အသက်အရွယ်အလိုက် အစားအစာများ၏ အာဟာရအကျိုးကျေးဇူးများ ပြောင်းလဲလာပုံ
ကျန်းမာရေးအတွက် အာဟာရညီမျှသည့် အစားအသောက်ကို လိုက်နာစားသောက်ခြင်းသည် အကောင်းဆုံးအရာတခုဖြစ်သည်ဟု လူအများက လက်ခံထားကြပါသည်။ သို့ရာတွင် လူ၏ဘဝအဆင့်အတန်းအလိုက် အချို့သော အစားအစာများသည် အထူးအရေးပါလာကြပါသည်။
ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလန်အစိုးရသည် အစားအစာများကို အမျှတစွာ ဖြန့်ဝေပေးနိုင်ရန်နှင့် ပြည်သူများ၏ အာဟာရလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အပတ်စဉ် ခွဲတမ်းပေးသည့် မူဝါဒကို စတင်အသုံးပြုခဲ့ပါသည်။ ထိုမူဝါဒအရ မိသားစုတိုင်းသည် အပတ်စဉ် သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ အစားအစာများကို ရရှိခွင့်ရှိပါသည်။
သကြားသည် ခွဲတမ်းထားသည့် အစားအစာများထဲမှ တခုဖြစ်ပါသည်။ လူတဦးစီအတွက် အပတ်စဉ် သကြား ၈ အောင့် (၂၂၇ ဂရမ်ခန့်) သာ ခွင့်ပြုထားပါသည်။ သို့သော် အသက် ၂ နှစ်အောက် ကလေးများအတွက်တော့ သကြားကို လုံးဝပေးမထားခဲ့ပါ။
၁၉၅၃ ခုနှစ်တွင် သကြားခွဲတမ်း မူဝါဒ အဆုံးသတ်သွားသောအခါ အရွယ်ရောက်သူများ၏ သကြားစားသုံးပမာဏမှာ နှစ်ဆခန့် တိုးလာခဲ့ပါသည်။ ထိုအချိန်တွင် လူအများက မသိရှိခဲ့ကြသော်လည်း နောင်အခါတွင် သိပ္ပံပညာရှင်များအတွက် အစောပိုင်းကာလ သကြားစားသုံးမှုသည် ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသည်ကို တိတိကျကျ လေ့လာသုံးသပ်နိုင်ရန် အရေးကြီးသည့် အခွင့်အလမ်းတရပ် ဖြစ်လာစေခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် သုတေသနစာတမ်းတစောင်တွင် ကမ္ဘာလုံးဆိုင်ရာ သုတေသနအဖွဲ့တခုသည် ၁၉၅၁ မှ ၁၉၅၆ ခုနှစ်အတွင်း ယူကေတွင် မွေးဖွားခဲ့သည့် လူ ၆၃,၀၀၀ ခန့်၏ ဆေးဘက်ဆိုင်ရာ မှတ်တမ်းများကို စိစစ်လေ့လာခဲ့ပါသည်။ ထိုကာလသည် သကြားခွဲတမ်း မူဝါဒ အပြည့်အဝ ကျင့်သုံးနေသည့် အချိန်ဖြစ်ပါသည်။ လေ့လာမှုအရ မိခင်ဝမ်းအတွင်းရှိစဉ်ကာလနှင့် မွေးဖွားပြီး ပထမ ၁,၀၀၀ ရက်အတွင်း သကြားကို နည်းပါးစွာသာ ထိတွေ့ခဲ့ရသည့် ကလေးများသည် နောင်ဘဝတွင် နှလုံးသွေးကြောရောဂါ ဖြစ်ပွားနိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး၊ နှလုံးပျက်ကွက်မှု ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့နည်းကာ၊ သွေးကြောပိတ်လေဖြတ်ရောဂါ ဖြစ်နိုင်ခြေမှာလည်း ၃၁ ရာခိုင်နှုန်းအထိ လျော့နည်းကြောင်း တွေ့ရှိခဲ့ပါသည်။ ၎င်းတို့ကို သကြားခွဲတမ်းအဆုံးသတ်ပြီးနောက် ချိုချဉ်အစားအစာများကို များစွာစားသုံးခွင့်ရခဲ့သည့် ကလေးများနှင့် နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်ပါသည်။
မွေးဖွားပြီးနောက်တွင်လည်း သကြားစားသုံးမှုနှင့် ကျန်းမာရေးအကြားရှိသော ခိုင်မာသည့် ဆက်နွယ်မှုသည် ဆက်လက်ရှိနေကြောင်းကို သိရခြင်းမှာ အံ့ဩစရာမဖြစ်နိုင်ပါ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် မည်သည့်အသက်အရွယ်တွင်ဖြစ်စေ ချိုမြိန်သကြားပါဝင်သော မုန့်ပဲသရေစာများကို များစွာစားသုံးခြင်းသည် ကျန်းမာရေးအတွက် မကောင်းပါ။
သို့သော် အခြားအစားအစာအချို့အတွက်တော့ အာဟာရအကျိုးကျေးဇူးများသည် လူ၏ဘဝအဆင့်အလိုက် ကွာခြားလာပါသည်။ ဥပမာအားဖြင့် ကလေးငယ်များနှင့် မွေးကင်းစကလေးများအတွက် နို့ထွက်ပစ္စည်းများနှင့် နို့အပြည့် (whole milk) ထဲတွင် ပါဝင်သော အဆီဓာတ်များကို လုံလောက်စွာ လိုအပ်သော်လည်း၊ ထိုကဲ့သို့သော အစားအသောက်ပုံစံကို အသက် ၂၀ နှစ်မှ ၃၀ နှစ်အရွယ်ရှိသူများအတွက်တော့ ကျန်းမာရေးနှင့်ညီညွတ်သည်ဟု မယူဆနိုင်ပါ။
ယူကေရှိ အင်ပီရီယယ် ကောလိပ် လန်ဒန်မှ အာဟာရသိပ္ပံပညာရှင် ဖေဒရီကာ အမားတီ၏ ပြောကြားချက်အရ ကလေးများတွင် စွမ်းအင်လိုအပ်ချက် မြင့်မားသဖြင့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့် အစားအစာများကို လိုအပ်ကြောင်း သိရှိရပါသည်။
“ကလေးဘဝတွင် အစားအစာဆိုသည်မှာ ကိုယ်ခန္ဓာနှင့် ဦးနှောက်ကို တကယ်တမ်း တည်ဆောက်ပေးနေသည့် အရာဖြစ်ပါသည်” ဟု အမားတီက ဆိုပါသည်။ ကျန်းမာရေးနှင့်ညီညွတ်သော ကယ်လိုရီများအပြင် ကလေးများအနေဖြင့် ကိုယ်ခံအားကို ထောက်ပံ့ပေးရန်၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွက်သားကြီးထွားမှုကို ကူညီပေးရန် သံဓာတ် (iron)၊ အိုင်အိုဒင်း (iodine) နှင့် ဗီတာမင်အမျိုးမျိုးကိုလည်း လုံလောက်စွာ လိုအပ်ကြောင်း ပြောကြားထားပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment