Sleeping positions during pregnancy ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုအိပ်သင့်သလဲ
(၂၀၁၆ ခုနှစ်က ရေးထားတာ)
၁။ အသက် ၂၈ သားဦးကိုယ်ဝန် ၃၀ ပါတ်ပါဆရာ။ ကိုယ်ဝန်ဆောင်သည် ပက်လက်အိပ်ရင် ကလေး အသေမွေးဖွားတတ်တယ်ဆိုတာ ဟုတ်ပါသလားဆရာ။ ဘေးစောင်းအိပ်ပေမယ့်လဲ ပက်လက် လန်လန် သွားလို့ပါ။
၂။ အသက် ၃၂ နှစ် ကိုယ်ဝန် ၇ လ။ သားဦးကိုယ်ဝန်။ ရန်ကုန်မှာနေပါတယ်။ ကိုယ်ဝန်ဆောင် ပက်လက်အိပ်ရင် ကလေး အသက်ရှု မဝဘူး ကလေးအသေမွေးတတ်တယ်ကြားဖူးလို့ပါဆရာ။ ကျမမှာနေ့တိုင်း ခေါင်း မကြည် မလင်ဖြစ်နေတာ အမြဲဘေးစောင်းအိပ်တာနဲ့ ဆိုင်နေလား သိချင်လို့ပါ ဆရာ။ လေးစားစွာဖြင့်။
၃။ အသက် ၃၅ နှစ်ပါဆရာ။ ကိုယ်ဝန်က ၄ လထဲမှာပါ။ ကိုယ်ဝန်ဆောင်အိပ်စက်ရင် ဘယ်လိုအိပ်ရင် သင့်တော်ပါသလဲဆရာ။ တချို့က ဘယ်ဘက်စောင်းအိပ်၊ တချို့က ညာဘက်စောင်းအိပ်ဆိုပြီး ပြောနေကြလို့ပါ။ ကျွန်မကတော့ ညာဘက် စောင်းအိပ်ဖို့ ကြိုးစားနေပါတယ်။ ဒီနေ့ facebook မှာတက်လာတာ ပက်လက်အိပ်ခြင်း ညာဘက်စောင်းအိပ်ခြင်းဟာ ဘယ်ဘက်စောင်းအိပ်တာထက် အန္တရာယ်များတယ်ဆိုလို့ပါ။ ဘယ်ယ်ဟာကို အတည်ပြုရမလဲဆရာ။ ဆရာ့အဖြေကို စောင့်မျော်နေပါ့မယ်။
အဖြေစာ
ကိုယ်ဝန်ဆောင် အအိပ်အနေအထိုင် သွားလာလှုပ်ရှားမှု တမျိုးတည်းကြောင့်တော့ အထဲကကလေး မသေစေနိုင်ပါ။
ကိုယ်ဝန်ဆောင်ရင် အိပ်ရာထဲနေရတာကအစ အရင်လိုမဟုတ်ပါ။ အနေရခက်တယ်။ အရင်ပုံစံမျိုးနဲ့ အဆင်မပြေ ဖြစ်တတ်ကြတယ်။ ဗိုက်က တနေ့တခြားဖေါင်းလာတာ၊ ခါးနာလာတာ၊ ရင်ပူတာ၊ အိပ်မပျော်တာ၊ အသက်ရှူရခက်တာ စတဲ့အပြောင်းအလဲတွေကြောင့် အဲလိုဖြစ်စေတယ်။
ကိုယ်ဝန်မှာ အိပ်သင့်တဲ့ အကောင်းဆုံးအနေအထာကို SOS (sleep on side) လို့အမှတ်ရလွယ်အောင်ခေါ်တယ်။ တဖက်ဖက်စောင်းအိပ်တာဖြစ်ပါတယ်။ ဘယ်ဖက်ကိုစောင်းအိပ်တာက အများဆုံးသက်သာနည်းအဖြစ်တွေ့ရတယ်။ ၁ဝဝ% အဲလိုသာအိပ်ပါလို့ မဆိုလိုပါ။ ကိုယ့်အကောင်းဆုံးအနေအထားကို ကိုယ်တိုင်ရှာနိုင်ပါတယ်။ ကိုယ်ဝန်ဆိုတာ ဆန်းတယ်။ တယောက်တည်းမှာ တခါနဲ့တခါ မတူတတ်ပါ။ သူများတွေအဆင်ပြေတဲ့နည့်က ကိုယ့်အတွက် ပြေချင်မှ ပြေမယ်။ စာတွေထဲမှာပါတာနဲ့ အံကိုက်ဖြစ်ချင်မှဖြစ်မယ်။ ခြောက်ပြောတာ ရေးတာတွေကို မယုံပါနဲ့၊
သတိပေးချင်တာရှိတယ်။ ပေါင်နဲ့ ဒူးကွေးထားသင့်တယ်။ ကြားထဲမှာ အခုအခံထားတာပိုကောင်းရင် အနေတော်တာ ထားပြီး အိပ်စက်ပါ။ ခါးနာလို့ အခုအခံလိုလည်း သုံးပါ။ ရင်ပူလို့ ဗိုက်ပေါ် ခေါင်းအုံးစတာ တင်လိုလည်းတင်ပါ။ သည်လိုနည်းကို တညလုံးနေရမယ်လည်း မဟုတ်ပါ။ ပြုပြင်လိုတိုင်း ပြုပြင်ပါလေ။
ပက်လက်ဆန့်အိပ်တာက အဆင်မပြေဖြတာများတယ်။ အစာအိမ်က အူတွေပေါ်ဖိနေစေလို့ အစာမကျေတာနဲ့ လိပ်ခေါင်းဖြစ်စေနိုင်တယ်။ ဗိုက်ထဲကကလေးဟာ အင်မတန်လုံခြုံတဲ့ ရေမြွာအိပ်ထဲမှာနေတယ်။ သွေးကနေလာတဲ့ ကူးစက်ရောဂါ ဥပမာ အသည်းရောင် စီ နဲ့ ဘီကလွဲရင် တော်တော်တန်တန်နဲ့ ဘာအန္တရာယ်မှ သူ့ဆီ ရောက်မလာပါ။
ခဏခဏသတိပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်မှာမဖြစ်တဲ့ မူမှန်မဟုတ်တာတွေကို မပြောသင့်။ နားမထောင်သင့်။ ဆရာရေးတဲ့ မူမမှန်ကိုယ်ဝန်စာတွေလည်း မဖတ်သင့်ပါ။ အမှားတွေ ခြောက်လှန့်ပြောသူတွေစကား နားမထောင်သင့်ပါ။ အားပေးကူညီဖေးမနေသူတွေနဲ့သာ ပေါင်းသင်းဆက်ဆံသင့်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment