Chili plant ငရုတ်ပင်

ကနေ့ ဘုန်းကြီးကျောင်းမှာ ၉ ပါးသီလယူသူတွေ မွန်းမတည့်ခင် နေ့စာစားကြတယ်။ ကျွန်တော်က ငရုတ်သီးပါတဲ့ဟင်း လိုက်ရှာတာ မတွေ့။ ဒေါ်မြမြအေးက ကျောင်းကိုလှူထားတဲ့ ငရုတ်သီးမှုန့်ပုလင်းထဲက နည်းနည်းထုတ်ပြီး ဆီနဲ့ဆားလေး ထည့်တာ ယူလာပေးလို့ အဆင်ပြေသွားတယ်။ ကျွန်တော်က အစပ်မပါ စားမဝင်။ ဥပုသ်သည်တွေထဲမှာ မွန်၊ ရခိုင်၊ ကရင်နဲ့ ဗမာတွေပါတယ်။ ကျန်တဲ့သူတွေက အစပ်မကြိုက်ကြပါ။ ကျွန်တော်ကတော့ နိုင်ငံရေးမှာ တာဝန်ရှိစဉ်က ဥရောပနိုင်ငံတွေသွားတိုင်း ငရုတ်သီးပုလင်းလေး ထည့်ယူသွားပါတယ်။

အစပ်ကို ဘာလို့ကြိုက်ကြသလဲ။ စားနေကျလူကို စွဲစေတယ်။ အစပ်မပါရင် ဟာတာတာနေတယ်။ ကျွန်တော် ပြည်ပနိုင်ငံရေးလုပ်ရစဉ်က သူများတိုင်းပြည်တွေကို ခဏခဏသွားရတယ်။ ဆိုးတာက ဥရောပ၊ ငရုတ်သီးမရှိလို့။ အကြောင်းသိသွားတော့ အိမ်ကနေ ငရုတ်သီးကျော်ပုလင်းယူသွားတယ်။ ဟော်တယ်မှာစားရရင် ကျူနာ ဆင်းဒဝှစ်ချ်ကို ငရုတ်သီးကြော်နဲ့စားတယ်။ 

အမေရိက၊ ဥရောပနဲ့ နိုင်ငံတော်တော်များများမှာ ငရုတ်သီးမစားကြပါ။ အရသာတမျိုးကို မခံစားတတ်ကြတဲ့သဘော ဖြစ်မယ်။ ငရုတ်သီးစပ်တာကို အင်္ဂလိပ်လို Hot ပူတယ်လို့သာခေါ်တယ်။ သူတို့မစားလို့ စပ်တယ်လို့ မပြောတာလား။ 

- Capsaicin ငရုတ်မှာ ဆေးစွမ်းတွေ ရှိတယ်။ 

- မှိုပိုးကိုနိုင်တယ်။ ဗက်တီးရီးယားပိုးတွေကိုနိုင်တယ်။

- အဆစ်နာတာအတွက် .05% Capsaicin cream (ခရင်မ်) သုံးတယ်။

- Adlea ထိုးဆေးထဲမှာ ပါတယ်။ ခွဲစိတ်လို့နာတာ၊ အဆစ်နာတာတွေအတွက် တာရှည် အနာသက်သာဆေး ဖြစ်တယ်။

- ယောက်ျား ဆီးကျိတ်-ကင်ဆာ (ဆဲလ်) ကို သတ်နိုင်တယ်။

- သွေးဖိအား ကျစေတယ်။ 

- သွားရည်များစေလို့ စားရတာ ခပ်ပြင်းပြင်း ရှိတဲ့ အစာနဲ့ တွဲစားလို့ ကောင်းတယ်။ 

- တခြားခံစားနေရတာကို လွှမ်းမိုးစေတယ်။ 

- Capsaicin topical ointments နဲ့ High-dose dermal patch (Qutenza) တွေက Peripheral neuropathy ရောဂါကြောင့် နာတာကို သက်သာစေတဲ့ဆေး ဖြစ်တယ်။

- 0.025% - 0.075% ကို သာမန်ကိုက်ခဲတာ၊ အဆစ်နာရောဂါ၊ ခါးနာတာ၊ ဟိုနာ-ဒီနာတာတွေ အတွက် ထုံအောင်အရင် လုပ်ပြီးမှ ဆေးကို လက်အိတ် သုံးပြီး လိမ်းပေးရတယ်။

- Capsaicin creams ကို Psoriasis အရေပြားနာကြောင့် ယားတာ-ရောင်တာ သက်သာစေအောင် သုံးနိုင်တယ်။

- ငရုတ်သီး စားရင် (ကာဗွန်ဟိုက်ဒရိတ်) တွေ ဖျက်ပေးလို့ ကိုယ်က အပူတွေ ထွက်လာတယ်။ ဆီးချို၊ လူဝတာတွေအတွက်လဲ သုံးကြတယ်။

အရသာကိုသိစေတာက လျှာမှာရှိတဲ့ Taste buds ခေါ်တဲ့ အဖုကလေးတွေကြောင့်ဖြစ်တယ်။ လူတိုင်းမှာ အဲတာမျိုးပေါင်း တသောင်းရှိတယ်။ လူတွေရဲ့ အထူးအာရုံခံ ငါးမျိုးဖြစ်တဲ့ အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့ နဲ့ အရသာဆိုတဲ့ထဲမှာ အရသာက အားအနည်းဆုံးဖြစ်ပါတယ်။ အရသာမရဖြစ်ရတာက ဆေးလိပ်သောက်တာ၊ ဆေးဝါးသောက်တာ၊ ဗီတာမင်ချို့ယွင်းတာ၊ ဦးခေါင်းကိုထိခိုက်မိတာ၊ ဦးနှောက်အကျိတ်၊ ဓါတ်ကင်ခံရတာတွေကနေ ဖြစ်စေနိုင်တယ်။ 

အစာတခုခုကို ပါးစပ်ထဲထည့်လိုက်ရင် သွားရည်နဲ့အစာ ရောထွေးပြီး ကြေချက်ပေးမယ်။ အဲလိုလုပ်နေရင်း လျှာမှာရှိတဲ့ အရသာခံတဲ့ အဖုကလေးတွေနဲ့ ထိတွေ့မယ်။ ဒီ အဖုလေးတွေမှာရှိတဲ့ အာရုံခံ (ဆဲလ်) တွေကို သတင်းအချက်အလက် ပို့ပေးလိမ့်မယ်။ အာရုံကြောတွေကတဆင့် ဦးနှောက်ကို ရောက်ပြီး ဦးနှောက်ကနေ ဘယ်လိုအရသာရှိတယ်ဆိုတာ ပြောလိမ့်မယ်။ အငန်နဲ့ အချိုကို သိစေတာတွေကတော့ လျှာရဲ့ရှေ့ပိုင်းကနေ တာဝန်ယူတယ်။ အချဉ်ကို လျှာရဲ့ ဘေးနှစ်ဘက်က သိစေပြီး အခါးကိုတော့ လျှာရဲ့ နောက်ပိုင်းက လုပ်ပေးတယ်။ လူတွေ အရသာခံတာ မတူကြပါ။ မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရသာသိတာ ပိုများတယ်။ တယောက်ထဲလဲ အသက်ပြောင်းရင် ပြောင်းတတ်တယ်။ သိပ်ငယ်တုံးမှာ အရသာသိစေတဲ့ အဖုလေးတွေဟာ လျှာတခုထဲကနေမဟုတ်ဘဲ၊ ပါးစပ်ဘေးဘက်တွေနဲ့ အာခေါင်မှာလဲ ရှိတယ်။ ဒါ့ကြောင့် ကလေးတွေ အပူမခံနိုင်၊ အစပ်မစားနိုင်ကြဘူး။ 

Chili (Chilli) ငရုတ်သီးထဲမှာပါတဲ့ Capsaicinoids ဆိုတာက ပါးစပ်ကိုဖုံးနေတဲ့ အလွှာမှာရှိတဲ့ Receptor တွေကို သက်ရောက်စေတယ်။ ဒီလိုဖြစ်တာဟာ ပူလို့ရတဲ့ နာကျင်မှုနဲ့အတူတူဖြစ်တယ်။ ပူလောင်တဲ့ ခံစားမှုရစေတယ်လို့ ဆိုတယ်။ စပ်တဲ့အရသာလို့ မပြောဘူး။ ဘာလို့လဲဆိုတော့ အရသာခံတဲ့အဖုကလေးတွေဟာ ချိုတာ၊ ငန်တာ၊ ချဉ်တာနဲ့ ခါးတာတွေကိုသာ ခံစားစေပြီး ပူလောင်တာကို ခံစားတဲ့ အထူးအဖုတွေမရှိဘူး။ ရိုးရိုး အာရုံကြောတွေကနေသာ ဒါကိုသိစေတယ်တဲ့။ ဒီအာရုံကြောတွေက စပ်တာကို ပူတယ်လို့ထင်တော့ ဦးနှောက်ကလဲ ပူတယ် ဖြစ်သွားရော။ 

ကြွက်တွေကို စမ်းသပ်လို့သိရတာက Spicy hot စပ်တဲ့အပူဆိုတာ Temperature hot ပူတဲ့အပူနဲ့ မျိုးဗီဇတူတယ်လို့ သိရတယ်။ ကြက်တူရွေးကို ငရုတ်သီးကြွေးရတယ်။ ငှက်တွေကို ငရုတ်သီးက မစပ်စေဘူး။ လူဆိုရင် ပါးစပ်ထဲ မထည့်ခင်ကတည်းက ငရုတ်သီးဟာ ပူတယ်။ ငရုတ်သီး မထောင်းတတ်ရင် ချွေးမ မတော်ချင်ကြတာတင် မကဘူး။ ငရုတ်သီးထိတဲ့နေရာမှန်သမျှကို ပူစေတယ်။ အပူလောင်တယ်လို့ အင်္ဂလိပ်လိုသုံးတယ်။ ငရုတ်သီးအမျိုးမျိုးစားလို့ ချွေးထွက်တဲ့နေရာ မတူတာကို ကိုယ်ပိုင်သုတေသနအရ သိရတယ်။ ရွှေလံဘိုငရုတ်က ဂုတ်မှာချွေးထွက်တယ်။ 

ငရုတ်သီး၊ ချင်း (ဂျင်း)၊ ငရုတ်ကောင်းတွေက ဘာလို့ စပ်ကြသလဲ။ ပူစပ်အစာတွေထဲမှာ Capsaicin ပါတယ်။ ဒါကိုခံရတာက ပါးစပ်ထဲမှာရှိတဲ့ Vanilloid receptor (VR1 receptors) အာရုံခံတွေနဲ့ သွားပေါင်းမယ်။ အာရုံခံ (နူရုန်) ဟာ ပြောင်းလဲသွားပြီး Spicy stimuli ဆိုတဲ့ အာရုံခံသတင်းကို ပို့ပေးတယ်။ 

ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။

- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅၀၀၀-၂၀၀၀၀၀ ယူနစ် ရှိတယ်။

- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။

- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။

- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုညယူနစ်သာ ရှိတယ်။

- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅၀၀-၈၀၀၀ ယူနစ် ရှိတယ်။

- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃၀၀၀၀-၅၀၀၀၀ ယူနစ် ရှိတယ်။

- Red Savina Habanero ငရုတ်မျိုးက ၃၅၀၀၀၀-၅၇၇၀၀၀ ယူနစ် ရှိတယ်။

ထူးဆန်းတာက VR1 receptors အာရုံခံတွေဟာ Capsaicin ကို မသိဘူး။ ဒါ့ကြောင့် အမှတ်တမဲ့ သွားပေါင်းမိတယ်။ VR1 receptors တွေရဲ့ တကယ့်တာဝန်ဟာ Thermo-reception ပူတာကိုသာသိတယ်။ အပူက ကိုယ့်မလောင်အောင် အသိပေးတဲ့တာဝန်ကို ထမ်းရတယ်။ VR1 receptors တွေဟာ ပါးစပ်၊ လျှာနဲ့ အရေပြားတွေမှာ ရှိနေကြတယ်။ မျက်စိကို ထိရင် ပူလောင်နာကျင်စေလို့ မိန်းကလေးတွေ Self-defense product ကိုယ့်ကိုယ်ကို ကာကွယ်ဘို့ ဆောင်ထားတဲ့ လက်နက်တခုဟာ Pepper spray ငရုတ်ကောင်းပန်းဆေး ဖြစ်ပါတယ်။ Mace Pepper Gun ဆိုတာ ဒေါ်လာ ၉ဝ လောက် ပေးရတယ်။ ၂၅ ပေအထိရောက်တယ်။

ငရုတ်သီး မျက်စိထဲဝင်လို့ ခြေမကိုရေလောင်းတာ စိတ်ပြောင်းအောင် လုပ်တာနေမယ်ထင်တယ်။ နွားနို့အေးအေးနဲ့ သကြားရည်အေးကလဲ သက်သာစေမယ်။ Capsaicin ဟာ အဆီမှာသာ ပျော်ဝင်လို့ ပူစပ်တာပြေစေအောင် ရေနဲ့မရပါ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ