

ကာကွယ်ဆေးတမျိုးတည်းနဲ့တော့ မလုံလောက်ပါ။ သောက်ရေသန့် + ပတ်ဝန်းကျင် + တကိုယ်ရသန့်ရှင်းရေးနဲ့သာ ကာကွယ်နိုင်တယ်။

ကျွန်တော် ပြည်တွင်းနယ်ဆေးရုံတွေမှာတာဝန်ကျစဉ်က ကာလဝမ်းရောဂါကပ်နဲ့ နှစ်ကြိမ် သုံးကြိမ်ကြုံခဲ့ရတယ်။ ဆေးဝါးရှားလှတဲ့ မဆလခေတ်ဖြစ်တော့ အတော်ကသီလင်တာနိုင်တယ်။ ကုတင်မလောက်လို့ ဆေးရုံကြမ်းပေါ်မှာ လူနာတွေကို ဖျာနဲ့ထားရတယ်။ ဒရစ်ပုလင်းချိတ်စရာ တိုင်ကမလောက်။ RL, DS, NS ပုလင်းတွေ မှောင်ခိုဝယ်ရတယ်။ ဆိုးတဲ့လူနာတွေ ဘယ်ရောညာပါ ဆေးသွင်းရတယ်။ တချို့ခြေထောက်ရော လက်ပါသွင်းပေးရတယ်။ သွေးကြောရှာရ ခက်တဲ့သူတွေကို ခွဲစိတ်ပြီး သွေးကြောရှာရတယ်။

ကာလဝမ်းနဲ့ ဗေဒင်

တခါက ရွာတရွာမှာ ကာလဝမ်းရောဂါဖြစ်တယ်။ တချို့သေကုန်ကြပြီ။ အဖိုးကြီးတယောက် သားတွေ၊ သမီးတွေက အစားအသောက် ဆင်ခြင်ဘို့ပြောတာ နားမထောင်ပါ။ သူ့မှာက ဗေဒင်က ခင်ဗျားကို သူများသတ်လို့သာ သေရမယ်လို့ ဟောထားတာ။ အဲတော့ ရောဂါဖြစ်တာ ဂရုမစိုက်တော့ ကူးပါလေရော၊ သေပါလေရော။ ကာလဝမ်းမို့ ချက်ချင်း သင်္ဂြိုလ်ကြရတယ်။ အကာလညအခါ ဖျာလိပ်ပြီး၊ သင်္ချိုင်းကုန်းပို့တယ်။ သုဘရာဇာများကလည်း မူးနေပြီ။ အလောင်းကို တွင်းထဲပြစ်ချ၊ အရက် ဆက်ချ။ အဖိုးကြီးက တကယ်မသေသေးပါ။ မြောနေတယ် ခေါ်တာမျိုးပေါ့။ အပူချိန် အပြောင်းအလဲနဲ့ သတိပြန်ရလို့ မြေကျင်းထဲက ထတယ်။ အရက်မူးနေတဲ့ သုဘရာဇာတွေက တစ္ဆေမှတ်ပြီး၊ ပေါက်ပြားနဲ့ ခေါင်းချလိုက်တာ တကယ်သေပါလေရောတဲ့။

မြန်မာနိုင်ငံသားတွေ ဝမ်းရောဂါဘေး ကင်းစင်ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ