Crowd psychology လူအုပ်ဆိုင်ရာ စိတ်ပညာ (၁)
• လယ်သမား အားပေးပါ။
အားပေးတယ်ဆိုတာ လက်ခုပ်တီးပေးတာသာမဟုတ်ပါ။ လိုအပ်တာကို တိတ်တဆိတ်ဖြစ်ဖြစ်၊ အတိအလင်းဖြစ်ဖြစ် ကူညီပေးပါ။ အန္တရာယ်ရန်ဘေးကနေ ကာကွယ်ပေးပါ။ အလွန်အကျွံ မဖြစ်ရလေအောင် ထိန်းကြောင်းပေးပါ။ စည်းကမ်း စနစ်ကျစေဘို့ရာ ဖေးမပေးပါ။ လူအုပ်တိုင်းမှာ သွေးဆူတတ်တယ်။ Mob လူအုပ်နဲ့လုပ်ရတာမျိုးက တန်ဖိုးမရှိပါ။ Mass လူထုနဲ့လုပ်ယူတာမျိုးကသာ အရာရာကိုပြောင်းလဲစေနိုင်တယ်။
Social psychologists လူမှုရေးစိတ်ပညာရှင်တွေက Crowd psychology လူအုပ်ဆိုင်ရာ စိတ်ပညာ သီအိုရီတွေ ထုတ်ထားကြတယ်။ လူအုပ်ထဲမှာ လူတွေ ဘယ်လိုဘယ်ပုံ ဆက်စပ်တုန့်ပြန်ကြသလဲဆိုတာ ရှင်းလင်းဘို့ ကြိုးစားကြတယ်။ အတွေးအကြံနဲ့ လုပ်ဆောင်ကြတဲ့ အမူအယာတွေကို လေ့လာကြတယ်။
Gustave Le Bon, Gabriel Tarde, Sigmund Freud နဲ့ Steve Reicher တို့က နာမည်ကြီးတယ်။ ၁၉ဝဝ ကျော် ကာလကနေစတယ်လို့ပြောနိုင်တယ်။ ဥရောပမှာ ခေတ်မီ + မြို့ပေါ်အသွင်တခုဖြစ်လာတယ်။ အသစ်ဆိုတာတွေလဲ တခုပြီးတခုပေါ်လာချိန်ဖြစ်တယ်။ စက်မှုဆိုင်ရာတိုးတက်မှုတွေကျေးဇူးနဲ့ လူနေမှုဘဝတွေက လျင်မြန်သွက်လက် လာချိန်မှာဖြစ်တယ်။ ပဲရစ်နဲ့ မီလန် မြို့ကြီးတွေမှာအခြေခံပြီး ဖြစ်ပေါ်လာတယ်။
ချားလ်စ် ဒါဝင်ရဲ့ တရွေ့ရွေ့ပြောင်းလဲဖြစ်စဉ်သီအိုရီလဲပေါ်နေပြီ။ ဥပဒေစနစ်ကို သစ်ဆန်းချင်လာကြတယ်။ ခရစ်ယန်အယူအဆဟာ ဗီဝဗေဒသဘောနဲ့ဖီလာဖြစ်တယ်လို့မြင်လာကြတယ်။ ဒါကြောင့် တကယ့်လူဘဝနဲ့အံဝင်မဲ့ လူမှုရေးဥပဒေတွေဖြစ်ချင်လာကြတယ်။ ၁၉ဝဝ တုံးက အင်္ဂလန်မှာထုတ်တဲ့ Criminal Man စာအုပ်ကနေ လူအုပ်သဘာဝကို လွှမ်းမိုးခဲ့တယ်။ ဆိုရှယ်တရွေ့ရွေ့ပြောင်းလဲခြင်းသီအိုရီတွေနဲ့ လူအုပ်စု အကြောက်တရား ဆက်စပ်မှုကို ဖေါ်ပြထားတယ်။
ဒိအရင်ကထုတ်တဲ့ သီအိုရီတွေမှာ လူတွေဟာ မွေးကတည်းက ရာဇဝတ်မှုသဘောဆန်တယ်၊ ထိန်းရတာ မလွယ်တဲ့ သဘောရှိလို့ ကြောက်လန့်စိုးရိမ်စိတ်ရှိတယ်လို့ဆိုပါတယ်။ လူတွေဟာ လူအုပ်ဖြစ်လာရင် တာဝန်ယူမှုမှာ ဝေဝါးကြတယ်။ လူအုပ်စုအမူအယာကို တာဝန်ကင်းမဲ့မှုဆိုတာကနေ လွှမ်းမိုးစေတယ်။ လူစုလူဝေးဖြစ်လာရင် အားလုံး တပြေးညီ တူတယ်လို့ ထင်မှတ်တတ်ကြတယ်။ မတူပါ။
Crowds လူအုပ်တခုမှာ Active (Mob) တက်ကြွတဲ့အမျိုးအစားနဲ့ Passive (Audiences) မတက်ကြွတဲ့ပရိသတ်ရယ်လို့ ရှိတယ်။ Active crowds ဆိုတာမှာလဲ -
(က) Aggressive ကြမ်းတမ်းသူတွေ၊
(ခ) Escapist ထွက်ပြေးမဲ့သူတွေ၊
(၈) Acquisitive လောဘသမားတွေ၊
(ဃ) Expressive mobs ထုတ်ဖေါ်ပြောဆိုသူတွေလို့ရှိတယ်။
- Aggressive mobs တွေကကြမ်းတမ်းမယ်။ သူများနဲ့မတူတာလုပ်ချင်တယ်။ ဥပမာ ၁၉၉၂ လော့စ်အင်းဂျဲလိစ် ဘောလုံးပွဲပရိတ်သတ်။
- Acquisitive mobs ဆိုတာ ၂ဝဝ၅ ခုနှစ် ကက်ထရီနာ ဟာရီကိန်းတိုက်တုံးကဖြစ်တာမျိုး။
- Expressive mob ဆိုတာ တက်ကြွပြီး ရည်ရွယ်ချက်ရှိတယ်။ Civil disobedience အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်မှု မလုပ်ရေး၊ Rock concerts ရော့ခ်တေးဂီတပွဲ၊ Religious revivals ဘာသာရေးပြန်လည်ရှင်သန်ရေးတွေဖြစ်တယ်။
Sigmund Freud ရဲ့ Crowd behavior အမူအယာသီအိုရီမှာ မသိစိတ်ကို သော့ဖွင်တာနဲ့တူတယ်လို့ဆိုတယ်။ Mao Zedong မော်စီတုန်းနဲ့ Joseph Stalin ဂျိးဇက် စတာလင်တို့က ဒီနည်းကိုသုံးခဲ့ကြတယ်။ တနည်းအားဖြင့် အာဏာရယူမဲ့သူတွေကနေ ဖန်တီးကြတာဖြစ်တယ်။
အာဏာအတွက်မဟုတ်တဲ့ လူစုလူဝေးမှာ Convergence theory အရ လူအုပ်စုဟာ ကျိုးကြောင်းဆီလျှော်တယ်၊ ယုံကြည်မှုနဲ့ တန်ဘိုးထားမှုတွေရှိတယ်။ အများသဘောဆန္ဒနဲ့ ခံစားမှုကိုထုတ်ဖေါ်တာလို့ဆိုတယ်။ ဒီသီအိုရီကိုလဲ ငြင်းဆိုတာတွေလဲရှိတယ်။
လူအုပ်အမျိုးမျိုးကို သုတေသနလုပ်ပြီးတာ နည်းသေးတယ်။
(၁) အစဉ်အလာစွဲရှိတာ၊
(၂) ထုတ်ဖေါ်မှုလွန်ကဲတာ၊
(၃) ကြမ်းတမ်းလိုတာ အမျိုးမျိုးရှိတယ်။
လူအုပ်ထဲမှာလဲ
(၁) ရပ်ကြည့်နေသူ၊
(၂) ဆန္ဒထုတ်ဖေါ်နေသူ၊
(၃) လွတ်အောင်ထွက်သွားသူ စသဖြင့်ရှိမယ်။
(၄) ဘာသံမှမထွက်ပဲ ထိုင်သပိတ်လဲလုပ်တယ်။
ဘာပဲဖြစ်ဖြစ် ယာယီလုပ်စုလူဝေးဖွဲ့တာသာများတယ်။ စိတ်ခံစားမှုဖြစ်ပေါ်တာလဲ မတူကြပါ။ မျက်ရည်ကျမယ်။ ဒေါသထွက်မယ်။ အသံကုန်ဟစ်မယ်၊ ခပ်မှန်မှန်အော်မယ်၊ ငြိမ်နေမယ်။ အသံကျယ်ကျယ်နဲ့ ရဲရဲတောက်ပြောသူတွေက စဉ်မြင့်မှာနေရာရတတ်တယ်။ အဲလို အဟော (အအော်) ကောင်းသူဟာ တကယ်အားကိုးရမဲ့ခေါင်းဆောင်မဟုတ်ပါ။ ဒါပေမဲ့ သူ့နောက်ကိုလိုက်ကြသူတွေလဲ မနည်းပါ။
ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၁၅
Comments
Post a Comment