HIV infection stages အိတ်ချ်အိုင်ဗွီ ကူးစက်ရောဂါအဆင့်များ

၁။ HIV ရှိတယ်ဆိုရင် ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲခင်ဗျာ။

၂။ HIV စတင်ကူးစက်ပုံနှင့် Early signs of HIV အကြောင်းကို ကျေးဇူးပြုပြီးဖြေကြားပေးပါခင်ဗျာ။

HIV ကို သံသယဖြစ်စရာနဲ့တွေ့ပြီး ၃ လ နဲ့ ၆ လအတွင်းမှာ ဆေးစစ်ရတယ်။ ၆ လမှာ မတွေ့ရင် အရင်က သံသယ ဖြစ်စရာကနေ မကူးစက်ခဲ့ပါ။ နောက်ထပ်တွေ့ပြန်ရင်တော့ ထပ်စစ်ရမယ်။ HIV ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့် ရောက်လာပါမယ်။ သတင်းကောင်းပါးပါရစေ။ ART ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ ကိုယ်ခန္ဓာက ဆက်ပြီးသန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကို ကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။

(၁) HIV ကနဦးအဆင့်

ပိုးဝင်ခံရပြီး ၂-၄ ပါတ်မှာဖြစ်မယ်။ ဒါလဲလူတိုင်းမှာမဖြစ်ပါ။ ဖြစ်ရင် တုပ်ကွေးလိုခံစားရမယ်။ ဆိုးလိုက်တဲ့တုပ်ကွေးလို့ ညည်းတွားကြမယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ အနီပြင်တွေထွက်မယ်။ အဆစ်အသားတွေနာမယ်။ အားယုတ်မယ်။ ခေါင်းကိုက်မယ်။ အဲဒီကာလမှာ ဗိုင်းရပ်စတွေပွါးများလာနေမယ်။ ဗိုင်းရပ်စ်တွေက CD4 cells ဆဲလ်တွေကိုသုံးပြီး မိတ္တူတွေပွါးမယ်။ အဲတော့ CD4 count ကျဆင်းလာမယ်။ တချိန်မှာ ခုခံအားစနစ်က ပြန်ကုစားလို့ တန့်လာမယ်။ ပြီးရင်ပြန်တက်လာမယ်။ နဂိုလောက်တော့ များမလာနိုင်တော့ပါ။ အဲဒီအချိန်မှာ ART ဆေးသောက်ရင် ကောင်းတယ်။ လိင်ဆက်ဆံဖက်ကိုကူးစေမယ်။ ဆေးထိုးအပ်မျှသုံးသူတွေကိုလဲ ကူးစက်မယ်။

(၂) HIV ဒုတိယအဆင့်

ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့အဆင့်ဖြစ်တယ်။ ခံစားရလဲနည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီးအသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒိထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် Viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။

(၃) AIDS ရောဂါရတဲ့အဆင့်

ခုခံအားမကောင်းတော့ပါ။ ဘယ်ပိုးမဆိုကူးစက်တာခံရမယ်။ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေလို့ခေါ်တယ်။ CD4 cells 200 cells/mm3 ထက်နည်းလာရင် AIDS လို့ပြောနိုင်ပြီ။ ဆောရီး။ နေကောင်းနေသူတွေမှာ CD4 counts 500 နဲ့ 1,600 cells/mm3 ကြားမှာရှိရတယ်။ ဒီအရေအတွက်မနည်းလှပေမဲ့ ရောဂါလက္ခဏာခံစားလာရရင်လဲ AIDS ပဲဖြစ်တယ်။ ART ဆေးမကုဘူးဆိုရင်တော့ AIDS ဖြစ်လာဘို့ ၃ နှစ်ကြာမယ်။ တကယ်လို့ ဆိုးလှတဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါ ခံရမယ်ဆိုရင် ၁ နှစ်သာအသက်ရှည်နိုင်တယ်။ ART ဆေးသောက်နေပြီး viral load နည်းနေမယ်ဆိုရင်တော့ လူကောင်းလိုနေနိုင်ပြီး AIDS အထိမဖြစ်ပါ။

HIV ကနေ AIDS ဖြစ်လာဘို့အချက်အလက်တွေကတော့ ART ဆေးသောက်နေတာ၊ စောင့်ရှောက်ရေးဌာနမှာနေတာ၊ ဆရာဝန်ညွှန်ကြားတာကို တိတိကျကျ လိုက်နာတာ၊ အစာအာဟာရ လုံလောက်မျှတတာ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာတွေအပေါ်မှာ မူတည်ပါတယ်။

ဘယ်လိုအခြေအနေတွေကနေ အဆိုး-အကောင်းဖြစ်စသလဲ

မျိုးဗီဇ၊ နဂိုကျန်းမာရေး၊ ပိုးရှိနေတာစောစာသိသလား၊ ဆေးသောက်နေလား၊ စတာတွေအပေါ်မှာ မူတည်တယ်။ အသက်ကြီးသူတွေ၊ HIV subtype အမျိုးအစားခွဲမတူတာ၊ ပူးတွဲကူးစက်ရောဂါရတာ၊ အစာအာဟာရနည်းတာ၊ စိတ်ဖိအားများတာတွေအပေါ်မှာ မူတည်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ