Specialist အထူးကု

 

၂၀၀၈ ခုနှစ်ကတည်းက ရေးထာတာဖြစ်ပါတယ်။

ဆေးပညာဘွဲ့ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့က တခြားနိုင်ငံသွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာ တခုတည်းတော့ ဘယ်ဟုတ်မလဲ၊ မရရအောင် လုပ်ရတဲ့ ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလည်း လိုပြန်သေးတာ။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဖူးတယ်။ အစောပိုင်း ကာလတွေတုန်းကပါ။

အဲဒီခေတ်က ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောကတခုတည်းတော့ မဟုတ်ပါ။ ပညာရေးလောက တခုလုံးလည်း မကဘူး။ ပိုပြီးသိသာတာက စီးပွါးရေးလုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် က်ိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုးစားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိကြတာပါဘဲ။ တူတော့ မတူကြဘူးပေါ့။ ကမာ္ဘ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီးတခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့ကြတယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေ ရှိတယ်။ တချို့က ကိုယ့်အသက်ကို စွန့်ရဲတာမျိုး။ လူမျိုးတွေလိုက် ထင်ရှားခဲ့ကြတယ်။

ဗမာပြည်က လွန်ခဲ့တဲ့နှစ် ၅ဝ ကျော်ကသမိုင်းကို ဆန်းစစ်ရင် မရှိအောင်လုပ်ထားတဲ့ ခေတ်ကာလကို အတော်ကြီး ကြာအောင် ဖြတ်သန်းခဲ့ကြရာတာမို့၊ မရှိတဲ့အထဲကနေ ဖြစ်အောင်လုပ်တဲ့ အတတ်တွေ ထူးချွန်လာခဲ့တယ်။ အဟောင်း ပြင်ရာမှာ အကောင်းနဲ့တူအောင် လုပ်တတ်တယ်။ ဟိုပစ္စည်းမရှိရင် ဒီပစ္စည်းနဲ့ တည့်အောင် တန်အောင် လုပ်တတ်တယ်။ ဂျစ်ကားဆိုပါတော့ ဒုတိယကမာ္ဘစစ်က ပေါ်ခဲ့တာ။ နောက်ထပ်လည်း မသွင်းဘူး။ ကနေ့အထိ သုံးဖြစ်နေအောင် လုပ်နိုင်စွမ်း ရှိတယ်။ တချို့ဆို အသစ်လို ကောင်းနေအောင် တစီးလုံးကို ကိုယ့်ဖါသာလုပ်နိုင်တယ်။ စပ်မိလို့ ပြောရဦးမယ်။ Jeep ကို ဘာ့လို ဒီနာမယ်ပေးလဲ ဆိုတော့ (ဂျီ-ပီ)၊ Government Purpose (GP) ကနေလာတာတဲ့။ ကျွန်တော်တို့ ဆရာဝန်တွေ အသုံး General practitioner နဲ့ မဆင်ပါလား။

ဆရာဝန်တွေပါ အများနည်းတူ မဖြစ်ဖြစ်တဲ့နည်း လုပ်ကြရော။ တောရွာတွေမှာ ရောဂါတွေက တကယ့်အင်မာဂျင်စီတွေ၊ မေဂျာတွေ များမှများ။ ပေါမှပေါ။ တောမှာ တယောက်တည်း တာဝန်ကျတဲ့ ဆရာဝန်အဖို့ကတော့ ဘာအထူးကုမဆို ကိုယ်။ သွေးစစ်ချင်ရင် နေရောင် ထောင်ကြည့်။ ဆီးစစ်ဖို့ရာ ပနယ်စလင်ပုလင်းခွံထဲထည့်။ အရက်ပြန်မီးခွက်ဟာ ရွာထဲက သံဖြူဆရာ့လက်ရာ၊ အရက်ပြန်ကပါရှားတော့ တောအရက် ဦးရေသည်သာ အားထားရာ။ မီသိုင်လိတ်တက် မဖြစ်လဲ မတတ်နိုင်ပါ။ လျှပ်စစ်ဆိုတာ ဝေလာဝေး။ ခွဲဘို့စိတ်ဘို့ လိုသလား။ မြို့သာမှာ ဆီစက်ပိုင်ရှင်က ပဲတွေနှမ်းတွေကို ခွဲလူနာလာချိန်ကျမှ စက်လည်ပေးတဲ့အထိ စေတနာကောင်းတာ။ အုပ်ချုပ်တဲ့လူတွေက အရာရာ ရှားအောင်လုပ်တဲ့ ခေတ်မယ်၊ လူတွေက စေတနာ မရှားလို့ လူနာတွေ အကျိုးများရတယ်။

ထန်းပေါလှတဲ့အရပ်မှာ ထန်းလျောဆိုတာ လာလိုက်မှဖြင့် မသေရင် ခြေသလုံးကျိုး၊ ပေါင်ကျိုး။ ခါးကျိုး။ ယောနယ်မှာ ထန်းလျောတယ်ဆိုရင် ဘယ်နှစ်ယောက်လဲ မေးရတာ။ ယောသားတွေက ထန်းရေခါးကို ထန်းပင်ပေါ်လင့်စဉ်ထိုးပြီး တက်သောက်ကြတာ။ ကျပြီဆိုရင် တယောက် ဘယ်ကမလဲ။ မူးအတူ ကျိုးအတူ။ မြို့သာဖက်မှာလို စီးပွါးဖြစ် ထန်းလျက်ချက်ဘို့ ထန်းတက်တာ မဟုတ်ဘူး။ 

တတန်းထဲက တနှစ်တည်းအောင်တဲ့ သူငယ်ချင်းတယောက်က အင်္ဂလန်မှာ မျက်စိအထူးကု လုပ်နေလေရဲ့။ ကျွန်တော်လဲ ကိုယ့်နေရာမှာကို အရိုးကို အထူးကုရတာပါဘဲ။ အရိုးအထူးကုဆိုတာ ပေါင်ကို အလေးဆွဲတတ်ရတယ်။ လူကောင်ကြီးရင် အုတ်ခဲ ၄ ခဲ၊ သိပ်မကြီးရင် ၃ ခဲ၊ အတော်ပဲ။ အုတ်ခဲတော့ နိုင်ငံခြားကမှာရတာ မဟုတ်ဘူး။ ကြိုးဆိုတာ နွားဖါးကြိုး အသစ်။ ဘယ်နှစ်ချောင်း လိုချင်လဲ။ ပေါင်အောက်နား ဒူးရိုးကို ကန့်လန့် ဖေါက်ထည့်ဘို့ သံချောင်း။ ဆာဂျီကယ်-စတီးလ်မှ လူ့ကိုယ်က လက်ခံတာဆိုတော့၊ ဘယ်ကရမလဲ။ လိုလျင်ကြံဆ နည်းလမ်းရ။ ဘယ်ကာလက ရှိနေလဲ မသိတဲ့ ကိုယ်ဝန် ဗိုက်တိုင်းတဲ့ကရိယာ၊ မသုံးကြတော့တာ တွေ့ရော။ ခပ်ကွေးကွေး သံချောင်းတဖက်ကို ဖြုတ်၊ ဖြောင့်၊ သွေး၊ ချွန်၊ လိုသလောက် ဖြတ်။ ရရော့ မဟုတ်လား။ အကျိုးက တယောက်မကဘူးလား၊ ရတယ်။ ဗိုက်တိုင်းကရိယာတခုမှာ သံချောင်းက နှစ်ချောင်း ပါတာ။ 

ကျောင်းမှာ သင်ရတာချင်း အတူတူ၊ စာမေးပွဲအမှတ် ဖြစ်ဖြစ်၊ ကျောင်းပြီးလို့ နောက်ဆက်ဖြစ်ရတာဖြစ်ဖြစ်၊ တယောက်နဲ့ တယောက် မတူကြတော့ဘူး။ ကျယ်ပြန့်လှတဲ့ ဆေးပညာနယ်ပယ်ထဲက ဘာသာရပ်တခုခုကို ကွက်ပြီးသင်ယူလေ့လာလို့ အထူးကုလုပ်ရတာကလဲ ထူးခြားချက်လို့ မဆိုနိုင်ပါ။ ဂျင်နရယ်လစ်တွေထဲက စပယ်ရှယ်လစ်ဆိုတာကတော့ နည်းနည်း ထူးသလိုရှိပါတယ်။ ဘာအထူးကုမှ မဖြစ်ကြရတဲ့ ကျွန်တော်တို့လို အကောင်းစားတွေအဖို့ တာဝန်ကျတဲ့ နေရာမျိုးတွေက မတူကြပြန်ဘူး။ ဆေးရုံတွေကို ရောက်သူတွေရယ်၊ စီမံကိန်းဌာနတွေရယ် ရောက်ကြတယ်။ စီမံကိန်းဆိုတာတွေက ကာလသားရောဂါ၊ ငှက်ဖျား၊ တီဘီ၊ မျက်ခမ်းစပ်ဆိုတဲ့ တိုက်ဖျက်ရေးတွေကိုဆိုတာ။ ဒီတော့ နယ်ပယ်မတူတဲ့အတွက် မတူတာတွေ လုပ်ကြရ၊ ဖြစ်ကြရရော့။

ဆေးရုံကျပြန်တော့ ဆေးရုံကြီး။ ဆေးရုံလတ်။ ဆေးရုံငယ်တွေ မတူသေးဘူး။ ဘွဲ့လွန်တက်ချင်ရင် ဆေးရုံကြီးကို ရောက်ဘို့ လိုတယ်။ ဆေးရုံလတ် ရောက်ရင် ကံမဆိုးဘူး။ လက်တွေ့နယ်မှာ ကူညီသင်ပြပေးမဲ့ ကိုယ့်အရင် ဆရာဝန် ဖြစ်သူတွေ ရှိတာကိုး။ ဆေးရုံငယ်လေးတွေကို တန်းရောက်သွားမှဖြင့်၊ သောင်ပြင်အလွှတ်ခံရတဲ့ အကောင်မျိုး ဖြစ်ရော။ မေးစရာလဲ အနားမှာမရှိ။ ဖတ်စရာ စာအုပ်ကလဲ သူများပေးလိုက်ပြီ။ အတ္တာဟိ အတ္တနော နာထော အစစ်။

ဝါသနာလို့ ပြောတာထက် တန်ရာတန်ရာ၊ သန်ရာသန်ရာ ဖြစ်ရတယ်လို့ဆိုတာ ပိုနီးစပ်မယ်။ သူငယ်ချင်းတချို့က ဆေးဝါးနဲ့ ကုရတာမှာ သန်တယ်။ တချို့က ခွဲတာစိတ်တာမှာ သန်တယ်။ တချို့က ပတ်ဘလစ် ဟဲ့လ်သ်ခေါ်တဲ့ ရောဂါကာကွယ်ရေး သန်တယ်။ အတူတူနဲ့ အနူနူထဲက တန်ရာ၊ သန်ရာတွေ ဖြစ်လာကြတယ်။ ဆေးကျောင်း ၇ နှစ်မှာ အတူတူချင်းပေမဲ့ နောက် ဘာလို့ မတူကြတော့တာလဲ။

ဗမာတွေက တိတိကျကျပြောမရတာကို ဓါတ်ဆိုပြီး ခေါ်တယ်။ ဓါတ်ခဲ၊ ဓါတ်မီး၊ လိုမျိုးပေါ့။ လူ့ဘဝမှာ ရေရေရာရာ မသိဘဲ ဖြစ်လာတဲ့ အကျိုးတရားမျိုးကို ကံကြောင့်လို့ ပြောလေ့ရှိတယ်။ ဆေးပညာမှာတော့ ဖြစ်စေတတ်တဲ့ အကြောင်းရင်း သေသေချာချာမသိတာကို Primary လို့သုံးတယ်။ ဥပမာ သွေးတိုးရောဂါမျိုး။ ရှင်းမပြတတ်တာကို X လုပ်လိုက်တယ်။ ၁၈၉၅ ကပေါ်ခဲ့တဲ့ X-ray ဓါတ်မှန်။ ဒီနောက် ၁၉၆၀ မှာစပေါ်တဲ့ နာမယ်ကြီး ကာတွန်း၊ နောက် ရုပ်ရှင်ကိုလဲ X-men လုပ်တယ်။

အထူးကုမဟုတ်တဲ့ ဆရာဝန်တွေ တဘက်ဘက်မှာ ပိုပြီးကျွမ်းကျင်လာတာမျိုးကို ဘယ်လိုပြောရင် အသင့်ဆုံးဖြစ်မလဲ။ ဆေးစကားနဲ့ဆိုရင် Acquired က အနီးစပ်ဆုံးလို့ ထင်တယ်။ မိဘတွေဆီက ပါလာတာလဲမဟုတ်။ ကံကြောင့်ချည်းလည်း မဟုတ်။ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်ရတာမျိုး။ Acquired ဆိုတာ AIDS (Acquired Immune Deficiency Syndrome) ထဲက အေဆိုတဲ့ စကားလုံးကိုဆိုလိုတာ။ လုပ်လို့ဖြစ်ရတဲ့သဘောလဲ ပါတယ်။ Acquired Specialist (AS) တော့ ဟုတ်ပါတယ်။ လက်ထောက်ဆရာဝန်ကိုလဲ အဲလို AS (Assistant Surgeon) ခေါ်တယ်။

မရှိ ရှိတာနဲ့သာ ကုသပေးနိုင်ခဲ့တဲ့အတွက် လူနာတွေအားလုံးကို တောင်းပန်လိုက်ပါတယ်။

၂၀၁၈ ခုနှစ်က နွေရာသီမှာ ကျွန်တော့ခွဲစိတ်ခန်းဟောင်းလေးတခုရှိခဲ့တဲ့ မြို့သာဆေးရုံကို အလည်ပြန်ရောက်ခဲ့ပါတယ်။ ပဌမဆုံး ခွဲစိတ်ခန်းရှိတဲ့ အဆောက်အဦလေးကတော့ မရှိတော့ပါ။ 

ကျွန်တော်တို့မျိုးဆက်နောက်မှာတော့ ဆရာဝန်တွေရော လူနာတွေပါ ပိုပြီးကောင်းမွန်တဲ့ အသိပညာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရနေကြပါပြီ။ ကွန်ဂရက်ကျူလေးရှင်း။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ