Doctor ဆရာဝန်ကို ဘယ်လိုခေါ်မလဲ (၂)
ဒေါက်တာမှာ ဦး ဒေါ် မထည့်သင့်ပါကြောင်းစာ ၃ ခါလောက် တင်ပြထားပါတယ်။
၂။ ဒေါက်တာ တင့်ဆွေ လို ခေါ်ရင် အမှန်လား။ ဒေါက်တာ လို့ ခေါ်ရင် ရလား ဒါမှမဟုတ် နာမည့်ထည့်ပြီး ဒေါက်တာ တင့်ဆွေလို့ ခေါ်ရင် ရိုင်းနေမလား ထင်မိလို့ပါ။
ဆရာဝန်ကို ‘ဒေါက်တာ’ လို့ခေါ်တာ မမှားပါ။ မရိုင်းပါ။ အင်္ဂလိပ်လို ‘ဖေါ်မယ်’ အသုံးဖြစ်ပါတယ်။ ရင်းနှီးမှုလည်း မရှိသူတွေက ခေါ်နိုင်ကြပါတယ်။
ဆရာဝန်ကိုတော့ ‘ဆရာ’ အသုံးထက်ကောင်းတာ မရှိပါ။ ‘ဆရာကြီး’ ဆိုတာမှာ အနှောင့်အသွား မလွတ်တတ်ပါ။ လေးစားလို့ခေါ်တာနဲ့ နှိမ်ခေါ်တာ နှစ်မျိုးလုံး ဖြစ်နိုင်တယ်။ အသက်ကြီးတိုင်း ‘ကြီး’ ထည့်ရမယ်ထင်တာ မမှန်ပါ။
ဆေးရုံအုပ်ကိုတော့ ‘ဆရာကြီး’၊ ‘ဆေးရုံအုပ်ကြီး’ လို့ ခေါ်တယ်။
အမျိုးသမီးဆရာဝန်တွေကိုတော့ ‘ဆရာမ’ ထက် ‘ဒေါက်တာ’ လို့က ပိုသင့်မှန်တယ်။ ‘ဆရာဝန်မ’ ဆိုရင် ရိုင်းတယ်။
ဆရာဝန်တွေမှာသုံးတဲ့ ‘ဒေါက်တာ’ ဆိုတာ ‘ပါရဂူဘွဲ့’ မဟုတ်ပါ။
အချုပ်ကတော့ မရင်းနှီးဘဲ ရင်းနှီးသလို မခေါ်သင့်။ အမျိုးတကယ်မတော်ဘဲ အမျိုးစပ် မခေါ်သင့်။
၃။ ဒေါက်တာလို့ရေးတာ မှန်လား ဆရာ
အမျိုးသားဆရာဝန်ကို ဆရာနဲ့ အမျိုးသမီးဆရာဝန်ကို ဒေါက်တာလို့ခေါ်တာက အသင့်မှန်ဆုံးလို့ ယူဆပါတယ်။ ဒေါက်တာကတော့ ကျား-မ နှစ်မျိုးအတွက် သင့်ပါတယ်။
Austin Powers ရုပ်ရှင်ထဲမှာ Dr. Evil ကို Mr. Evil လို့ခေါ်တဲ့အခါ ပြန်ပြောပါသတဲ့။ Dr. Evil ပါဗျာ။ ကျုပ်က Mister ဘွဲ့ ရအောင် ဆေးကျောင်းမှာ ၈ နှစ်တာ အချိန်ကုန်ခံခဲ့တာ မဟုတ်ဘူးတဲ့။
Academic and professional titles ပညာပိုင်းဆိုင်ရာ အခေါ်များ https://dr-tint-swe.blogspot.com/2024/12/academic-and-professional-titles.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment