Homemade Humidifier လက်ဖြစ်ရေငွေ့ပေးနည်း
လူအသက်ရှူတဲ့ပတ်ဝန်းကျင်မှာ ရေငွေ့ဓါတ်ဟာ ကျန်းမာရေးအတွက် အရေးပါတယ်။ အအေးမိတာ၊ တုပ်ကွေးမိတာ၊ ချောင်းဆိုးတာ၊ အလာဂျီကနေဆက်ဖြစ်တာတွေအတွက်လိုတယ်။ အသက်ရှူတဲ့လေကခြောက်သွေ့နေရင် ရောဂါပိုဆိုးစေတယ်။ အေးတဲ့ရာသီမှာ အနွေးဓါတ်ပေးတော့ ရေငွေ့ဓါတ်ကိုနည်းစေတယ်။ ဟီတာတွေသုံးလို့ အရေပြား ခြောက်သွေ့စေမယ်။ လည်ချောင်းနာမယ်။ မျက်ရည်ကျမယ်။ အလာဂျီပိုရစေနိုင်တယ်။ ပန်းနာပိုထစေနိုင်တယ်။ အခန်းတွင်း Humidity 30% ကနေ 50% ရှိနေသင့်တယ်။ ဝယ်တဲ့စက်က ပိုကောင်းမှာမှန်ပေမယ့် ကလေးငယ်ရှိတာနဲ့ အိမ်မွေးတိရစ္ဆာန်တွေရှိရင်တော့ သတိထားရမယ်။
ရေငွေ့ပေးစက်ကလေး ဝယ်နိုင်ရင်တော့ ကောင်းပါတယ်။ ကျပ်တသိန်းလောက်ဆိုတော့ ဈေးကမသေးပါ။ နေရာ အတော်များများလည်း ဝယ်ရမယ်မထင်ပါ။ ကိုယ်တိုင်ရေနွေးငွေ့ရအောင်လုပ်နိုင်ပါတယ်။ အခြေခံသဘောက အခန်းထဲကလေထဲကို ရေငွေ့လေးတွေ ထုတ်ပေးနေဘို့ ဖြစ်တယ်။ ရေစက်လေးတွေဖြစ်စေရတယ်။ Mist မြူမှုန်လိုဖြစ်ဖြစ် Steam ရေနွေးငွေ့လိုဖြစ်ဖြစ်ရတယ်။ လေထဲကို ရေပြန်ရောက်စေတာသာဖြစ်ပါတယ်။
၁။ Heater အနွေးဓါတ်ပေးတဲ့ (ဟီတာ) ပေါ်မှာ ရေဖန်ခွက်ချထားရင် ရေငွေ့ထွက်နေမယ်။ ဖန်ခွက်ကကျယ်ရမယ်။ အပူခံနိုင်ရမယ်။ မကွဲနိုင်တာဖြစ်ရမယ်။ ရေထဲမှာ ကိုယ်သဘောကျတဲ့ Essential oil သဘာဝဆီတမျိုးမျိုး (ယူကလစ်ဆီ၊ လီဗင်ဒါဆီ၊ နှစ်းဆီဆီ) ထည့်ပေးထားရင် တခန်းလုံးမွှေးနေမယ်။ (ဟီတာ) ပေါ်မှာ အဝတ်စိုတင်ထားပြီး ရေငွေ့ရအောင် မလုပ်ပါနဲ့။
၂။ Sponge humidifier ရေမြှုပ်နည်း
ကားဆေးရာမှာသုံးတဲ့ရေမြှုပ်၊ ပလပ်စတစ်၊ ရေခဲအိတ်နဲ့ ကတ်ကြေးသာလိုမယ်။ ရေခဲအိတ်ကို အပေါက်လေးတွေ ဖေါက်ပါ။ ရေမြှုပ်ကို ရေနွေးထဲမှာစိမ်ပြီး ပိုနေတဲ့ရေကို ညှစ်ပြစ်ပါ။ ရေအကုန်တော့မညှစ်ပါနဲ့။ တစက်စက်ကျမနေယုံသာ လိုတယ်။ အဲတာကိုဖေါက်ထားတဲ့ပလတ်စတစ်အိတ်ထဲထည့်ပါ။ ရေနွေးငွေ့တွေထွက်နေမယ်။ ခြောက်သွားရင်ထပ်လုပ်ပါ။ မြန်တာက ရေမြှုပ်ကို (မိုက်ခရိုဝေ့ဖ်) ထဲမှာ ၄၅ စက္ကန့်ထားရင်ရတယ်။ ပိုးတွေရှိနေလည်း သေစေမယ်။
၃။ Hot shower humidifier ရေနွေးပန်းနည်း
ရေချိုးခန်းက ရေနွေးပန်းကိုဖွင့်ချထားပါ။ ရေနွေးနဲ့ချိုးနေတုန်းမှာ ရေချိုးခန်းတံခါးဖွင့်ထားရင်လည်း အခန်းထဲကို ရေနွေးငွေ့ဓါတ်ရစေမယ်။
၄။ A bowl of searing hot water သိပ်ပူနေတဲ့ အငွေ့ထွက်နေတဲ့ရေနွေးကို အခန်းထဲမှာထားပေးပါ။ ရေနွေးပွက်လာချိန်မှာ အဖုံးမဖွင့်သေးပဲ မိနစ်အနည်းငယ်စောင့်ပြီးမှ အဖုံးဖွင့်လိုက်ရင် ရေနွေးငွေ့တွေကောင်းကောင်းထွက်လာမယ်။
၅။ Spray water on curtains လိုက်ကာပေါ်မှာ ရေဖျန်းနည်း
ဖျန်းပက်လို့ရတဲ့ဗူးအမျိုးမျိုးရှိတယ်။ ဆပ်ပြာရည်၊ ဆေးကြောရည်စတာတွေ။ အခွံကိုဆေးသန့်ပြီး ရေထည့်ပါ။ အခန်း လိုက်ကာတွေကို အဲတာသုံးပြီး ရေဖျန်းပေးပါ။ သူ့အလိုလိုခြောက်ပါစေ။
၆။ Flask ဓါတ်ဗူး
ဓါတ်ဗူးထဲရေနွေးပူပူထည့်ထားပြီး အဖုံးဖွင့်ထားပါ။
၇။ Houseplants အခန်းထဲထားလို့ရတဲ့အပင်တွေကနေလည်း ရေငွေ့ဓါတ်ပေးနေမယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment