Chili Pepper လူတွေက မတူကြပါ

ကွန်မင့်တခု = (ငရုတ်သီး) ဗိုက်နာမှာလည်းစိုး

အဲလို စိုးရိမ်သူတွေ ငရုတ်သီး မစားသင့်။ သူတို့ထဲက တချို့က အသံကြားတာနဲ ဗိုက်နာနေကြပြီ။ တချို့ကတော့ တကယ်နာမယ်။

ဆရာဝန်ရော လူနာပါ၊ လူတိုင်းမှာ ကိုယ်နဲ့ စိတ်လို့ ရှိကြတယ်။

ဓမ္မပဒ (၁) မှာ စိတ်သာလျှင် ရှေ့သွားရှိကုန်၏လို့ ဆိုထားတယ်။ အခုစာက တရားစာတော့ မဟုတ်ပါ။

ဆေးပညာမှာလည်း စိတ်ကြောင့်ရောဂါဖြစ်စေနိုင်တာတွေရှိတယ်။ စိတ်အခြေအနေ တယောက်နဲ့တယောက် မတူကြပါ။

ကလေးဖျားနေတာကို ကလေးမိခင်နဲ့ ဖခင်တို့ စိုးရိမ်ကြတာ မတူပါ။

ရောဂါတခုတည်းကို လူနာတယောက်နဲ့ နောက်တယောက်တို့ စိုးရိမ်တာခြင်း မတူကြပါ။

တခါတရံမှာ လိုတာထက် ပိုပြီးစိုးရိမ်တတ်တယ်။ တခါတရံမှာ စိတ်ကြောင့် ခံစားရတဲ့ရောဂါဝေဒနာ ပိုဆိုးတယ်။ စိတ်ကိုလေ့ကျင့်ထားသူတွေက အနာကို မြန်မြန်ပျောင်အောင် အမိန့်ပေးသလိုထိ လုပ်နိုင်စွမ်းကြတယ်။ စိတ်ပညာမှာ ‘အော်တို ဆာဂျက်ရှင်း’ လို့ ခေါ်တယ်။

ခပ်ပေါပေါ့ တင်ပြပါဦးမယ်။

ဆွေမျိုးလိုရင်းတဲ့ ရပ်ဆွေရပ်မျိုးတယောက်က သူ့သမီးတွေကို ပြောတယ်။ 

“ငါတော့ အိပ်မပျော်ဘူးကွာ။ လက်ဖက်လေးတရိုးလောက် စားလိုက်ဦးမယ်” တဲ့။

အရပ်ပြောတွေ ရှိတယ်။ 

တမာရွက်စားရင် တက်တယ်။ 

ဆူးပုပ်ကြီး တက်တယ်။ 

ခရမ်းသီး ချောင်းဆိုးတယ် စသဖြင့်။ ဆေးသုတေသနတွေအရ မမှန်ပါ။

တချို့က တမာရွက်လို့ ပြောသံကြားတာနဲ့ တမာပင်ထိပ် ရောက်နေကြပြီ။

တချို့က ဆူးပုပ်ကြီးပုံမြင်တာနဲ့ အိမ်အပေါ်ထပ်ရောက်နေပြီ။ အိမ်ကတော့ မြေစိုက် တထပ်တည်း။

ကော်ဖီကောင်းကောင်းကို နေ့တိုင်းသောက်နေသူမျိုးဟာ ကြာတော့ ကော်ဖီအရသာကို ပိုပြီး ပြင်းတာကို သောက်ချင်လာတယ်။ အဲဒါကလည်း ပုံမှန် ‘ဇီဝကမ္မ’ သဘောသာဖြစ်တယ်။

ငရုတ်သီး အကြိုက် မတူကြပါ။ မတူတာ ပုံမှန်ဖြစ်ပါတယ်။

ကျွန်တော်က အစပ်မပါရင် ထမင်းစား မဝင်သလိုဖြစ်တယ်။ ဒါပေမဲ့ တိုင်းပြည်ကနေထွက်ပြေးရစဉ်ကတော့ လမ်းခရီးမှာ ဘာငရုတ်သီးမှ မပါ။ ထမင်းကုန်အောင်စားပါတယ်။ ၆ ရက်။

ဗိုက်နာမှာစိုးရိမ်သူတွေကို အစပ်စားပါလို့ မတိုက်တွန်းပါ။

လူတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ စိတ်အခြေအနေတွေက မတူကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ