အာဟာရဖြည့်စွက်စာ / ဆေးဝါးများ
Vitamins, Minerals, and More
(၁)
ကျန်းမာရေးကောင်းမွန်ပြီး အာဟာရညီညွတ်စွာ စားသောက်နေသူများ အများစုအတွက် နေ့စဉ် အာဟာရဖြည့်စွက်စာများ၊ ဗီတာမင်များကို သီးသန့် သောက်ရန် မလိုအပ်ဘဲ အကျိုးကျေးဇူးလည်း နည်းပါးပါသည်။ ငွေကြေးအရ အလွန်ကြီးမားသော စက်မှုလုပ်ငန်းတခု ဖြစ်လာသော်လည်း သုတေသနများအရ အာဟာရဖြည့်စွက်စာများသည် ရောဂါရှည်များကို ကာကွယ်နိုင်သည်ဟု မသက်သေပြနိုင်ပါ။
အာဟာရဖြည့်စွက်စာများကို အဓိကအားဖြင့် အာဟာရချို့တဲ့မှု ရှိသူများ, အစားအစာ ကန့်သတ်ထားရသူများ (ဥပမာ—အသားမစားသူများ) သို့မဟုတ် ဘဝကာလအလိုက် အထူးလိုအပ်သည့် အချိန်များ (ဥပမာ—ကိုယ်ဝန်ဆောင်ကာလ) တွင်သာ လိုအပ်တတ်ပါသည်။
စဉ်းစားရန် အချက်များ
အကောင်းဆုံးရင်းမြစ်မှာ အစားအစာဖြစ်သည် — အာဟာရများကို ဆေးပြားများမှ မဟုတ်ဘဲ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အဆီနည်း ပရိုတင်းပါဝင်သော အစားအစာများ ပါဝင်သည့် အာဟာရညီညွတ်သော အစားအစာမှ ရယူသင့်ပါသည်။
ရည်ရွယ်ချက်ရှိရှိ အသုံးပြုရန် — ကိုယ်ဝန်ဆောင်ကာလတွင် ဖောလိတ်အက်ဆစ်၊ အရိုးကျန်းမာရေးအတွက် ဗီတာမင် ဒီ သို့မဟုတ် ကယ်လစီယမ်၊ အသက်ကြီးလာသူများအတွက် ဗီတာမင် ဘီ ၁၂ ကဲ့သို့ အချို့သူများတွင်သာ လိုအပ်တတ်ပါသည်။
လူတိုင်းအတွက် တမျိုးတည်း မကိုက်ညီပါ — အကြီးစား သုတေသနများအရ မလ်တီဗီတာမင်များသည် ကင်ဆာ၊ နှလုံးရောဂါကို မကာကွယ်နိုင်သလို အများပြည်သူ၏ အသက်ရှည်ရေးကိုလည်း မတိုးတက်စေနိုင်ပါ။
ထိန်းချုပ်မှု မလုံလောက်ခြင်း — အာဟာရဖြည့်စွက်စာများကို ဆေးဝါးများကဲ့သို့ တင်းကျပ်စွာ မထိန်းချုပ်သဖြင့် တံဆိပ်စာတွင် ဖော်ပြထားသည့် အကြောင်းအရာများ အမှန်တကယ် ပါဝင်မှုရှိမရှိ သေချာမဖြစ်နိုင်ပါ။
ဆရာဝန်နှင့် တိုင်ပင်ရန် — အာဟာရဖြည့်စွက်စာ စတင်သောက်မီ အာဟာရချို့တဲ့မှု အမှန်တကယ် ရှိမရှိကို ဆရာဝန် သို့မဟုတ် ကျန်းမာရေးပညာရှင်နှင့် မဖြစ်မနေ တိုင်ပင်သင့်ပါသည်။
အကျဉ်းချုပ်အားဖြင့် လူအများစုအတွက် ကျန်းမာသော အစားအစာတင်ပဲ လုံလောက်ပြီး အာဟာရဖြည့်စွက်စာများကို မကြာခဏ မလိုအပ်ပါ။
(၂)
ဘယ်သူတွေ အာဟာရဖြည့်စွက်စာ လိုအပ်ပါသလဲ
လူ့ခန္ဓာကိုယ်သည် ဘဝကာလအလိုက် အာဟာရလိုအပ်ချက် မတူညီပါ။ အသက်ကြီးလာသည့်အခါ အချို့သော အာဟာရများကို စုပ်ယူ အသုံးချနိုင်စွမ်း လျော့နည်းလာသဖြင့် ဗီတာမင် ဒီ၊ ဗီတာမင် ဘီ ၁၂၊ ကယ်လစီယမ် စသည်တို့ကို ပိုမိုလိုအပ်လာနိုင်ပါသည်။
အစားအစာအချို့ကို ရှောင်ရှားသူများတွင်လည်း အာဟာရထောက်ပံ့မှု လိုအပ်တတ်ပါသည်။ ဗီတာမင် ဘီ ၁၂ သည် တိရစ္ဆာန်ထုတ်ကုန်များတွင်သာ တွေ့ရသဖြင့် အသားမစားသည့် အစားအစာစနစ်ကို လိုက်နာသူများတွင် အစားအစာမှ ဗီတာမင် ဘီ ၁၂ မလုံလောက်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်နေသူများ သို့မဟုတ် ကိုယ်ဝန်ဆောင်နိုင်သူများတွင် ဖောလိတ်အက်ဆစ်ကို သတ်မှတ်ပမာဏ လိုအပ်ပါသည်။ ယင်းသည် မွေးဖွားချိန်တွင် ဖြစ်ပွားနိုင်သည့် အာရုံကြောပိုင်း ချို့ယွင်းမှုအချို့ကို ကာကွယ်ရန် အထောက်အကူပြုပါသည်။ ထို့အပြင် နို့တိုက်ကလေးများတွင် နို့တွင်ပါဝင်သည့် ပမာဏထက် ပိုမိုသော ဗီတာမင် ဒီ လိုအပ်တတ်ပါသည်။
နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာ၊ HIV/AIDS နှင့် ကိုယ်ခံအားဆိုင်ရာ ရောဂါအချို့ ရှိသူများတွင်လည်း ဗီတာမင်နှင့် သတ္တုဓာတ်အချို့ကို ပိုမိုလိုအပ်နိုင်ပါသည်။ သို့သော် မည်သည့် အာဟာရဖြည့်စွက်စာကို သောက်သင့်သည်၊ ပမာဏ မည်မျှ လိုအပ်သည် ဆိုသည်တို့ကို ခန့်မှန်းခြင်း မလုပ်သင့်ဘဲ ကိုယ်ပိုင် ဆရာဝန် သို့မဟုတ် ကျန်းမာရေးပညာရှင်နှင့် ဆွေးနွေးဆုံးဖြတ်သင့်ပါသည်။ သွေးစစ်ဆေးမှုများကလည်း အာဟာရချို့တဲ့မှု ရှိမရှိကို သိရှိရန် အထောက်အကူပြုနိုင်ပါသည်။
မှတ်ချက်
လူတိုင်းတော့ မလိုအပ်ပါ။ မကုန်သင့်တာ အကုန်အောင်၊ တကယ်လိုသူတွေလည်း သိစေအောင် တင်ပြလိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment