အုန်းမှုတ်ခွက်ရာဇဝင်

အချိန်ကြာလာလို့ ကွန်ပြုတာကနေ ခွါသင့်တဲ့ချိန်မျိုးမှာ တီဗွီရှေ့မှာ လှဲပါတယ်။ ဘောလုံးပွဲ၊ တင်းနစ်ပွဲနဲ့ ၆၀ ကျော်က ကောင်းဗွိုင်ရုပ်ရှင်တွေ ကြည့်တယ်။ မနေ့ကဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုမှာ သူတို့ရေခပ်သောက်တဲ့ခွက်ကို သတိထားမိတယ်။ သတ္တုနဲ့လုပ်ထားပေမဲ့ ကျွန်တော်တို့ဆီက အရိုးတပ်အုန်းမှုတ်ခွက်နဲ့တူတယ်။ ငယ်ငယ်က ခဏခဏ သောက်ရတယ်။ ရေကလည်းအေးလို့ ကြည်လို့။ အုန်းသီးနံ့လေးကရသေး။

တခါတုန်းက သူတောင်းစားတယောက် ရေချမ်းစင်မှာ ရေဝင်သောက်တယ်။ သူကဆင်းရဲ့ပေမဲ့ စိတ်ကောင်းထားတယ်။ နောက်လူတွေက သူသောက်တဲ့ဘက်ကနေ ရေမှုတ်ကို မသောက်မိစေအောင် လက်ကိုင်ရိုးနဲ့ ထိပ်တိုက်ကျတဲ့ နေရာကနေ သောက်တယ်။ နောင်တခါ သူဌေးသာတယောက်လာပြန်တယ်။ သူကတော့ မာနကြီးတယ်။ သူများတွေ သောက်လေ့ရှိတဲ့နေရာကနေ လွဲအောင်ဆိုပြီး သူတောင်းစားသောက်သွားတဲ့ နေရာကနေ သောက်တယ်။

ခုခေတ်မှာ သူတို့ဆီမှာ အဲလိုသတ္တုရေခွက် မရှိတော့ပါ။ ကျွန်တော်တို့ဆီမှာလည်း အတော်ရှားသွားပြီထင်ပါတယ်။ ရေသန့်ပုလင်းတွေက နေရာယူလာပြီ။ ကူးစက်ရောဂါတွေကို သတိထားကြတာ။ ကောင်းပါတယ်။ ဒါပေမဲ့ ကူးစက်ရောဂါတွေကလည်း ခေတ်ကာလအလိုက် အသစ်တွေပေါ်တယ်။ အရင်ကမရှိခဲ့တာတွေ အခုဖြစ်နေတယ်။

၁၉၇၀ ကျော်နောက်ပိုင်းမှာ ကူးစက်ရောဂါသစ်ပေါင်း ၄၀ လောက်ပေါ်လာတယ်။ SARS, MERS, Ebola, chikungunya, avian flu, swine flu နဲ့ Zika စတာတွေဖြစ်တယ်။ 

ကူးစက်ရောဂါပိုးသစ်တွေ ဘာကြောင့်ပေါ်လာသလဲ။ သက်ရှိတရွေ့ရွေ့ဖြစ်စဉ် အီဗော်လူးရှင်းသဘောအရလည်းပါတယ်။ လူတွေရဲ့ ပြောင်းလဲလာတဲ့ အမူအကျင့် အလေ့အထတွေလည်းပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်ထဲမှာ နေရာဒေသတွေ ပြောင်းပြီး နေထိုင်ကြတယ်။ တောတွေကနေ မြို့တွေရောက်လာကြတယ်။ တခြားတိုင်းပြည်တွေကို ပြောင်းရွှေ့ နေထိုင်ကြတယ်။ လူဦးရေများလာတယ်။ လေကြောင်းနဲ့ နိုင်ငံတကာခရီးသွားလာကြတယ်။ ဆင်းရဲတဲ့နေရာတွေမှာ ဆင်းရဲကြတယ်။ စစ်ပွဲသစ်တွေဖြစ်တယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးတယ်။ တိရစ္ဆာန်ရောဂါတွေ လူတွေကိုကူးစက်လာတယ်။ ပိုးတွေက ဆေးတွေကိုယဉ်ပါးလာပြီး ပိုးမျိုးဆက်သစ်တွေ ပေါ်လာတယ်။ 

HIV ကို ၁၉၅၉ ကျမှတွေ့တာ။ အသည်းရောင်ဘီက ၁၉၆၇ နဲ့ စီပိုးကို ၁၉၈၉ ကျမှတွေ့ပါတယ်။ ခေတ်ကနေ ကောင်းတာတွေရော ဆိုးတာတွေကိုပါ ဖြစ်ပေါ်စေတယ်။ စာဖတ်ရ၍ ဆင်ခြင်နိုင်ကြပါစေ။ 

ဒီစာကိုရေးစဉ်က 'ကိုဗစ်' မပေါ်သေးပါ။ 

၂၀၂၅ ခုနှစ်ရောက်တော့ အမေရိကားမှာ ကာကွယ်ဆေးဆန့်ကျင်ရေးသမားက ကျန်းမာရေးဝန်ကြီးဖြစ်လာပါသတဲ့။

ဒေါက်တာတင့်ဆွေ

၂-၃-၂၀၁၉

၂-၃-၂၀၂၅

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ