Doctor ဒေါက်တာ
ဆရာရှင့် Doctorate and Doctor ကို ယခုအခါ မြန်မာတွေက အတူတူ သဘောထား သုံးလာကြပါတယ်။ ဈေးရောင်းသူ ကအစ ဘုန်းဘုန်းတွေအဆုံး စီးပွားရေး ပညာရေး ဘာသာရေးဘွဲ့တွေ မှာ ဒေါက်တာဆိုတာတွေတပ်နေကြပါတယ်။ တကယ် ဆေးကုတဲ့ ဘွဲ့ရထားသူ MBBS တွေနဲ့ ထင်ယောင်တင်မှားအဖြစ် ရောက်ရှိနေပါတယ်။ တကယ်ဘဲ Doctorate ကို မြန်မာလို ဒေါက်တာလို့ ခေါ်ရတာလား။ ပါရဂူလို့ ခေါ်ရင် ပိုမမှန်ဘူးလားရှင့်။
Doctor ဒေါက်တာဆိုတာ အဓိပ္ပါယ် (၃) မျိုးရှိပါသတဲ့။ Doctor ပါရဂူဘွဲ့ရထားသူ၊ Physician သမားတော်နဲ့ Surgeon ခွဲစိတ်ဆရာဝန်။ Doctor ကို နာမည်ရှေ့မှာ Title ကင်ပွန်းတပ်ခေါ်ရတာဟာက လက်တင်စကားကနေလာပြီး၊ စာလုံးပေါင်းရော အဓိပ္ပါယ်ပါတူတယ်။ လက်တင်ကြိယာ သင်ကြားသည်၊ သင်ကြားရန်ကနေလာတဲ့ နာမ်စာလုံး Docēre ဆိုတာ ဖြစ်တယ်။ ဥရောပမှာ တက္ကသိုလ်တွေစပေါ်ကတည်းကနေ ဂုဏ်ပြုခေါ်လာနေခဲ့တာပါ။ ဒိနောက် ကိုလိုနီနယ်တွေဆီ ရောက်တယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံလည်းပါတယ်ပေါ့။ Doctorate-level degree ပါရဂူဘွဲ့နဲ့ အဆင့်တူတာ ရထားသူကို Dr. နဲ့ Dr တပ်ခေါ်တာဟာ စာသင်နေတဲ့ ပညာရှင်ဆရာတွေရော သုတေသနပြုနေသူ ပညာရှင်တွေပါ အကြုံးဝင်ပါတယ်။
Physician ဆေးပညာရှင်ကို မြန်မာလို သမားတော်လို့ ယေဘုယျခေါ်နေခဲ့တယ်။ ကျွန်တော်လို ဆေးပညာဘွဲ့နဲ့တော့ သမားတော်လို့ ခေါ်လေ့မရှိကြဘူး။ တိုင်းရင်းဆေးဆရာတွေတော့ သမားတော်လို့ခေါ်ကြတယ်။ သူများနိုင်ငံတွေမှာတော့ ဆရာဝန်မှန်သမျှ Physician လို့ အများဆိုင်နာမ်အနေနဲ့ ခေါ်ပါတယ်။ ဆေးပညာကို အသုံးချသူပညာရှင်လို့ အဓိပ္ပါယ် ဆောင်တယ်။ ဆေးပညာကို တိုးတက်စေအာင်လုပ်မယ်၊ ထိန်းသိမ်းမယ်၊ လူ့ကျန်းမာရေးကို စောင့်ရှောက်ပေးမယ်။ ဒီလို လုပ်တာတွေထဲမှာ လေ့လာသင်ယူခြငါး၊ သင်ကြားခြင်း၊ ရောဂါရှာဖွေခြင်း၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကုသပေးခြင်းတွေပါတယ်။
သူတို့အထဲမှာ အထူးကုဆရာဝန်တွေပါမယ်။ GP ဆရာဝန်တွေဆိုတဲ့ လူနာတဦးချင်းဖြစ်ဖြစ်၊ မိသားစုတွေကိုဖြစ်ဖြစ်၊ အသိုင်းအဝန်းကိုဖြစ်ဖြစ် ကျန်းမာရေးအတွက် တာဝန်ယူ ကုသပေးသူတွေလဲပါတယ်။ ဒီလိုဆရာဝန်တိုင်းဟာ ဆေးပညာကို အခြေခံကအစ ဥပမာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ ရောဂါဗေဒ၊ ကုသနည်း ဆိုတဲ့ ဆေးသိပ္ပံပညာတွေကိုပါ အသေးစိတ် သင်ယူတတ်မြောက်ထားရတယ်။ ဒါတင်မက ဆေးပညာရဲ့အနု-လက်မှုပညာကိုပါ နားလည်ကြရပါတယ်။
Surgeon ဆိုတာက Surgery ခွဲစိတ်ဆေးပညာအထူးကုဖြစ်တယ်။ ခွဲစိတ်ပညာမှာလဲ အမျိုးမျိုးအကျုံးဝင်တယ်။ ခွဲစိတ် အထူးကုတိုင်းဟာ Physician ဆေးပညာ၊ Dentist သွားဘက်ဆိုင်ရာဆေးပညာ၊ Podiatrist ခြေထောက်ပိုင်း ဆေးပညာ၊ Veterinarian တိရစ္ဆာန်ဆေးပညာ ဆရာဝန်တွေဖြစ်ပြီးမှ ထပ်ပြီးအထူးပြုသင်ယူထားရသူဖြစ်တယ်။
Doctor စကားလုံးကို တခြားနေရာတွေမှာလဲ သုံးပါသေးတယ်။ တခုခုကို ဆရာဝန်တွေဆေးကုသလို ပြောင်းသွားအောင် လုပ်ပေးတာကိုလဲ ကြိယာအနေနဲ့ သုံးလေ့ရှိတယ်။ ကောင်းသွားအောင်ရော ဆိုးသွားအောင်လုပ်တာမှာပါ သုံးတယ်။
• She doctorred the soup with a dash of sherry. စွပ်ပြုတ်ကို ပိုပြီး အရသာရှိအောင် ပြုပြင်စီမံလိုက်တယ်။
• He doctors people. လူတွေကိုသွားပြီးဆရာလုပ်တယ်။
• He doctored the evidence. သက်သေခံပစ္စည်းကို လိုသလိုပြုပြင်တယ်။
ရှေးအင်္ဂလိပ်မှာ Doctor ဆိုတာ Expert ကြွမ်းကျင်သူ၊ Authority အခွင့်အာဏာရှိသူလို့ အဓိပ္ပါယ်ရတယ်။ ဘမ်းစကား အနေနဲ့ တောစခန်းထွက်ချိန်နဲ့၊ သဘောင်္ပေါ်မှာ ထမင်းချက်သူကိုလဲ ဒေါက်တာခေါ်ပါသတဲ့။ ဆေးပညာမဟုတ်တဲ့ နယ်ပယ်တွေမှာလဲ ဒေါက်တာခေါ်တယ်။ တခြားဘာသာရပ်တခုခုမှာ Doctor of Philosophy Ph.D. ဘွဲ့ရရင် ဒေါက်တာ ခေါ်တယ်။ ခရစ်ယာန်ဘာသာမှာ Theology (Th.D.) ဘွဲ့ရထားသူတွေကိုလဲ ဒေါက်တာလို့ ခေါ်တယ်။ Doctor of the Church လို့လဲရှိပါတယ်။
ဆေးပညာဆိုရင် အမေရိကားမှာ Doctor of medicine (M.D.) နဲ့ Doctor of osteopathic medicine (D.O.) ဘွဲ့ ရတာရင် ဒေါက်တာခေါ်နိုင်တယ်။ Osteopathy ဆိုတာက တခြားနည်းဆေးပညာရပ်တခု ဖြစ်တယ်။ အမေရိကားမှာ DPM, MD, DMD, DDS, DPT, DC ဘွဲ့တွေရရင် ဒေါက်တာခေါ်ပြီး၊ ယူကေမှာ MBBS ရရင် ခေါ်တယ်။ တိရစ္ဆာန်ဆေးပညာဘွဲ့ ရသူတွေကိုလဲ ဒေါက်တာခေါ်တယ်။ ရိုးရာဆေးပညာကျွမ်းကျင်သူကို ခေါ်တာလဲရှိတယ်။ ဆရာဝန်တဦးဟာ ဆေးပညာရပ်နဲ့ဆိုင်တာ၊ သိပ္ပံပညာရပ်ဆိုင်ရာ ဘာသာရပ်တခုခုကို Ph.D. ဘွဲ့တွေပါထပ်ရရင် အထူးကုဆရာဝန်ဆိုတာထက် ပညာရှင်လို့ သတ်မှတ်တာက ပိုပြီးသင့်လျှော်လာတော့တယ်။
အမေရိကားမှာ ခွဲစိတ်ဆရာဝန်တွေကို တခြားအထူးကုတွေထက်ပိုပြီး ကြာကြာသင်ပေးတယ်။ ရိုးရိုးကောလိပ်မှာ ၄ နှစ်၊ ဆေးကောလိပ်မှာ ၄ နှစ်နဲ့ ဆေးရုံမှာ ၃ နှစ်၊ စုစုပေါင်း ၁၁ နှစ်ကြာသင်ရတယ်။ အထူးကုဆိုရင် ဆေးရုံမှာတင် ၈ နှစ်ထိ နေရတယ်။ ဆရာဝန်ဖြစ်ချင်သူတိုင်း ကောလိပ်မှာ ဇီဝဗဒေ၊ ဓါတုဗေဒ၊ ရူပဗေဒ၊ သင်္ချာတွေအပြင် အင်္ဂလိပ်စာပါ သင်ရမယ်။ ၄ နှစ်ကို Medical school နဲ့ ၅ နှစ် အနည်းဆုံး Residency လို့လဲရှိတယ်။ ၉ နှစ်ကြာတယ်။ မြန်မာပြည်မှာ ၆ နှစ်နဲ့ အပြီးအစီးလုပ်လိုက်တာဟာ စဉ်းစားစရာဖြစ်မနေပါလား။
ဆရာဝန်တွေဟာ သူများတွေထက် အလုပ်ချိန်ပိုတာများတယ်။ ၂ဝဝ၈ စစ်တမ်းတခုအရ ဆရာဝန် ၁၀ ယောက်မှာ ၃ ယောက်ဟာ တပတ်မှာ နာရီ ၆ဝ လုပ်ခဲ့ရတယ်။ ထုံးစံက နာရီ ၄၀ သာဖြစ်တယ်။ ရုံးလို၊ ဓါတ်ခွဲခန်းလိုမှာ လုပ်ရသူတွေက အချိန်သတ်သတ်မှတ်မှတ်ရှိနိုင်ပေမဲ့ တခြားဆရာဝန်တွေက အရေးပေါ်ခေါ်ရင် ထပြေးကြရတယ်။ အမေရိကားမှာ ဆရာဝန်တွေ ဝင်ငွေကောင်းတယ်လို့ ဆိုနိုင်တယ်။ ၂၀၀၈ စစ်တမ်းမှာဘဲ ရိုးရိုးဆရာဝန်တွေက တနှစ်မှာ ဒေါ်လာ ၁၈၆,၀၄၄ ရကြပြီး၊ အထူးကုဆရာဝန်တွေက ၃၃၉,၇၃၈ ဒေါ်လာရကြတယ်။
ဆရာဝန်ဒေါက်တာ အဓိပ္ပါယ်ဖွင့်ဆိုမှုဟာ နေရာဒေသအလိုက် အရည်အချင်း၊ ဘွဲ့အမည်၊ စတာတွေ ကွဲပြားပါတယ်။ ဝင်ငွေလဲ မတူပါ။ ဒါပေမဲ့ အားလုံးမှာ တူညီချက်တခုရှိတယ်။ ဆေးပညာပဋိညာဉ်ဆိုတဲ့ စောင့်ထိန်း လိုက်နာအပ်တဲ့ စိတ်နေစိတ်ထား၊ အပြောအဆို၊ အပြုအမူ ကံသုံးပါးအတွက် ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်။ မြန်မာပြည်က ဆရာဝန်တိုင်း ဟစ်ပိုကရေးတီးပဋိညာဉ်ကို လိုက်နာကြရတာဟာ တသက်တာအတွက်ဖြစ်ပါတယ်။
ကျွန်တော့် ဆေးခန်းဆိုင်းဘုတ်နဲ့ စာရေးရင်တော့ နာမည်ရှေ့မှာ ဒေါက်တာလို့ ရေးတယ်။ ဘာလို့လဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အစိုးရဂေဇက်မှာ ဒီအတိုင်းပါတယ်။ ၂၀၁၄ ခု သြဂုတ်လမှာ Black list ခေါ် အမည်မည်းစာရင်း ကနေ ပယ်ဖျက်တော့လည်း သမတ ဝဘ်ဆိုက်မှာ ဒေါက်တာတင့်ဆွေလို့ ပါတယ်။ ရွေးကောက်ပွဲက ရတာဆိုလို့ အဲတာသာရှိလို့ပါ။
မေးခွန်းအတိုင်းပဲ မြန်မာပြည်မှာ ဒေါက်တာတွေက နေရာတကာ။ အိန္ဒိယမှာ နိုင်ငံရေးအတွက်နေရစဉ်က ဒေါက်တာ ကြေးဝါဆိုင်းဘုတ်နဲ့ အိန္ဒိယအမတ်တဦးဆီသွားပြီး မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံပေးဖို့ သွားပြောကြတယ်။ သူက ဆရာဝန်မဟုတ်။ ပါရဂူဘွဲ့ရထားသူ။ ကျွန်တော်တို့က ဘားမားကပါလို့ မိတ်ဆက်တော့ ဒေါက်တာဘွဲရအမတ်က ဘားမားဆိုတာ ဘီဟာပြည်နယ်နားရှိတာလားတဲ့။ ဘီဟာဆိုတာ ဘုရားပွင့်တော်မူရာဒေသ။
ဒေါက်တာတင့်ဆွေ
၁၇-၈-၂၀၁၈
Comments
Post a Comment