Betnovate (ဘက်နိုဗိတ်) လိမ်းဆေးများ
၂။ မင်္ဂလာပါဆရာခင်ဗျား ကျန်တော့်အသက် ၂၉ နှစ်ပါ။ ပုံပါဆေးကို မျက်နှာမှာ ၃ ရက် ၄ရက်လောက် လိမ်းရင် သိသိသာသာဖွေးလာပြှး ဝက်ခြံလဲပျောက်သွားပါတယ်ဆရာ။ အဲ့ဒါ အဲ့ဒီဆေးကိုစွဲလိမ်းရင် အသားအရေ ပျက်စီးတာမျိူး ဖြစ်တတ်ပါလား။ မျက်နှာမှာလိမ်းရင် အန္တာရယ်ရှိနိုင်ပါလားခင်ဗျ
၃။ ဆရာရှင့် အမည် - (မ)။ အသက် ၃၆ နှစ်။ အိမ်ထောင် ရှိ။ သားသမီး မရသေးပါ။ Betnovate ကို မျက်နှာမှာ လူးရင် ဘာဖြစ်နိုင်ပါသလည်းရှင်။ Betnovate ကိုလိမ်းတာ နှစ်တော်တော်ကြာပြီ မျက်နှာကချောပြီး အဖုမရှိပါ။ ထိုဆေးကို၂–၃ ရက်လောက်မလိမ်ရင် အဖုများ နဲနဲစီထွက်ပြီး မျက်နှာကို ယားယံစေပါတယ်။ ထိုဆေးကို ဆက်လူးသင့်မလူးသင့် ဖြေကြားပေးပါရန်။ မျက်နှာရှိ အဖုများ၊ ယားယုံခြင်းများ မဖြစ်စေရန် မည်သည့်ဆေးကို သုံးသင့်ကြောင်း ဖြေကြားပေးပါရန်
၄။ သမီးရဲ့ ရင်သားဘေးမှာ အပူလောင်သလို အကောင်ကိုက်သလို အရည်ကြည်ဖု သေးသေးလေးတွေဖြစ်လို့ ဆေးလိမ်းလိုက်တာ ပျောက်သလိုရှိပါတယ်။ အကင်းတော့ မပျောက်သေးပါဘူး။ Venovate-n လိမ်းဆေးလိမ်းနေပါတယ်။ ဆရာဝန်လဲ မပြရဲဘူးဆရာရယ်။
Betnovate (ဘက်နိုဗိတ်) လိမ်းဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပြီး လူသုံးလည်းများတဲ့ လိမ်းဆေးဖြစ်တယ်။ Cream (ခရင်မ်) Ointment (အွိုင်းမင်းန်) Lotion (လိုရှင်း) ဆိုတဲ့ လိမ်းဆေးအမျိုးမျိုးရှိတယ်။ ပါတာက Betamethasone ဖြစ်တယ်။ အပြင်ကနေ ပေးလို့ရတဲ့ Corticosteroids (ကော်တီကိုစတီရွိုက်) ဆေးအမျိုးအစားဖြစ်တယ်။ သုံးကြည့်ရင် ချက်ချင်းဆိုသလို ခံစားနေရတာတွေ သက်သာစေတယ်။ ဒါပေမဲ့ သတိထားစရာတွေ အများကြီးရှိတယ်။ Betnovate, Betnovate C, Betnovate N နာမည်တွေနဲ့လာတယ်။
(ကော်တီကိုစတီရွိုက်) ဆေးဆိုတာ (အင်ဖလ်မေးရှင်း) ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေတာမျိုး ဖြစ်တယ်။ ရောင်ရမ်းဖြစ်စဉ်ကို ဖြစ်စေနိုင်တာတွေကတော့ (အလာဂျီ) ခေါ်တဲ့ အရေပြားကို ကလိတာ ခံစားရမှု ဆိုတာလဲ ပါတယ်။ ကိုယ်ခနာရဲ့ (အင်မြူးန်-ဆစ်စတမ်) ခေါ်တဲ့ ရောဂါပြီးစနစ်ကနေ အလိုလို ထုတ်ပေးတဲ့ ဓါတ်ကနေ အဲလိုဖြစ်စေတယ်။ ဒီဓါတ်တွေထွက်လာတော့ သွေးကြောလေးတွေ ကျယ်လာမယ်။ ဒါ့ကြောင့် နီရဲလာတယ်။ နဲနဲပူလာမယ်။ ရောင်လာမယ်။ ယားလာမယ်။ နာလာမယ်။ ဥပမာ Dermatitis အရေပြားနာတို့ Eczema နှင်းခူနာတို့။
ဒီလိုဖြစ်နေတာအပေါ်မှာ Betamethasone ဆေးလိမ်းပေးလိုက်တာနဲ့ ဖြစ်နေတာတွေကို လျှော့နည်းသက်သာစေတယ်။ ဆေးက အပြော့-အပြင်း အမျိုးမျိုးနဲ့ လာတယ်။ Betamethasone valerate 0.1% ကို အများဆုံး သုံးတယ်။ ပြင်းအား မနည်းလှဘူး။ ဒီပြင်းအားမျိုးက အနာက စိုစွပ်နေတာ၊ အဆီပြန်နေတာ၊ အရေပြားထူတဲ့နေရာမှာ ဖြစ်တာတွေအတွက် ကောင်းတယ်။
- Insect bites (အင်းဆက်) ကိုက်တာ၊
- Eczema and dermatitis နှင်းခူနာလို နာတာရှည်ပျောက်နိုင်ခဲ့တဲ့အနာမျိုး၊
- Seborrhoeic dermatitis အဆီပြန်-နီမြန်း-အဖတ်တွေကွာကျနေတဲ့ နာတာရှည်အနာမျိုး၊
- Allergic skin reactions (အလာဂျီ) ဖြစ်နေတာမျိုး၊
- Psoriasis (ဆိုရီရေးဆစ်) အနာမျိုးတွေအတွက် သုံးနိုင်တယ်။
နောက်ပြီး -
- Neurodermatitis, Lichen simplex တို့လို အရေထူထူမှာ ယားလို့ခဏခဏကုပ်မိရာကနေ ဖြစ်တာ၊
- Prurigo nodularis ခေါ်တဲ့ အရေပြားမှာ ယားလဲယားတဲ့ ခပ်မာမာအဖုလေးတွေ ထွက်တာ၊
- Lichen planus ခေါ်တဲ့ ယားတဲ့ ပြားချပ်ချပ်၊ ညိုပြာပြာ၊ လက်-ခြေ-ခါး နဲ့ လိင်အင်္ဂါနေရာတွေမှာ ပေါက်တာ၊
- Discoid lupus erythematosus (DLE) ခေါ်တဲ့ နာတာရှည် အရေပြားရောဂါ၊
- Generalised erythroderma နေရာအနှံ့မှာ နီရဲနေတာမျိုးဆိုရင် Corticosteroids ထိုးဆေး၊ စားဆေးတွေနဲ့အတူ လိမ်းဆေးပါ ပေးနိုင်တယ်။
သတိထားစရာတွေ -
အပြင်သုံးသာဖြစ်လို့ ပါးစပ်ထဲ-မျက်စိထဲ-နှာခေါင်းထဲ မဝင်စေရပါ။ မတော်တဆဝင်ရင် ရေနဲ့ဆေးလိုက်ပါ။ ဆေးကို အထူကြီးမလိမ်းရပါ။ ပါးပါးညီညီသာ လိမ်းရပါမယ်။ ဆေးကိုင်တဲ့လက်ကို ဆေးပြစ်ပါ။ ဆေးကြာကြာလိမ်းရင် လိမ်းတဲ့နေရာမှာ အရေပြားပါသွားစေမယ်။ (အဒြီနယ်-ဂလင်း) ကနေထုတ်တဲ့ ဟော်မုန်းထွက်တာ နည်းသွေားစေမယ်။ ဒါ့ကြောင့် ရေရှည်သုံးတာနဲ့ ကလေးတွေကိုသုံးတာ သတိထားပါ။ မျက်နှာကိုသုံးရင် ၅ ရက်ထက် မပိုစေပါနဲ့။ ဆေးလိမ်းတဲ့အပေါ်က ပတ္တီးမစည်းပါနဲ့။
ဒီဆေး မသုံးရမဲ့ရောဂါတွေကတော့
- တနှစ်အောက်ကလေး၊
- (ဗက်တီးရီးယား) ဝင်နေတဲ့ Impetigo အနာမျိုး၊
- Thrush မှက္ခရု၊ Ringworm ပွေး၊ Athlete's foot အားကစားသမားခြေထောက်စတဲ့ (ဖန်းဂတ်စ်) မှိုရောဂါတွေ၊
- Chickenpox ရေကြောက်၊ Herpes simplex ရေယုံ စတဲ့ (ဗိုင်းရပ်စ်) ရောဂါတွေ၊
- Acne ဝက်ခြံ၊ Acne rosacea ဝက်ခြံတမျိုး၊ Acne vulgaris ဝက်ခြံတမျိုး၊
- Skin ulcers အရေပြား အနာ၊
- Perioral dermatitis ပါးစပ်ဘေးမှာပေါက်တဲ့အနာ၊
- အရေပြား တီဘီ၊
- လိင်အင်္ဂါ-စအိုဘေးက ယားတဲ့ရောဂါ နဲ့
- Nappy rash ကလေးအနှီးကြောင့်နီရဲတာတွေဖြစ်တယ်။
- ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ မသုံးသင့်ပါ။ ဆရာဝန်က အသေအခြာ ညွှန်မှသာ သုံးရပါမယ်။
Betacap scalp application, Betesil plaster, Betnovate RD cream/ointment, Betnovate scalp application, Bettamousse, Diprosone cream/ointment, Diprosone lotion တွေမှာ အလားတူးဆေးပါနေတယ်။
Betnovate-C နဲ့ Betnovate-N တွေဟာ antimicrobials ပိုးသေဆေးတွေနဲ့ ရောထားတာတွေ ဖြစ်တယ်။
- Betnovate-C = Betamethasone valerate + Clioquinol
- Betnovate-N = Betamethasone valerate + Neomycin
Betnovate-C Cream ထဲမှာ ရောင်ရမ်းဖြစ်စဉ်ကိုတားတာ၊ အလာဂျီရလို့ဖြစ်တာကိုသက်သာစေတာ၊ ခုခံအားကို နှိမ်ပေးတာ၊ ဗက်တီးရီးယားကိုသေစေတာ၊ ဖန်းဂတ်စ်ခေါ် မှိုကိုသေစေတာ။ လိမ်းတဲ့နေရာ အရေပြားကို သက်ရောက်စေတာတွေ ဖြစ်စေတယ်။ Betnovate N ထဲမှာ ဗက်တီးရီးယားကိုသေစေတာပါတယ်။
Clioquinol ဆိုတာ antifungal (ဖန်းဂတ်စ်) နဲ့ antibacterial (ဗက်တီးရီးယား) တွေကိုနိုင်တယ်။ Neomycin ဆိုတာ (ဗက်တီးရီးယား) ကိုနိုင်တယ်။ ဆေးပေးသင့်တဲ့ အနာရောဂါတွေမှာ (ဖန်းဂတ်စ်) နဲ့ (ဗက်တီးရီးယား) တွေပါဝင်နေတာမျိုးအတွက်သုံးရတယ်။
ဘေးထွက်ဆိုးကျိုးတွေ
- အရေပြားကို ယားသလို၊ ပူလောင်သလို၊ ကလိသလိုခံစားရမယ်၊
- အရေပြားပါးမယ်၊
- အရေပြား အရောင်ပြောင်းမယ်၊
- အရေပြားအစဉ်းကြောင်းတွေပေါ်မယ်၊
- သွေးကြေားသေးသေးလေးတွေ စုဝေးတာဖြစ်မယ်၊
- ကိုယ်မွေး ပိုပေါက်မယ်၊
Dr. တင့်ဆွေ
Comments
Post a Comment