Rotavirus Vaccine ဝမ်းရောဂါကာကွယ်ဆေး
ဆရာ Rotavirus ရိုတာဗိုင်းရပ်ကာကွယ်ဆေးက ဘယ်ရောဂါအတွက်ထိုးရတာလဲဆရာ။ ဘယ်အသက်အရွယ်မှာ ထိုးရပါသလဲဆရာ။ နာမည်မှာရင်ခွင့်လွှတ်ပါဆရာ။ တူမလေးက ဗိုက်နာလို့ ဆေးရုံတက်နေရတာ ဆရာဝန်က အဲဒီကာကွယ်ဆေး ထိုးပြီးပြီလားမေးလို့ပါ။ သားသားက ၆ လထဲမှာပါ။ အဲဒီကာကွယ်ဆေးထိုးရမယ်ဆိုလို့ပါ။ သမီးတို့ဆီမှာက စီမံချက်ထဲပါတာပဲ ထိုးပေးတယ်ဆရာ။ အပြင်မှာ ဝယ်ထိုးလို့ရပါသလားဆရာ။ ရန်ကုန်မှာဆိုရင်တော့ ရချင်ရမယ်ထင်ပါတယ်ဆရာ။ သမီးတို့က မိတ္ထီလာက ဆိုတော့ ဆေးဝယ်လို့ရပါ့မလားမသိဘူး။ ကာကွယ်ဆေး မထိုးထားရင်ကော ဘယ်လိုဖြစ်နိုင်ပါသလဲဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။ Rotavirus ဆေးတိုက်ထားရင် ဝမ်းရောဂါကြီးကြီးမားမားကို ကာကွယ်တယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်မတော့ တိုက်ထားတယ်။ အသိတွေတော့ တိုက်ဖို့ပြောထားသေးတယ်။ တချို့ကတော့ ဆေးအကြောင်း မသိကြဘူးဆရာ။
Rotavirus (ရိုတာဗိုင်းရပ်စ်) ဆိုတာ ကလေးတွေကို ဝမ်းလျှောဝမ်းပျက်စေတဲ့ပိုးဖြစ်တယ်။ တခါတလေဆိုးတယ်။ ဖျား-အန်ပြီး ရေဓါတ်ဆားဓါတ် ခန်းခြောက်စေနိုင်တယ်။
Rotavirus vaccine ကာကွယ်ဆေး ၂ မျိုးရှိတယ်။ Merck & Co., Inc. ကထုတ်တဲ့ RotaTeq (RV5) ကာကွယ်ဆေးနဲ့ GlaxoSmithKline Biologicals ကထုတ်တဲ့ Rotarix (RV1) ဆေးတွေဖြစ်တယ်။ ကလေးအသက် ၁ နှစ်အထိ ရိုတာဗိုင်းရပ်စ်ကနေဖြစ်စေတာတွေရဲ့ ပြင်းထန်တဲ့ ၈၅-၉၈% ကာကွယ်နိုင်တယ်။ ပါးစပ်ကနေတိုက်ရတယ်။ ရိုတာဗိုင်းရပ်စ်ကနေဖြစ်စေတာတွေ အားလုံးရဲ့ ၇၄-၈၇% ကာကွယ်နိုင်တယ်။
RotaTeq® ကာကွယ်ဆေးကို ၂-၄-၆ လတွေမှာ (၃) ခါပေးတယ်။ Rotarix® ကာကွယ်ဆေးကို ၂-၄ လတွေမှာ (၂) ခါပေးတယ်။ ကလေး (၆) ပါတ်အရွယ်ကစပေးနိုင်တယ်။ ကလေးအသက် ၁၄ ပါတ် + ၆ ရက်သာအထိပေးနိုင်တယ်။ ဒိထက်ကြီးတဲ့ကလေးတွေအတွက် လေ့လာမှုဒေတာမပြည့်စုံသေးပါ။
ကာကွယ်ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေမဆိုးပါ။ ကလေးက နည်းနည်းအနေရခက်လို့ ငိုနိုင်တယ်။ ဝမ်းလျှောနိုင်တယ်။ အန်နိုင်တယ်။ နားအလယ်ပိုင်းရောင်၊ နှာခေါင်း-အာခေါင်ရောင်၊ လေပြွန်ကျဉ်း၊ ကံမကောင်းရင် Intussusception ခေါ်တဲ့ အူထဲကို အူခေါက်ဝင်ထာဖြစ်တာလည်းရှိဘူးတယ်။ ဆေးနဲ့မတည့်လို့ အလာဂျီရတာလည်း ရှားရှားပါးပါးရနိုင်တယ်။ ၁ သန်းမှာ ၁ ယောက်။
မချမ်းသာသေးတဲ့တိုင်းပြည်တွေမှာ နှစ်စဉ် ကလေးပေါင်း ၄၅၃၀၀၀ ယောက် ဝမ်းလျောလို့သေဆုံးနေကြရတယ်။ ဆေးရုံတက်ရသူက ၂ သန်းရှိတယ်။ ၅-၆-၂၀၀၉ နေ့မှာ WHO ကနေ ကလေးကာကွယ်ဆေးထိုးဇယားထဲထည့်ဘို့ လမ်းညွှန်ထားတယ်။ ၂၀၀၉ ဆန်းစစ်မှုအရ ကာကွယဆေးကနေ သေဆုံးမှုကို ၄၅% ကာကွယ်ပေးခဲ့တယ်။ ၂၂၈၀၀၀ သာသေဆုံးခဲ့တယ်။ ကာကွယ်ဆေးကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာလိုင်စင်ပေးထားပြီးဖြစ်တယ်။
ဈေးချိုမယ့်ကာကွယ်ဆေး Rotavac ကို အိန္ဒိယမှာ စမ်းသပ်မှုတတိယအဆင့်ရောက်နေပြီ။ ကနေ့သုံး ကာကွယ်ဆေး တခါစာကို ရူးပီး ၁၀၀၀ ပေးနေရတယ်။ ဆေးသစ်အောင်မြင်လာရင် ၅၄ ရုးပီးသာကုန်ကျမယ်။ ဒီကာကွယ်ဆေးတွေက တခြားအကြောင်းတွေကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာတွေကိုတော့ မကာကွယ်နိုင်ပါ။
ဒေါက်တာတင့်ဆွေ
၁၈-၂-၂၀၁၆
Comments
Post a Comment