Fever First Aid အဖျားရှိသူ ရှေးဦးသူနာပြုနည်း

၁။ ဆရာရှင့် သားလေးက ၇လခွဲပါ မနေ့ကဖျားပြီး အခုထိကိုယ်ပူမကျသေးပါဘူး ခေါင်းကပူပြီးခြေဖျားလေးတွေအေးနေပါတယ်။ အဖျားက ၁၀၁/၁၀၂ လောက်ရှိပါတယ်။ ပါရာတိုက်ထားပါတယ်။ ရေပတ်လဲတိုက်ပါတယ်။ ကလေးကတခါတလေလန့်လန့်ပြီး ဘာမှန်းမသိအသားကုန်ထအော်ပါတယ်။ အဖျားဘယ်လိုကျအောင်လုပ်ရမလဲဆရာ။

၂။ ဆရာရှင့် သားလေးက တစ်နှစ်(တနှစ်)ပါ အခုညကြီးအရမ်းဖျားပြီးအန်နေပါတယ် အရင်ကဆေးခန်းကပေးထားတဲ့ napa ဆိုတဲ့ဆေးကို ည၇နာရီလောက်ကတိုက်ထားပါတယ်။ အဖျားမကျဘူး အန်နေပါတယ် ဆေးခန်းကလည်းမနက်၆ နာရီလောက်မှသွားလို့ရမဲ့အနေအထားမို့ပါ အခုလောလောဆယ်သက်သာအောင်ဘာလုပ်ပေးလို့ရပါသလဲ ကျေးဇူးပြူပြီးဖြေကြားပေးပါ

စာရိုက်တာ အပိုတွေ အလိုတွေ သတ်ပုံမှားတွေပါတိုင်း ဖတ်ရသူမှာ အချိန်ပိုတွေ ကုန်စေတယ်။ တကို မလိုအပ်ပဲ တစ်လုပ်တာတွေ အကုန်ပြင်ရတယ်။ ပ နဲ့ ဖမှာ လိုအပ်တဲ့ ရရစ်မပါတာတွေ လိုက်ပြင်ရတယ်။ ကျွန်တော့်စည်းကမ်းကို သဘောမကျသူတွေက တခြားဆရာဝန်တွေကို မေးနိုင်ကြပါတယ်။

၃။ သမီးလေးက အသက် ၂လခွဲ ရပါပြီ။ အခု သမီးလေး ဖျားနေတာ တပတ်ရှိပြီ။ ဆေးခန်းပြတာလဲ ဆရာဝန် ၃ ယောက်ရှိပြီ မသက်သာဘူးဆရာ။ ဆရာဝန်က ပုံမှန် ဖျားတာတဲ့ မစိုးရိမ်ရဘူးတဲ့။ သမီးလေး တစ်နေကုန် မဖျားဘူး တနေ့မှာ တကြိမ် နှစ်ကြိမ် အဖျားတက်တာ ၁၀၂၊ ၁၀၃ ထိတက်တယ်ဆရာ။ ဆရာဝန်က ဆေးပေးတယ်။ ပုံမှန်တိုက်တယ်။ သမီးလေးကို အဖျားက ပုံမှန်ပဲ မသက်သာဘူး။ သွေးလွန်တုတ်ကွေး စစ်တယ် ဆေးခန်းက မရှိဘူးတဲ့။ ဆေးရုံတင်ဖို့ လိုလားမေးတော့ မလိုဘူးတဲ့ အခုခေတ်ကလေးတွေက အဖျားကြမ်းတယ်တဲ့။ သမီးလေးအတွက် စိုးရိမ်လို့ပါ ဆရာ။ ဘာဆက်လုပ်ရင် ကောင်းမလဲ ဆရာ။

၄။ ဆရာရှင့် သမီးရဲ့သမီးငယ်လေး ၄ နှစ်ခွဲပါ။  ညညဆို ၁၂ နောက်ပိုင်းလောက် ကိုယ်ပူငွေ့ငွေ့လေး ဖျားပါတယ်။ ဖြစ်တာ ဒီညနဲ့ဆို ၄ ရက်ရှိပါပြီ။ မနက်မိုးလင်းရင် ပုံမှန်ကိုယ်ပူချိနိပြန်ဖြစ်သွားပါတယ်။ အစားသိပ်မစားဘူး။ အတင်းကျွေးရင် စားပါတယ်။ ကစားလည်းမပျက်ပါ။ ဒါပေမဲ့ ကလေးက စားရင်းကို ပိန်လာပါတယ်ဆရာ။

အဖျားဆိုတာလည်း ရောဂါမဟုတ်ပါ။ လက္ခဏာသာဖြစ်တယ်။ ဖျားရခြင်းအကြောင်း ရောဂါရှိမယ်။ ရာသီဥတု ပူလွန်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ နေပူထဲ အကြာကြီးနေခြင်း၊ အလာဂျီ ခေါ် တခုခုနဲ့မတည့်ခြင်းကြောင့် ဖျားနိုင်တယ်။

အဖျားလက္ခဏာများ

မျက်နှာနီမြန်းလာမယ်။ အစားပျက်မယ်။ ပျို့-အန်ချင်မယ်။ ခေါင်း-ကိုယ်-လက် ကိုက်ခဲမယ်။ ဝမ်းပျက်နိုင်တယ်။ စိတ် ဂရောင်ခြောက်ခြား ဖြစ်နိုင်တယ်။ တက်နိုင်တယ်။

အပူချိန်တိုင်းပါ။

• 37 C or 98.6 F = ပုံမှန်ကိုယ်အပူချိန်၊

• 98.8 F to 101F = သာမန်အဖျား၊

• 101 F to 103 F = အလတ်စား အဖျား၊

• 104 F and above = အပြင်းဖျား။

ဖျားရင် တက်တတ်တဲ့ကလေးကို ကိုယ်အပူချိန်ကျဘို့ကအရေးကြီးတယ်။  အဝတ်အစား အပိုတွေ ဖယ်ပြစ်ပါ။ ချမ်းမနေရင် စောင်မခြုံရ။ အေးသောနေရာထားပါ။ ရေအေး-ရေခဲ တင်ပေးပါ။ ရေ-အရည် များများတိုက်ပါ။ အဖျားကျဆေး ပါရာစီတမောအရည်ကို ကလေးအသက်အရတိုက်ပါ။ ဆရာဝန်အရင်ကညွှန်ထားတဲ့ အတက်သက်သာဆေး ဆောင်ထားပါ။ လိုအပ်လာရင်တိုက်ပါ။ ပြုစုသူက စိတ်တည်ငြိမ်ပါ။ စိုးရိမ်စရာ မရှိပါ။ ကလေး အသက်ရှူလမ်းမှာ ဆို့ပိတ်မနေပါစေနဲ့။ လဲကျ-လိမ့်ကျသွားမှာကို သတိထားပါ။ ခြေလက်တွေ ကွေးကောက်တာကို ချိုးဖဲ့တာမလုပ်ပါနဲ့။ ပါးစပ်ကနေလေမှုတ်သွင်းပေးဖို့မလိုပါ။ တက်တာက အချိန်တိုလေးသာ ကြာတယ်။ တခါတက်တခါ ဦးနှောက်ကို အနည်းနဲ့အများ ထိခိုက်နိုင်တယ်။

ပါရာစီတမောအရည် ၂ဝ၁၁ နိုဝင်္ဘာ လမ်းညွှန်ချက်အသစ်

(က) Infant paracetamol suspension (120 mg/5 mL) ပါရာစီတမောကလေးဆေးရည်

၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။

• ၂ လအောက်ကလေး မပေးရ၊ ကိုယ်ပူရင် ရေအေးဝတ်သာတိုက်ပါ။

• တနေ့မှာ ၂ ခါထက်ပိုမပေးရ၊

• တခါနဲ့တခါ ၄ နာရီထက် မနီးရ၊

• ၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊

• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊

• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊

• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊

• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊

• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊

• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊

(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် ပါရာစီတမော ဆေးရည်

• ၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊

• ၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊

• ၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊

• ၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊

• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊

• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊

• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊

• ၆ နှစ်အောက်ကလေး မပေးရ၊

Azithromycin အဇစ်သရိုမိုင်စင် ပဋိဇီဝဆေးကို နားအလည်ပိုင်းရောင်ခြင်း၊ အာသီးရောင်ခြင်း၊ အာခေါင်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ နူမိုးနီးယား၊ ဆိုင်းနူဆိုက်တစ်၊ လိင်ကတဆင့် ကူးစက်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း၊ ခရီးသွား-ဝမ်းပျက်ခြင်း၊ ကြက်ညှာချောင်းဆိုးရောဂါတွေအတွက် ပေးနိုင်တယ်။ အစာမစားမီ ၁ နာရီ၊ စားပြီး ၂ နာရီ ပေးပါ၊

ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ အရေပြားနီ၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ မူး၊ လေတက်။

Azithromycin အဇစ်သရိုမိုင်စင် ကလေးတွေအတွက် ဆေးရည်မှာ 100mg/5mL နဲ့ 200mg/5mL လာတယ်။

10 kg အလေးချိန် = တနေ့ 2.5 ml

12 kg အလေးချိန် = တနေ့ 3 ml

14 kg အလေးချိန် = တနေ့ 3.5 ml

16 kg အလေးချိန် = တနေ့ 4 ml

17 – 25 kg အလေးချိန် = တနေ့ 5 ml

26 – 35 kg အလေးချိန် = တနေ့ 7.5 ml

36 – 45 kg အလေးချိန် = တနေ့ 10 ml

> 45 kg အလေးချိန် = တနေ့ 12.5 ml

၆ လကနေ ၂ နှစ်ကလေး = 10 mg/kg (maximum: 500 mg/dose) တနေ့ ၁ ကြိမ်၊ ၃ ရက်။

ကလေးတွေကို မဖြစ်မနေထိုးရမယ့်ကာကွယ်ဆေးတွေ စနစ်တကျထိုးရမယ်။ ကိုယ်အလေးချိန်မတက်ရင် ကလေးတီဘီကို သံသယရှိရတယ်။ ဆေးစစ်ပြီး ဆေးစနစ်တကျသောက်ရင် (၆) လဆိုပျောက်တယ်။ ဖျားရင် အစာမကျွေးရဆိုတာ မဟုတ်ပါ။ အစာနဲ့မသင့်တဲ့ရောဂါတွေက သပ်သပ်ရှိတယ်။ အဖျားမဟုတ်ပါ။ နေမကောင်းဖြစ်နေသူ ရောဂါကိုခုခံတိုက်ဖျက်နိုင်အောင် အားလိုတယ်။ အနာဖြစ်တဲ့သူတွေ၊ အရိုးကျိုးတဲ့သူတွေက ပရိုတင်းဓါတ်လိုတယ်။ ကင်ဆာလိုရောဂါတွေက အသီးအရွက်တွေလိုတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ