Yamuna Clinic for Burmese Community ယမုန်နာဆေးခန်း

၂၀၀၂ ကနေ ၂၀၁၄ ခုနှစ်အထိ နယူးဒေလီမှာ မြန်မာဒုက္ခသည်တွေအတွက် ယမုန်နာ အခမဲ့ဆေးခန်းလေး ဖွင့်ခဲ့တယ်။ ၂၀၀၆ ကနေ ၂၀၂၄ အထိ သားဖွားလူနာတွေကိုပါ မွေးပေးခဲ့တယ်။ ၃၄၉ ယောက်တိတိ။

အခုတော့ ဝေးပြီ။ ၇၅၈၈ မိုင်။

ဝေးကွာပေမဲ့ အဆက်မပြတ်ပါ။ မွေးပေးခဲ့တဲ့ကလေးတွေရဲ့ မိသားစုတွေက တတိယနိုင်ငံကို သွားရရေး လုံးပမ်းကြရတယ်။ 

ယမုန်နာ ‘လက်တာဟက်’ လိုလာပြီ။ ဘယ်နေ့က၊ ဘယ်အချိန်မှာ၊ ဖခင် ဘယ်သူနဲ့ မိခင် ဘယ်ဝါတို့ကနေ မောင်/မ ကို ကျွန်ုပ်ကိုယ်တိုင် မွေးဖွားပေးခဲ့သည်မှာ မှန်ကန်ပါကြောင်း။ စာတွေဖြည့်၊ ‘ပရင့်’ ထုတ်။ လက်မှတ်ထိုး၊ ‘စကန်’ လုပ်၊ ပို့ပေး။

ကျေးဇူးတင်ပါတယ် ဗျ/ရှင့် စာတွေလက်ခံရရှိ။ ဝမ်းသာ။

အခုလေးတင် ကလေးအမေတယောက်ဆီက ပို့တာရတယ်။ အသံဖိုင်နဲ့ ‘ကလော်မေး’ Thanks လုပ်တာဖြစ်မယ်။ ဆရာဝန်က အသံဖိုင်တွေကို ဖွင့်လေ့မရှိ။

ဆက်သွယ်ရေးလုပ်ရတာ တခါတခါ အဆင်ပြေတယ်။ တခါတခါ အဆင်မချော။ 

ချင်းလူမျိုးစု အများစုက အမည်ကို ‘ကယ်ပီတယ်လ်လက်တား’ နဲ့ မရေးကြ။ စာလုံးပေါင်း ပြန်မေးရ။

ကလေးက ယောက်ျားလေးလား၊ မိန်ကလေးလား။

ဆရာဝန်ပို့တာက လွဲနေ။ အသစ်လုပ် ပြန်ပို့။ တချို့ရက်တွေမှာ ၄-၅ ဦးဆိုတော့ ရောကုန်ရော။

‘ပရင်တာ’ မင်ကုန်။ ‘အော်ဒါ’ လုပ်။ အကုန်လုပ်ပြီး ပို့ပေး။ 

‘အေဖိုး’ စာရွက်ကုန်။ သွားဝယ်။ အကုန်လုပ်ပြီး ပို့ပေး။

တချို့ကလည်း နောက်နေ့ ၁၂ နာရီမထိုးခင် လိုချင်သတဲ့။ ဂွကျတယ်။

အဆင်ပြေသွားရင်တော့ ကလေးမိဘတွေလိုဘဲ ဆရာဝန်က ဝမ်းမြောက်ပါတယ်။

ဆရာဝန်ပါ God bless you! လည်း ရေးတတ်နေပြီ။ ထောက်ခံစာ ၁၀၀ ကျော်ပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ