Blind Men And An Elephant မျက်မမြင်ခြောက်ယောက်

မျက်မမြင်ခြောက်ယောက်နဲ့ ဆင်ပုံပြင်ကို လူတိုင်းကြားဖူး ဖတ်ဖူးကြမှာပါ။ မျက်မမြင်ပုဏ္ဏားခြောက်ယောက်လို့သာ သိကြမယ်ထင်တယ်။ မှန်နိုင်ပါတယ်။ ဒါမှမဟုတ် နီးစပ်တယ်။ ပုံပြင်မူရင်းက အိန္ဒိယတိုက်ငယ်ကနေလာတယ်။ ဟင်ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ဘဟိုင်းယီးဘာသာတွေမှာလည်း မူကွဲပုံပြင်ကိုယ်စီ ရှိကြတယ်။ နောက်မှာ ဥရောပထိ ရောက်တယ်။ ၁၉ ရာစုမှာ အမေရိကန်ကဗျာဆရာ (ဂျွန် ဂါ့ဖရိ ဆက်ဆီး) ကနေ သူ့ကိုယ်ပိုင်မူနဲ့ဖွဲ့တယ်။ သူကစရေးတာ မဟုတ်ပါ။

တနှစ်က ကျွန်တော်စာကူသင်နေတဲ့ကျောင်းမှာ အဲဒီပုံပြင်ကိုသင်တယ်။ အဲတာမှာ ဆင်လို့မရေးပဲ အကောင်ကြီးလို့ ရေးထားတယ်။ ပုဏ္ဏားတွေလည်းမဟုတ်ပါ၊ တောင်းစားသူတွေ။ မျက်မမြင်တွေ စမ်းတွေ့ကြတဲ့ အင်္ဂါအစိတ်အပိုင်း ခြောက်မျိုးကတော့ တူပါတယ်။ နားရွက်ဟာ (ဖင်န်) နဲ့ တူတယ်ဆိုတော့ ပန်ကာမှတ်တဲ့ကျောင်းသားက မှတ်တယ်။

ပုံပြင်မှာ ဆင်မဟုတ်ပေမဲ့ သင်္ခန်းစာပေးတာတော့ သဘောကျတယ်။ မျက်မမြင်တွေ တယောက်နဲ့တယောက် သူတို့ စမ်းတွေ့တာကိုသာ အမှန်ယူပြီး ငြင်းခုန်ရန်ဖြစ်ကြတယ်။ 

အဲလိုပဲ တကယ့်ဘဝမှာ မျက်စိကောင်းကောင်းမြင်သူတွေဟာလည်း ကိုယ်မှန်တယ်ထင်တာကို အလျော့မပေးပဲ ငြင်းခုန်ကြတယ်။ ရန်ဖြစ်ကြတယ်။ စစ်ဖြစ်ကြတယ်။

ကျွန်တော် နေမကောင်းသူတွေမေးတာကို ဖြေနေတာ ၁၅ နှစ်ရှိပြီ။ မေးတဲ့သူတွေက အသက်-ကျား-မ မပြောသူက ၇၅% လောက်ရှိတယ်။

ကျွန်တော့်ကိုလည်း မျက်စိလည်းမမြင် နားလည်းမကြား စာသာဖတ်တတ်တဲ့ဆရာဝန်လို့ သဘောထားကြစေချင်တယ်။ မျက်မမြင်ပုဏ္ဏားတွေထက် အခြေအနေဆိုးတယ်။ သူတို့ကမှ လက်နဲ့စမ်းနိုင်ကြသေးတာ။

ဒေါက်တာတင့်ဆွေ

၁-၁-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ