Trans Fats ထရန့်စ်ဖက်

(၉-၄-၂၀၀၉ နေ့ကရေးတဲ့စာ)

တချိန်က ဗမာပြည်ဟာ တကယ်ကို ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံအဆင့်မှာ ရှိခဲ့တာပါ။ ဆီဆုံခေတ်ကနေ ဆီစက်ခေတ် ရောက်တော့ အမျိုးမျိုးအထွေထွေသော ဆီဆိုတာတွေ ပေါ်လာတယ်။ မြေပဲထဲ၊ နှမ်းထဲ တခြားအစေ့အဆံတွေ ရောရတော့တဲ့ခေတ် ရောက်လာတယ်။ ဒီနောက်တော့ ဆီကိုရေချိုးဘို့ နေနေသာသာ လက်ဖက်ကိုဆမ်းဘို့တောင် မလောက်တော့ပါ။ နိုင်ငံရေးလဲ စိတ်ဝင်စားတဲ့ဆရာဝန်မို့ ယှဉ်ပြောရရင် ဆီကောင်းသုံးနိုင်ခဲ့တာက ပါလီမာန်ဒီမိုကရေစီခေတ်၊ ဆီအရောသုံးရတာက (မဆလ) ခေတ်။ ဒိနောက်ခေတ်မှာ ဘာတွေပိုဆိုးလာသလဲ၊ ဆီတခုတည်းသာ ကြည့်ပါလေ။ 

အရင်က တိရစ္ဆာန်အဆီထက် အသီးအနှံဆီက ပိုကောင်းတယ်လို့ ပြောခဲ့ကြတယ်။ အခုအဲလိုပြောတာ မတိကျပါ။ ကျန်းမာရေးနဲ့ မသင့်တဲ့ ဆီတွေဆိုတာ အင်္ဂလိပ်လို Trans fats (ထရန့်ဆီ)၊ Trans fatty acids (ထရန့်ဖက်တီးအက်စစ်) လို့ ခေါ်တယ်။ (ထရန့်ဆီ) ဟာ ဝါစေ့ဆီ၊ ပဲပုတ်စေ့ဆီတွေကနေ ထုတ်တာပါ။ လူတွေ သမားရိုးကျစားသုံးခဲ့ကြတဲ့ဆီကို လူတွေကဘဲ ပြုပြင်ပြီး၊ (ထရန့်ဆီ) လုပ်ကြတာပါ။ သမားရိုးကျဆီကို ဟိုက်ဒရိုဂျင် ထပ်ပေါင်းထည့်လိုက်တာတဲ့။ စလုပ်ခဲ့သူက ဂျာမန်လူမျိုး။ ၁၉၀၂ က။ 

အဲလိုလုပ်လိုက်တော့ ဆီကပြစ်သွားတယ်။ ပြစ်တော့ ဘာပိုကောင်းလာလဲဆိုတော့ လွယ်လွယ်ပြောရရင် အသုံးခံတယ်။ ဒီဆီနဲ့ကြော်တဲ့ အစားအသောက်ကလည်း အရသာတမျိုးထူးလာစေတယ်။ ပြန်ပြန်လဲသုံးနိုင်လို့ တွက်ခြေလဲကိုက်တယ်။ မကိုက်တာကတော့ ကျန်းမာရေးနဲ့။ 

(ကိုလက်စထော) ကလည်း အဆိုး (LDL) နဲ့ အကောင်း (HDL) ဆိုပြီး၊ နှစ်မျိုးနှစ်စား ရှိတာဘဲ။ လူတွေအတိုင်းပါဘဲ။ (ကိုလက်စထော) အဆိုးများရင် နှလုံးသွေးကြောကျဉ်းတဲ့ (စထုပ်ခ်) ရမယ်။ ဆီးချိုအမျိုးအစား ၂ ရမယ်။ နောက်ပြီး အဝလွန်၊ အသဲရောဂါ၊ ကင်ဆာ၊ (အဇာမိုင်ယား) ဆိုတဲ့ရောဂါတွေကိုလည်း ဖြစ်စေမယ်။ (အဇာမိုင်ယား) ဆိုတာက နာမည်ကြီး ဟောလီဝုဒ်မင်းသားကနေ နှစ်ထပ်ကွမ်း (အော်စကာဆု မဟုတ်ဘူး) သမတ ဖြစ်ခဲ့သူ (ရော်နယ် ရီဂင်) အသက်ကြီးတော့ ဖြစ်တာမျိုးပြောတာ။

ဒီလိုမကောင်းပါလျှက်ကနဲ့ ဘာလို့ပေါ်ပြူလာဖြစ်လာလဲဆိုတာ သိဘို့လိုတယ်။ အရင်က (ထရန့်ဆီ) မကောင်းတာကို သိပ်မသိကြဘူး။ သူငယ်ချင်းတို့၊ လင်မယားတို့လို ပေါင်းကြည့်မှ သိတာမျိုးပေါ့။

ကဇီဓါတ်၊ ပရိုတင်း (သား-ငါး-ပဲ) နဲ့ ဆီ-အဆီဆိုတဲ့ သုံးမျိုးကို ယှဉ်ကြည့်ရင် တဇွန်းချင်း တူတာတောင် ဆီ-အဆီ ကနေရတဲ့ (ကလိုရီ) ဟာ ကျန်တဲ့အုပ်စုတွေထက် နှစ်ဆမကတောင်များတာ။ လူတယောက်ဟာ ကိုယ်လိုတဲ့ (ကယ်လိုရီ) ရဲ့ ဆယ်ပုံတပုံထက် (ထရန့်ဆီ) ကနေရတာက များနေတယ်ဆိုရင်တော့ မကောင်းဘူးမှတ်ပါ။

အစားအသောက်တွေမှာ အဆီဘယ်လောက်ပါတယ်ဆိုတာ ရေးပြီးမှ ရောင်းရမယ်လို့ ဥပဒေထုတ်တဲ့တိုင်းပြည်တွေမှာဆို သတိထားနိုင်ပါမယ်။ ဘာဥပဒေမှ ဂရုမစိုက်တဲ့နိုင်ငံဆိုရင် ကံသာလျင်အမိ၊ ကံသာလျင်အဖ သဘောထားပြီး၊ တရားနဲ့သာ ဖြေပေတော့။

(ထရန့်ဆီ) ကို စက်နဲ့ ဖြစ်အောင်မလုပ်ဘဲ နဂိုကတည်းက (ထရန့်ဆီ) ပါတဲ့ဆီတွေဆိုတာလည်း ရှိပါတယ်။ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ မာဂျရင်းတွေဖြစ်တယ်။ လူတွေအားလုံး (ဂလိုဘယ်လိုက်) ဖြစ်ကုန်ပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့အတူပါလာတဲ့ အစားအသောက်တွေမှာ (ထရန့်ဆီ) တွေပါတယ်။ (ဖရင့်ချ်ဖရိုင်း)၊ (ဒူးနတ်)၊ (ပက်စ်ထရီ)၊ (ပီဇာ)၊ (ကွတ်ကီးစ်)၊ အာလူး (ချစ်ပ်)၊ (ကင်ဒီဘား)၊ ဟမ်းဘာဂါ၊ ကြက်ကြော်၊ (ပေါ့ပ်ကွန်)၊ (မာဂျရင်းစတစ်)။ (ကေအက်ဖ်စီ) တို့၊ (မက်ဒေါ်နယ်) တို့၊ (ပီဇာ) တို့ သွားစားနိုင်သူများ ကံကောင်းပါစေ။

What works to eliminate trans fats from the food supply? | NCD Alliance

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ